လူငယ်တွေ ရည်မှန်းချက်ကြီးကြီး ထားသင့်တဲ့အကြောင်းရင်းများ
လူငယ်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဖြစ်တာကြောင့် နောင်တစ်ချိန်မှာ
ခေါင်းဆောင်လုပ်ကြရမယ့် လူငယ်တွေအနေနဲ့ ရည်မှန်းချက်ကြီးကြီး
ထားရှိသင့်ပါတယ်။ ကြီးမားတဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက် မြင့်မြင့်မားမား
ထားမှသာ ပိုတော်၊ပိုအရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်သလို ပိုမိုကောင်းမွန်တဲ့ နောင်လာနောက်သား မျိုးဆက်တွေအဖြစ်လည်း ရပ်တည်နိုင်ပါလိမ့်မယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ဘယ်လိုအကြောင်းတွေကြောင့် ရည်မှန်းချက်မြင့်မြင့်မားမား ထားသင့်သလည်းဆိုတာကို ပြောပြပေးချင်ပါတယ်။
ရည်မှန်းချက်ကို ရှာတွေ့ဖို့ အရေးကြီးပါတယ်။
ယနေ့ခေတ် လူငယ်အများစုဟာ ခေတ်ကာလရဲ့ အနေအထားအပေါ် မူတည်ပြီး
အဆင်ပြေမယ့်အရာတွေကိုသာ လုပ်ဆောင်နေကြရတဲ့အတွက် မိမိရဲ့တကယ့်ရည်မှန်းချက်ဆိုတာ
ပျောက်ဆုံးနေတတ်ကြပါတယ်။ ဘ၀မှာ အောင်မြင်ပြီး မြင့်မားတဲ့ အဆင့်အတန်းကို
ရောက်ရှိနိုင်ဖို့ရာမှာ အရင်ဆုံး ဘယ်ကိုသွားမယ်ဆိုတဲ့ ဦးတည်ရာ
ရည်မှန်းချက်တစ်ခုတော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်၊
ကိုယ်ဖြစ်ချင်တဲ့အရာကို သေချာစွာ သိရှိမှသာ ထိုအရာအတွက်
အားထုတ်ကြိုးပမ်းနိုင်ပါလိမ့်မယ်။
သူများအောင်မြင်နေတာကို အားကျပြီး တစ်ထပ်တည်း လိုက်လုပ်ရုံနဲ့တော့
အောင်မြင်ဖို့ မသေချာပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကွဲပြားတဲ့
စိတ်ဆန္ဒတွေနဲ့ အိပ်မက်တွေ ရှိကြတဲ့အတွက် မိမိသွားချင်တဲ့ ပန်းတိုင်ကို
ရှာဖွေပြီး သိရှိဖို့က အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်
ဒါဟာ အင်မတန်မှ အဓိပ္ပာယ်ရှိပြီး ကောင်းမွန်တဲ့ မြန်မာစကားပုံလေးတစ်ခု ဖြစ်ပါတယ်။ ရည်မှန်းချက်မြင့်မြင့်မားမား ထားခြင်းဟာ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို ကိုယ်တိုင်မြှင့်တင်ရာရောက်ပြီး
ကိုယ်တိုင်က အောင်မြင်လာတာနဲ့အမျှ မိမိရဲ့ မိသားစု၊ ဆွေမျိုးသားချင်းနဲ့
ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ပါလိမ့်မယ်။ မိမိရဲ့အိပ်မက်က ကြီးမားလေ၊
အောင်မြင်မှု မြင့်မြင့်မားမား ရရှိနိုင်လေဖြစ်ပြီး မိမိနဲ့ ပတ်သက်တဲ့
အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်ကို ပိုမိုထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ
ပေးစွမ်းနိုင်လေ ဖြစ်ပါတယ်။
ရည်မှန်းချက်၊ သို့တည်းမဟုတ်
ဘ၀အိပ်မက်ဆိုတာဟာ တစ်စုံတစ်ယောက်ရဲ့ မျက်ကန်းစိတ်ဆန္ဒကို ခေါ်ဆိုတာ
မဟုတ်ပါဘူး။ ရည်မှန်းချက်ဆိုတာဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့
မျှော်မှန်းထားတဲ့အရာတစ်ခုဖြစ်ပြီး
မိမိတစ်ယောက်တည်းအတွက် မဟုတ်ဘဲ မိသားစုနဲ့ ပတ်ဝန်းကျင်အတွက်ကိုပါ
ပြန်လည်အကျိုးပြုလိုတဲ့ စိတ်ေ်စတနာလည်း ပါဝင်ပါတယ်။ ဥပမာ – လူငယ်တစ်ယောက်ဟာ
ဆရာဝန်ဖြစ်ချင်တယ် ဆိုပါစို့။ ဒီအတိုင်း သူများတွေ ဆရာဝန်လုပ်နေကြတာ
အားကျလို့၊ ကြည့်ကောင်းလို့ ဆရာဝန်လိုက်ဖြစ်ချင်တယ်ဆိုတာထက်
ကိုယ်တိုင်ရဲ့ ဘ၀ခံယူချက်တစ်ခုခုနဲ့ လူမှုဝန်းကျင်ကို ရည်ရွယ်ချက်ရှိရှိ
အကျိုးပြုလိုတဲ့ စိတ်စေတနာနဲ့ စိတ်အားထက်သန်မှု ပါဝင်နေဖို့ လိုအပ်ပါတယ်။
အနာဂတ်အတွက် ကြယ်ပွင့်များ
ယနေ့ခေတ်ရဲ့ လူငယ်တွေဟာ နောင်တစ်ခေတ်ကို ခေါင်းဆောင်ပြီး ဦးဆောင်ဦးရွက်ပြုကြရမယ့်၊
ခေတ်ကြီးကို ပုခုံးပေါ် ထမ်းပြီး အနာဂတ်ဆီသို့ ချီတက်ကြရမယ့်သူတွေ
ဖြစ်ပါတယ်။ အနာဂတ်ရဲ့ ကောင်းကင်ယံမှာ ထွန်းလင်းမယ့် ကြယ်ပွင့်တွေဖြစ်သလို
ခေတ်အဆက်ဆက်က လူသားတို့ရဲ့ အောင်မြင်မှုတွေကို လက်ဆင့်ကမ်း သယ်ယူရမယ့်
အရေးကြီးပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်အတွက် အလွန်အရေးပါတဲ့
အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ လူငယ်တွေအနေနဲ့ တွေဝေမနေဘဲ မိမိလိုချင်တဲ့တဲ့
ပန်းတိုင်ကို ရောက်ဖို့ အားကြိုးမာန်တက် ကြိုးစားသင့်ပါတယ်။
လူတစ်ယောက်ရဲ့ဘ၀ကို အမြင့်မားဆုံးနေရာအထိ ဆွဲခေါ်ယူပေးနိုင်တဲ့ ပညာရေးကို
အထူးအားထုတ် ကြိုးစားပြီး ဘိုးဘွားမိဘ၊ဆရာသမားတွေက
တစ်ဖန်ပြန်လည်အားကိုးရတဲ့ အောင်မြင်မှုသူကြီး ဖြစ်နိုင်အောင်
ရည်မှန်းချက်ထား ကြိုးစားသင့်ပါတယ်။ ကြိုးစားတဲ့သူတိုင်းအတွက်
အခွင့်အရေးရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ သင့်ရည်မှန်းချက်ပန်းတိုင်ကို
ရောက်ရှိနိုင်ဖို့ ပညာရေးအတွက် ထောက်ပံ့မှုတွေ လိုအပ်နေတယ်ဆိုရင်လည်း
အားငယ်မနေပါနဲ့။ ရည်မှန်းချက်မြင့်မားပြီး ပန်းတိုင်တွေ သေသေချာချာ
ရှိနေတဲ့ ပညာကြိုးစားသူ လူငယ်တွေအတွက် ယနေ့ခေတ်မှာ ပညာသင်ဆုတွေလည်း
ရှိနေတာကို သတိရလိုက်ပါ။
credit to shwemon news
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။