Challenge
Steve Job ရဲ့အောင်မြင်ရေးသော့ချက် ၁၀ချက်
၁။ ပုံမှန်ဘဝလေးနဲ့ ကျေနပ်မနေနဲ့
ကျွန်တော် ကလေးဘဝကတည်းက ကြားနေကျ စကားလေးကတော့ “ပုံမှန်လေးပဲနေ၊ ပိုက်ဆံစု၊ အလုပ်ကြိုးစားလုပ်၊ မိသားစုကို ပျော်အောင်ထား” ဆိုတဲ့စကားပါ။
နောက်ပိုင်း သဘောပေါက်လာတာကတော့ လောကမှာ တကယ့်ဘဝအစစ်အမှန်ကို
ရှာဖွေတတ်ဖို့ပဲ။ လောကမှာ လူတွေက သူတို့ စည်းမျဉ်းနဲ့
သူတို့လုပ်ထားတတ်ကြတယ်။ ကြာတော့ ဒါတွေဟာ အမှန်ပါလို့ နောက်လူတွေကပါ
ထင်လာကြတယ်။ ဒီတော့ ကိုယ့်ဘဝအတွက် စည်းမျဉ်းအမှန်ကိုရှာဖွေတတ်ဖို့လိုတယ်။
သူများ မိုးခါးရေသောက်တိုင်း လိုက်သောက်စရာမလိုဘူး။ ပုံမှန်ဘဝဆိုတဲ့ အယူအဆကို ကိုင်လှုပ်ပစ်ကြည့်လိုက်ပါ။ အပြောင်းအလဲအသစ်တွေကို ရင်ဆိုင်ပြီး၊ ပိုပြီး တိုးတက်အောင် လုပ်ဖို့လိုတယ်။
ရှေးဟောင်း အယူအဆအမှားတွေကိုချည်း လက်ကိုင်ထားနေရင် ကျွန်တော်တို့ တိုးတက်သင့်သလောက်မတိုးတက်တော့ဘူး။ ဒီသဘောတရားကိုသာ နားလည်သွားရင် ဘဝကို ဘယ်လိုရှေ့ဆက်ရမယ်၊ ဘယ်လိုပြောင်းလဲပစ်ရမယ်ဆိုတာ သိသွားပြီ၊ ကိုယ်ဘဝဟာ အရင်နဲ့ ဘယ်လိုမှ မတူတော့ဘူး။
၂။ ဝါသနာပါပါ
ကျွန်တော်တို့မှာ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်တဲ့ ဝါသနာအထုံတွေ အပြည့်အ၀ ပါရှိပါတယ်။ အလုပ်တခုကို ရေရှည် အပင်ပန်းခံပြီး လုပ်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဒီအလုပ်ကို ကိုယ်က ဝါသနာမပါဘူး၊ မမြတ်နိုးဘူးဆိုရင် ဘယ်လိုမှ ရေရှည်လုပ်နိုင်မှာ မဟုတ်ပါဘူး။ မဖြစ်မနေလုပ်ရရင်လည်း လုပ်ရင်းနဲ့ အပျော်တွေ ပျောက်ဆုံးလာမယ်၊ လူက စက်ရုပ်လိုဖြစ်လာမယ်၊ နောက်ဆုံးတော့ ဘဝကို အလျော့ပေးချင်တဲ့ စိတ်တွေ ဝင်လာပါလိမ့်မယ်။
ဥပမာ။။ လူတွေ ဘာလို့ အောင်မြင်ကြလဲဆိုရင် ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့တွေ့ ဆက်လုပ်လိုတဲ့ စိတ်ရှိလို့ပဲ၊ ဒါဟာလည်း လုပ်နေတဲ့ အလုပ်ပေါ်မှာ ဝါသနာရော၊ မြတ်နိုးမှုရော ရှိနေလို့ပါ။ ဒီလိုမဟုတ်တဲ့ လူတွေကတော့ အခက်အခဲကလေး နည်းနည်းတွေ့ရင်တောင်မှ လက်လျော့ချင်နေကြပြီ။ ဒီတော့ အောင်မြင်မှုဆိုတာ တကယ့်ကို အခက်အခဲတွေ၊ စိတ်ပူပင်စရာတွေ၊ စိတ်ဖိစီးမှုဒဏ်တွေကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းရတဲ့အလုပ်ပါ။ ဒီလို လုပ်ရတာကို မကြိုက်ရင်တော့ အမြဲသာမန် ဘဝနဲ့ နေပြီး ရှုံးနိမ့်နေဦးမှာပဲ။
၃။ ကိုယ့်ဘဝကို ကိုယ့်ဘာသာပုံဖေါ်ပါ
ကိုယ့်ရဲ့ အလုပ်၊ ဘဝနဲ့ ပတ်ဝန်းကျင်ကို ကိုယ်ကြိုက်တဲ့ပုံဖြစ်အောင် ပုံဖေါ်ယူပါ။ ကျွန်တော် ငယ်စဉ် Mac Computer စတီထွင်ဖို့အတွက် အလုပ်ရုံမရှိတော့ အိမ်က ကားဂိုဒေါင် အဟောင်းလုံး ထဲမှာပဲ ရှိသမျှ ပစ္စည်းတွေ ရှာကြံပြီး လုပ်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက အခုလို အရမ်းကောင်းတဲ့၊ အရမ်းမြန်တဲ့ စက်ပစ္စည်းတွေ မရှိခဲ့ဘူး၊ Software တခုခု ကိုရေးလိုက်ရင် နာရီ ၄၀ လောက် ကြာပြီး၊ အဲ့ဒါကို ပြန်ပြီး အမှားတွေ ပြင်ဖို့ နောက်ထပ် နာရီ ၂၀ ပြန်ကြာတယ်။
ဒီလိုနဲ့ ကျွန်တော် အားမလျှော့ပဲ ဆက်ကြိုးစားခဲ့တယ်။ ဒီလို ဆောက်ပြီးတော့လည်း ကျွန်တော်တို့မှာ Marketing ဆိုတာ ဘာမှ မသိပါဘူး။ ကိုယ့်ပစ္စည်းကို ဘယ်လိုရောင်းရမယ်၊ ဘယ်မှာ ရောင်းရမယ်ဆိုတာ မကြားဘူး၊ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆိုင်တွေကို ဒီ Computer အလေးကြီးမပြီး လိုက်စပ်တယ်။ နောက်ဆုံး ဒီစက်ကို ကြိုက်တဲ့ ဆိုင်ပိုင်ရှင် တဦးနဲ့ တွေ့တော့မှ ရောင်းဖြစ်တယ်။ သူက ဒီလို စက်အများကြီး ထပ်လိုတယ်ပြောပါတယ်။ အဲ့ဒီကတည်းက သိလိုက်ပါတယ်၊ ဒီစက်ဟာ ရောင်းရတော့မယ်ဆိုပြီး ကျွန်တော့်မျက်စိထဲမှာ ဒေါ်လာတွေ မြင်နေရတယ်။
ဒါပေမယ့် ဒီလိုစက်ကို ဆောက်ဖို့ကျွန်တော်တို့မှာ လူအင်အားရော၊ ပစ္စည်းအင်အားရော မလုံလောက်ဘူး။ ဒါနဲ့ မျက်စိမှိတ်ခေါင်းညိတ်ခဲ့ပြီး ရသမျှလူတွေဆီက အကြွေးပတ်ယူ၊ ရသမျှ စက်ပစ္စည်းအဟောင်းတွေ ဖြုတ်တပ်ဆင်ပြီး ကျွန်တော်တို့ရဲ့ ပထမဦးဆုံး စီးပွားရေး အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ အရှိန်ရလာပြီး ဆက်တိုက်မှာယူသူတွေများလာပြီး Apple Company ရယ်လို့ ကျွန်တော်တို့ ထောင်ဖြစ်သွားပါတယ်။ ဒီတော့ အရှိန်ဆိုတာ ရလာပါလိမ့်မယ်၊ ကျွန်တော်တို့ ဆက်လုပ်ဖြစ်နေဖို့ပဲလိုတယ်။
၎။ အစုတ်တွေ မရောင်းနဲ့
တခါက Apple နဲ့ NIKE Company (အားကစား သမား ဖိနပ်ရောင်း Company) တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြပါတယ်။ ဒီပူးပေါင်းမှု အောင်မြင်ပြီး CEO အချင်းချင်း ဖုန်းဆက်ပြီး ရှေ့ရေးအတွက် စကားစမြည်ပြော၊ ပူးပေါင်းမှုအတွက်ကျေးဇူးတင်စကား ဖလှယ်နေကြပါတယ်။ ပြောနေရင်း ဖုန်းချခါနီးမှာ NIKE ရဲ့ CEO က Steve Jobs ကိုမေးပါတယ်။ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို အခြား အကြံပေးချင်တာများရှိလားမသိဘူး။ Steve Jobs ကပြန်ပြီး၊ မရှိပါဘူး။ NIKE က ကမ္ဘာ့ထိပ်တန်းအကောင်းဆုံး Company တခုပါ။ နောက် ခဏ ရပ်သွားပါတယ်။ ပြီးတော့ ဆက်ပြောပါတယ်။ “အင်း..တခုတော့ရှိတယ်ဗျာ။ ခင်ဗျားတို့က တကယ်ကောင်းတဲ့ အရည်အသွေးမြင့် လှပတဲ့ ဖိနပ်တွေကို ထုတ်ပါတယ်။ ဒါအင်မတန် ကောင်းပါတယ်။ဒါပေမယ့်… ခင်ဗျားတို့ တကယ့် အစုတ် အညံ့တွေလည်း ထုတ်တယ်ဗျာ။ ဒီတော့ ဒီလို အစုတ်တွေပေါ် အာရုံစိုက်နေမယ့်အစား၊ တကယ့် အရည်အသွေးကောင်းတဲ့ ဖိနပ်တွေ ပိုထုတ်ဖို့ကို အာရုံစိုက်သင့်တယ်”။ NIKE CEO ကတော့ လူကြီးချင်းစတယ်ထင်ပြီး ဒီစကားရဲ့အဆုံးမှာ ရယ်သံလေးကြားရမလားလို့ စောင့်နားထောင်နေပါသေးတယ်၊ ဒါပေမယ့် Steve Jobs က မရယ်ခဲ့ပါဘူး။ သူအတည်ပြောနေခဲ့တာပါ။
၅။ အကောင်းဆုံး Team ဖွဲ့ပါ
အကောင်းဆုံး လူတွေဟာ ကိုယ့်ဟာကိုယ် ထိန်းသိမ်းတတ်ပါတယ်။ ဘယ် Manager မှ နောက်က လိုက်ကြည့်နေဖို့မလိုပါဘူး။ သူတို့က ဘာလုပ်ရမယ်ဆိုတာသာ သေချာသိရင်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ဘာသာသူတို့ ရှာဖွေပါလိမ့်မယ်။ သူတို့လိုနေတာတခု က အမြင်တူတဲ့ အနာဂတ်ပန်းတိုင်တခုပါ။ ဒါပဲ အမှန်လိုနေတာပါ။ ဒါကလည်း Leader တွေရဲ့ တာဝန်ပါ။ Leader ဆိုတာ ဒီ ပန်းတိုင်ကို ဦးစွာသိပြီး၊ ကိုယ့်လို အခြား လူတွေ သဘောပေါက်နားလည် လက်ခံအောင် ကျေကျေလည်လည် ရှင်းပြနိုင်ဖို့လိုပါတယ်။ ပြီးတော့ လူတွေဆီက အကြံပြုချက်ကိုလည်း နားထောင် လက်ခံပေးတတ်ဖို့လိုပါတယ်။ အတော်ဆုံးဆိုတဲ့လူတွေကို ငှားဖို့မလိုပါဘူး၊ ဒါပေမယ့် လက်ရှိ အလုပ်ကို စိတ်အပါဝင်ဆုံးနဲ့ ဘယ်လိုပဲအခက်အခဲရှိပါစေ အားသွန်ခွန်စိုက်လုပ်မယ်ဆိုတဲ့ စိတ်ရှိတဲ့လူတွေပဲလိုတယ်။
Apple မှာ ကျွန်တော်တို့ ဒီနည်းပညာအကြောင်း ဘာမှ မသိဘဲ၊ စီမံတာမှာတော့ အင်မတန် ကျွမ်းကျင်တယ်ဆိုတဲ့ Manager တွေ မခန့်ပါဘူး။ ဒီမှာ လုပ်ကျတဲ့ Engineer တွေက လူတော်တွေပါ၊ သူတို့ကို စီမံဖို့ ဒီမှာ လာလုပ်ကြတာမဟုတ်ပါဘူး၊ သူတို့ ဘာတွေ ထပ်သင်ယူနိုင်လဲဆိုပြီး လာလုပ်ကြတာပါ။ ဒီတော့ ကျွန်တော်တို့ အကောင်းဆုံး Company တွေ တည်ဆောက်ချင်တယ်ဆိုရင် အကောင်းဆုံး Team တွေကို အရင် တည်ဆောက်တတ်ဖို့လိုတယ်။
၆။ ပိုက်ဆံ အတွက် မလုပ်နဲ့
ကျွန်တော် Apple Company စထောင်ပြီး နောက် အသက် ၂၃ နှစ်မှာ 1 Million ရှာနိုင်ခဲ့ပါတယ်၊ ၂၄ နှစ်မှာ 10 Millions နဲ့ ၂၅ နှစ်မှာ 100 Millions ရခဲ့ပါတယ်။ ကျွန်တော် အခုထိ အတွေးနဲ့ လုပ်ခဲ့တဲ့အလုပ်တွေက ပိုက်ဆံကြောင့်မဟုတ်ခဲ့ပါဘူး။ ဘယ်တော့မှ ကျွန်တော် ပိုက်ဆံတခုထဲအတွက် မလုပ်ဘူး။
ပိုက်ဆံဆိုတာ အင်မတန် ကောင်းတဲ့ အရာဝတ္ထုတခုပါ။ ဒါကို ကျွန်တော်မငြင်းပါဘူး။ ပိုက်ဆံရှိလို့ ကျွန်တော်တို့စားလို့ရတယ်၊ ဝတ်လို့ရတယ်၊ များရင် ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို လွယ်လွယ်ကူကူ အကောင်အထည်ဖေါ်လို့ရတယ်။ ဒါပေမယ့် အရေးကြီးဆုံးတော့ မဟုတ်ပါဘူး။
ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ဒီ Apple Company ရယ်၊ ကျွန်တော့်အောက်မှာ လုပ်နေကျတဲ့လူတွေရယ်၊ ကျွန်တော်တို့ ကြိုးစားထုတ်နေတဲ့ ကုန်ပစ္စည်းတွေပါ။
၇။ ကိုယ်ထုတ်တဲ့ ပစ္စည်းအပေါ်/ ကိုယ်လုပ်တဲ့ အလုပ်အပေါ် ဂုဏ်ယူပါ
ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုတဲ့ ပစ္စည်းကိုထုတ်ပြီး၊ ဒီပစ္စည်းအတွက် ဂုဏ်ယူနေချင်တယ်၊ ဒီပစ္စည်းကို ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုတောင် သုံးကြဖို့ တိုက်တွန်းနိုင်တဲ့ အမျိုးအစားမျိုးဖြစ်ရမယ်။
ပြီးတော့ တတ်နိုင်သမျှ ဈေးအနည်းဆုံးနဲ့ ရောင်းချချင်တယ်။ ဒါကျွန်တော်တို့ တကယ်ကြိုးစားနေတဲ့အရာပါ။ တကယ်လို့ ကျွန်တော်တို့ ထုတ်တဲ့ ပစ္စည်းဟာ ကိုယ့်မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုတောင်မှ သုံးဖို့ မတိုက်တွန်းဝံ့ဘူးဆိုရင် ကျွန်တော်တို့ ဒါတွေကို မဖြန့်ချီပါဘူး။ ကျွန်တော်တို့ Company မှာ ဒီလို တိုင်းတာတဲ့ စံညွှန်းတွေရှိပါတယ်။ ကြိုက်တဲ့ ဘယ်ပစ္စည်းနဲ့မဆို ကျွန်တော်တို့ ယှဉ်လို့ရပါတယ်။
၈။ သုံးစွဲသူအတွက်ထုတ်ပါ
ဆိုကြပါစို့…ကျွန်တော်တို့ ပစ္စည်းတခုခုကို ထုတ်ပြီး၊ ဒီပစ္စည်းကို သုံးစွဲသူတွေကို ဘယ်လို သုံးရမယ်၊ ဘယ်လို အလုပ်လုပ်တယ်လို့ ကြော်ငြာလိုက်လို့ရတယ်။ ဒါက လွယ်တယ်ဗျ။ ဘာက ခက်တာလဲဆိုရင် လက်ရှိ ဈေးကွက်နဲ့ ကိုက်ညီပြီး လက်တွေ့ အံဝင်ဂွင်ကျ ဖြစ်စေမယ့်၊ ၁နှစ်ကိုလည်း 8 Billions လောက် ရောင်းအားရှိတဲ့ ပစ္စည်းမျိုးကို ထုတ်ပါဆိုရင်တော့ အရမ်းခက်သွားပြီ။ ဒါကျွန်တော်တို့ Company ကလုပ်နေတဲ့ အလုပ်ပါ။ သုံးစွဲသူ ဘာလိုတယ်ဆိုတာက စပြီးမှ၊ နည်းပညာနဲ့ ဘယ်လိုထောက်ပံ့သင့်သလဲဆိုပြီး နောက်ပြန် ပြန်ပြီး ပစ္စည်းထုတ်ရတာပါ။
နည်းပညာအသစ်ပေါ်လို့၊ ဒါနဲ့စပြီး သူ့ကိုသုံးမယ့် သုံးစွဲသူတွေ လိုက်ရှာနေရရင် အလုပ်မဖြစ်တော့ပါဘူး။ ဒီလို မသိလို့ ခံခဲ့ရတဲ့ ဒဏ်ရာတွေ ကျွန်တော့်မှာ ဒုနဲ့ဒေးပါ။ ဒီတော့ Apple အတွက် ကျွန်တော် နည်းဗျူဟာ အသစ်တခု အစားထိုးသုံးလိုက်ပါတယ်။ ပစ္စည်းတခုထုတ်မယ်ကြံတိုင်း ကျွန်တော်တို့ “ငါတို့ သုံးစွဲသူတွေကို ဘယ်လို သူမတူခြားနားတဲ့ ကောင်းကျိုးတွေ ပေးနိုင်လဲ” ဆိုပြီး စမေးခွန်းထုတ်ပါတယ်။
၉။ Marketing ဆိုတာ အကျိုးရှိအောင်လုပ်ပေးခြင်းပဲ
Marketing ဆိုတာ အကျိုးရှိအောင် လုပ်ပေးခြင်းပဲ။ Marketing ကဏ္ဍက အရမ်းဆူတယ်။ လူတွေ ကျွန်တော်တို့ Company ကိုမှတ်မိဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး။ ဘယ် Company မှ မရဘူး။ ဒီတော့ လူတွေကို ကျွန်တော်တို့ရဲ့ ဘယ်အကြောင်းကို သိစေချင်တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုတယ်။
Apple Company ဆိုတာ ကမ္ဘာမှာ လက်ချိုးရေလို့ရတဲ့ အကောင်းဆုံး Company တွေထဲက တခုပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်တွေက ဒီလို မရှင်းမလင်းခဲ့တာတွေကြောင့် Marketing မှာ အများကြီးသုံးပြီး၊ ဈေးကွက်တွေ ပျောက်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ Marketing စနစ်ကို ပြောင်းလဲဖို့လိုပြီ။
NIKE ကိုကြည့်ပါ။ အကောင်းဆုံး လူသုံးကုန် ပစ္စည်း (ဖိနပ်) ရောင်းတဲ့ Company ပါ။ ဒါပေမယ့် လူတွေက NIKE လို့တွေးလိုက်ရင် ဖိနပ်လို့မမြင်ကြဘူး၊ မတူတဲ့ ဖီလင် တမျိုးနဲ့ တွေးကြတယ်။ သာမာန် ဖိနပ်မဟုတ်ဘူး။ NIKE ရဲ့ ကြော်ငြာမှာ တခုမှ သူ့ဖိနပ်အကြောင်းမပါဘူး။ ထင်ရှားကျော်ကြားတဲ့ အားကစား သမားတွေကို ဂုဏ်ယူရအောင်၊ အားကစားကို မြတ်နိုးရအောင် ရိုက်ပြတာတွေပဲ ပါတယ်။ သူတို့ရဲ့ ရပ်တည်မှုကရှင်းတယ် သူတို့ဟာ အားကစားသမားတွေကို လေးစားတဲ့လူတွေ။ ဒါပဲ။
ဒီတော့ ကျွန်တော်တို့လည်း အခု ဈေးကွက်မှာ ဘယ်နေရာကနေ ဘယ်လို အဆင့်မျိုးနဲ့ ရပ်တည်မလဲ။ ဒီတော့ ကျွန်တော်တို့ အပြန်ပြန်အလှန်လှန်သုံးသပ်ပြီး ရွေးချယ်ထားတယ်၊ Apple ရဲ့ အဓီက ရပ်တည်မှုက “ဝါသနာ အရင်းခံနဲ့၊ စိတ်ဓာတ်ပြင်းထန်စွာ လုပ်တဲ့လူတွေဟာ ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲအောင် လုပ်နိုင်တယ်” ဆိုတဲ့ အချက်ပဲ။ ဒီအချက်ကို မမေ့ကြစေနဲ့။ ကျွန်တော်တို့ နည်းပညာတွေ၊ ဗျူဟာတွေ၊ Marketing တွေ ဘယ်လောက်ပဲပြောင်းပြောင်း ဒီ ရပ်တည်မှု မပြောင်းသွားစေနဲ့။
၁၀။ ဆာလောင်နေပါစေ၊ ရှုးသွပ်နေပါစေ
ကျွန်တော့်အကြောင်း ပုံပြင်လေး ၃ ခု ပြောပြချင်ပါတယ်။
၁။ မှင်စက်လေးတွေ လိုက်ဆက်ဖို့
ကျွန်တော့်ကို ငယ်ငယ်ကတည်းက မွေးစား ခံခဲ့ရပါတယ်။ မွေးစားတဲ့ မိဘတွေက ပညာမတတ်တော့ ကျွန်တော် အရွယ်ရောက်ချိန်မှာ လူတန်းစေ့အောင်ထားပြီး ကျောင်းတက်နိုင်ဖို့ သူတို့တွေ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့ရဲ့ အမေ၊အဖေတွေ ချွေးနည်းစာနဲ့ ရလာတဲ့ ဒီပိုက်ဆံတွေကို ကျွန်တော့်ကောင်းကျိုးတခုတည်းအတွက်သုံးပြီး ကျောင်းတက်ဖို့ ကျွန်တော် မဝံ့ရဲခဲ့ပါဘူး။
ဒီပိုက်ဆံတွေဟာ ကျောင်းတက်ပြီး ဘွဲ့လေးတခုရဖို့အတွက် မတန်ဘူးလို့ဆုံးဖြတ်ပြီး ကျွန်တော် ကျောင်းထွက်ခဲ့ပါတယ်။ ရရာအတန်းတွေ၊ ပိုက်ဆံ မပေးရတဲ့ အတန်းတွေကို လိုက်တက်ရင်း ကျွန်တော်စိတ်ဝင်စားတဲ့ လက်ရေးလှဆွဲနည်းပညာကို လေ့လာခဲ့ပါတယ်။ ကျွန်တော် ဒီလို တက်ရဖို့အတွက် ကျွန်တော့်သူငယ်ချင်းရဲ့ ကြမ်းပြင်မှာ အိပ်ခဲ့ရပါတယ်၊ ဘူးခွံလေးတွေစုပြီး ထမင်းစားရဖို့ ပိုက်ဆံရှာခဲ့ပါတယ်၊ ၇ မိုင်ဝေးတဲ့ တပတ်မှ တခါသာ ကျွေးတဲ့ ဘုရားကျောင်းက ထမင်းကောင်းကောင်းကို စားရဖို့ အပတ်စဉ် လမ်းလျှောက်သွားခဲ့ရပါတယ်။
ဒီခက်ခဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ပေမယ့် နောင် Apple Computer စထွင်တဲ့အချိန်မှာ ဘယ်မှာမှ မပေါ်ဖူးသေးတဲ့ Computer စာလုံးအလှကို ဒီလိုကိုယ်တတ်မြောက်ခဲ့တဲ့ ပညာပေါ် အခြေခံပြီး တီထွင်နိုင်ခဲ့ပါတယ်။ အခုလို နောက်ကို ပြန်ကြည့်တဲ့အချိန်မှာမှ ငါတက်ခဲ့တာ မှန်ခဲ့လေခြင်းလို့ အောက်မေ့မိပါတယ်။ ဒါကြောင့် ဘဝမှာ မှင်စက်တွေ ကျပါလိမ့်မယ်။ သူတို့တွေ ရှေ့မှာ ဘယ်လို ဆက်ကြဦးမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ နောက်ပြန်ပဲ ဒီမှင်စက်တွေကို ပြန်ဆက်လို့ရပါတယ်။
၂။ အချစ်နဲ့ အရှုံးပါ
ကျွန်တော် ကံကောင်းစွာနဲ့ ကျွန်တော် ချစ်မြတ်နိုးတဲ့ အလုပ်ကို စောစီးစွာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို လုပ်ကိုင်ရင်း ကိုယ်ထောင်ခဲ့တဲ့ Company ကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ ရေရေလည်လည် ခံစားရပြီး ၁၀လ လောက် ဖြေမဆည်နိုင်ဖြစ်ခဲ့ပါတယ်။ ဒီ Computer လောကကနေတောင် ထွက်သွားဖို့အထိ ကြံရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို ကျွန်တော်မြတ်နိုးတယ်ဗျ၊ ကျွန်တော့်ကို ဝိုင်းပယ်တာတောင် ကျွန်တော်မြတ်နိုးတုန်းပဲ။
ဒီလို ကိုယ်တည်ထောင်ခဲ့တဲ့ Company ကနေ ကိုယ့်ကို ပြန်ကန်ထုတ်ခံရတာကိုက ကျွန်တော့်အတွက် အကောင်းပြန်ဖန်လာတာပါပဲ။ ဒီတော့ အစက ပြန်စပါတယ်။ ကျွန်တော် NeXT ဆိုတဲ့ Computer Company နဲ့ Pixar ဆိုတဲ့ ရုပ်ရှင်အဖွဲ့ကို ထူထောင်လိုက်နိုင်ပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့ ဘ၀အဖော်မွန်ဖြစ်လာမယ့် အမျိုးသမီး Laurene နဲ့ စတွေ့ဖြစ်တာပါပဲ။ တခါတလေတော့ ကျွန်တော်တို့ ဆေးခါးကြီးကို ရောဂါပျောက်ဖို့ မျိုရတတ်တယ်ဗျာ။
ဒီတော့ အကြံပေးချင်တာက ကျွန်တော်တို့ ဘာကို မြတ်နိုးသလဲဆိုတာ အားမလျှော့ပဲ ရှာနေဖို့လိုတယ်၊ အလုပ်ရော၊ ဘ၀အဖော်မွန်ရောပေါ့။ မတွေ့သေးဘူးဆိုရင် ဆက်ရှာပါ။ ဘယ်တော့မှ ရေစုံမမျောပါနဲ့။
၃။ သေမင်း
ကျွန်တော် ၁၇ နှစ်သားမှာ စာသားလေးတခုကို ကျွန်တော် အမှတ်မထင် ဖတ်မိပြီး ကြိုက်သွားတယ်။
ဒီနေ့ကိုသာ မင်းဘဝရဲ့ နောက်ဆုံးနေ့လို့ တွေးထားတတ်ရင်၊ နောင်တချိန်ချိန်မှာ ဒီအတွေးက အမှန်ဖြစ်လာလိမ့်မယ် တဲ့။ ဒီစကားလုံးက ကျွန်တော့်ရင်ကို ထိတယ်။ အဲဒီနေ့ကစပြီး နောင် နှစ်ပေါင်း ၃၃ နှစ်ကြာတဲ့အခုအထိ နေ့တိုင်း ကိုယ့်ကိုယ်ကို မေးဖြစ်တယ်။
ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့ဆိုရင် အခုဒီနေ့လုပ်မယ့် အရာတွေကို ငါလုပ်မလားဆိုပြီး။ အကယ်၍ ကျွန်တော်ပြန်ဖြေတဲ့ အဖြေဟာ မဟုတ်ဘူးဆိုတာ များလာရင်၊ သေချာတယ် ကျွန်တော်တခုခု ပြောင်းလဲရတော့မယ်ဆိုတာ သိတယ်။ ဒီလို သေမင်းဆိုတာ တနေ့ကိုယ်စီလာမယ်ဆိုတာကို နေ့စဉ် သိထားတဲ့အတွက် ကျွန်တော်ဆုံးဖြတ်ချက်ချရာမှာ အလွန်လွယ်ကူလာတယ်။ သေမင်းလာရင် ဝိုင်းပယ်တာတွေ၊ အရှုံးတွေ၊ အထင်အမြင်တွေဟာ အားလုံး အဝေးကို တိုက်စားခံလိုက်ရမှာပဲ။
နောက်ဆုံး အနေနဲ့ ကျွန်တော်အကြိုက်ဆုံး စကားလုံးလေးတခုကို လက်ဆင့်ကမ်းပေးလိုက်ပါရစေ။
~~~~~~~~~~~~~~”ဆာလောင်နေပါစေ၊ ရှုးသွပ်နေပါစေ” ~~~~~~~~~~~
Credit ko thu ra

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။