Nine Nine Sanay @ နိုင်းနိုင်းစနေ
ဆိုက်ဘေးရီးယား ဝံပုလွေခုနစ်ကောင် အဆက်(၁)
____________________________
ပဉ္စမမြောက်နေ့ မနက်ပိုင်းတွင် ထူထည်းသောတဲအိမ်တံခါးကို Ivanတွန်းဖွင့်လိုက်သည်နှင့် ၁ဝမီတာအကွာတွင် ဝံပုလွေနှစ်ကောင်ထိုင်နေသည်ကို တွေ့လိုက်သည်။ သူနှင့် ဝံပုလွေမှာ နှစ်နားညီတြိဂံပုံစံ အနေအထားဖြစ်နေသည်။ ဝံပုလွေက သူ့အား စိုက်ကြည့်နေကြသည်။ ထိုဝံပုလွေနှစ်ကောင်မှာ သူကန်ထုတ်ခဲ့သော ဝံပုလွေဖြစ်သည်။ အနံ့အာရုံခံပြီး လိုက်လာခဲ့ပုံရသည်။ သူတို့၏ပုံစံမှာ လက်စားချေမည့်ပုံမပေါက်ဘဲ အညံ့ခံ နာခံသည့်ပုံ၊ အစာတောင်းသည့်ပုံပေါက်နေသည်။ Ivanက အစာတချို့ ပစ်ပေးလိုက်သည်။ ဝံပုလွေနှစ်ကောင်က အစာကို အငမ်းမရစားကြသည်။ ဝံပုလွေအထီးကို “အာဒံ”၊ ဝံပုလွေမကို “ဧဝ”ဟု သူအမည်ပေးလိုက်သည်။
ဝံပုလွေနှစ်ကောင်က ၄,၅ ရက်တစ်ကြိမ် အစာလာတောင်းကြသည်။ အစာလာတောင်းတိုင်း ကျေကျေနပ်နပ် စားကြရသည်။ ၃လလွန်သောအခါ အာဒံနှင့်ဧဝမှာ Ivanအပေါ် ထိတ်လန့်ကြောက်ရွံ့မှုဖြစ်မနေတော့ဘဲ Ivanနှင့်အတူ သစ်သားအိမ်ငယ်လေးတွင် နေထိုင်ကြပြီး ဆိုက်ဘေးရီးယား၏ ရှည်လျားသော နှင်းခဲရာသီ(၈)လတာကို အတူတကွဖြတ်သန်းခဲ့ကြသည်။
နှင်းများအရည်ပျော်သော နွေရာသီတွင် အာဒံနှင့်ဧဝမှာ ထင်းရှူးတောထဲ ပြန်လည်ခိုဝင်သွားကြသည်။ ဒုတိယနှစ် ဆောင်းရာသီရောက်ခဲ့ပြန်သည်။ နှင်းမုန်တိုင်းကျသော ညတစ်ညတွင် အာဒံ ဧဝနှင့်အတူ ဝံပုလွေသားပေါက် ငါးကောင်ပါလာခဲ့သည်။ ဝံပုလွေလေးများမှာ ကြမ်းကြုတ်သော ဘဝရှင်သန်မှုယှဉ်ပြိုင်ပွဲများ မကြုံတွေ့ဖူးသေးတာကြောင့် လူကိုခင်တွယ်သည်။ Ivan၏ပေါင်ပေါ်သို့ အသီးသီး တွားတက်ဆော့ကစားကြသည်။ ဝံပုလွေလေးများကိုကြည့်ပြီး Ivan မျက်ရည်ဝဲမိသည်။ သက်ပြင်းတစ်ချက် သူချလိုက်ပြီး
“အာဒံနဲ့ဧဝ… မင်းတို့တစ်မိသားစုလုံး ငါ့ဆီလာခိုလှုံကြပြီဆိုတော့ ငါနဲ့အတူတူ ဘဝကိုဖြတ်သန်းကြတာပေါ့”ဟုဆိုသည်။
ဝံပုလွေခုနစ်ကောင်အတွက် အစာရေစာဒုက္ခက Ivanအား ဖိစီးနှိပ်စက်နေသည်။ အစာအတွက် မြစ်ပြင်ပေါ်ရှိ ရေခဲများအရည်ပျော်အောင် ထင်းမီးများဖြင့်အပူပေးပြီး တွင်းတစ်တွင်း သူဖောက်လိုက်သည်။ ထိုတွင်းသို့ ဂုန်နီကြိုးစများချကာ ငါးမျှားတော့သည်။ ထူထည်းထည်းရေခဲများဖြင့် ဖိနှိပ်ခံထားရသော ငါးများက တွင်းဝမှတဆင့်ဝင်လာသော အလင်းတန်းကို ရုတ်တရက်တွေ့လိုက်သည်နှင့် သူ့ထက်ငါအလုအယက် တိုးဝှေ့ပြီး မျှားစာကို လုစားကြတော့သည်။ ပထမဆုံးရသောအကောင်မှာ အကြေးခွံမပါသောငါးဖြစ်သည်။ ၁ဝပေါင်လောက်ရှိမည်။ ငါးမှာ ရေခဲပြင်ပေါ်တွင် အမြီး၃ချက်မျှလှုပ်ပြီး အေးခဲငြိမ်သက်သွားသည်။ သုညအောက် ၄ဝဒီဂရီကျော်အေးသော ရာသီဆိုးပေပဲလေ။
ဝံပုလွေများ ဆာလောင်နေကြသည်။ အချင်းချင်း လုယက်စားကြသည်။ ငါးတစ်ကောင်မှာ ၃မိနစ်မျှမကြာဘဲ ဗိုက်ထဲရောက်ကုန်ကြသည်။ ဘေဘီဟု Ivan အမည်ပေးထားသော အငယ်ဆုံးကောင်မှာ ပိုဆိုးသည်။ ထိုင်နေသော Ivan နောက်ကျောသို့ တွားတက်လာပြီး Ivan၏ ခွေးသရေဦးထုပ်ပေါ်တွင် ထိုင်ချလိုက်သည်။ ပြီးမှ “ဝူး.. ဝူး”နှင့်လျှောက်အော်ပြီး သူ့ညီအစ်ကို ဝံပုလွေလေးများအား သူ၏အားရကျေနပ်မှုကို ထုတ်ပြနေခဲ့သည်။
Ivanမျှားထားသော ငါးများမှာ တောင်ပို့တစ်ခုနှင့်တူနေသည်။ အားလုံးပေါင်း ကီလို ၅ဝဝရှိမည်။ သစ်ခက်များဖြင့် ဆွဲလှည်းတစ်ခု သူလုပ်လိုက်သည်။ ငါးများကို ဆွဲလှည်းပေါ်တင်ပြီး ဂုန်နီကြိုးကိုအသုံးပြုကာ ဝံပုလွေခုနှစ်ကောင်ဖြင့် သစ်သားအိမ်သို့ ဆွဲပြန်လာခဲ့သည်။
နွေရာသီအရောက်တွင် Ivanက ဝံပုလွေများကို သဘာဝနှင့်ဖက်တွယ်စေရန် ထင်းရှူးတောထဲလွှတ်လိုက်သည်။
တစ်နေ့တွင် Ivanက ထင်းရှူးတောထဲဝင်ပြီး “အိုး….ဝူး”ဟု ကျယ်လောင်စွာဟိန်းလိုက်သည်။ အာဒံ၊ ဧဝနှင့် အရွယ်ရောက်ပြီဖြစ်သော ဝံပုလွေငယ်များက အသံရှိရာဖက်သို့ ပြေးလာကြသည်။ Ivanကို မြင်သောအခါ ဝမ်းသာအားရ ခုန်ကြ၊ အော်ကြ၊ အူကြသည်။ ဝံပုလွေငယ်များ အဆော့သန်သလောက် အာဒံ ဧဝမှာ တည်တည်တံတံနှင့် Ivan ၏လက်အစုံကိုသာ လျာဖြင့်ရက်ကြသည်။ ဆိုက်ဘေးရီးယားမှ ခြေနှစ်ချောင်းဝံပုလွေအရှင်သခင်အား ကျေးဇူးတင်ကြောင်း၊ သံယောဇဉ်ရှိကြောင်း သူတို့ထုတ်ဖော်ပြသနေကြသည်။ ဝံပုလွေတပ်များကို ကြည့်ပြီး Ivan ခေါင်းထဲ အသိတစ်ချက် လင်းခနဲဝင်သွားသည်။
“ဆိုက်ဘေးရီးယားကနေ ငါလွတ်မြောက်နိုင်တယ်”
Ivan အလုပ်ပိုကြိုးစားလုပ်သည်။ ကြွက်တစ်ကောင်ကဲ့သို့ တွင်းတစ်တွင်းတွင် အစာများ အပြင်းအထန်စုဆောင်းသည်။ သိပ်မကြာမီအချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံး လေနှင့်အတူ နှင်းများလိမ့်ထလာခဲ့သည်။ အေးခဲဆိုးဝါးသော ရာသီဥတုက ဆိုက်ဘေးရီးယားသို့ ကျရောက်ခဲ့ပြန်သည်။ အာဒံနှင့်ဧဝမှာ အရွယ်ရောက်ဝံပုလွေများအတူ Ivan ၏တဲအိမ်တွင် လာရောက်ဆောင်းခိုပြန်သည်။ Ivanက အငယ်ဆုံးဝံပုလွေအားဖက်ပြီး “အင်း.. ကလေးတို့ရေ… မင်းတို့ရဲ့အရိုးက နုသေးတယ်ကွ၊ ငါတို့တစ်နှစ်လောက် ထပ်စောင့်လိုက်ရအောင်”ဟုဆိုသည်။
ဒီတစ်ဆောင်းလုံး ဝံပုလွေများကို ငါးထည့်လှည်းဆွဲပြီး လေ့ကျင့်ပေးဖို့ Ivanဆုံးဖြတ်လိုက်သည်။ ဝံပုလွေများက Ivan မျှား၍ရသောငါးများကို မြစ်မှအိမ်သို့ နေ့တိုင်းဆွဲပြန်ကြသည်။ အာဒံနှင့်ဧဝက ဘေးတစ်ဘက်တစ်ချက်စီတွင်နေပြီး ဝံပုလွေငယ်ငါးကောင်က အလယ်တွင်နေသည်။ အားလုံး၏ လှုပ်ရှားမှုများက ရက်ကြာလေ ညီညွှတ်မှုရှိလေဖြစ်နေခဲ့သည်။
*** ဆက်ရန်ရှိပါသေးတယ်။ စာမျက်နှာ ၆မျက်နှာလောက်ရှိမယ်။ အားရင်အားသလို တစ်နေ့နည်းနည်းချင်းရေးပြီး တင်မယ်။ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
မူရင်းရေးသားသူ -- တရုတ်စာရေးဆရာ Cai Zhen Xing (蔡振興)
နိုင်းနိုင်းစနေ( 12.July.2013)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။