FOOD Magazine
Kitchen Variety
..............................
နိုင်းနိုင်းစနေ မီးဖိုချောင်
..............................
ပင်စိမ်းသီးနမ့်ဖစ်ထောင်း
..................................
အခုတလော စားစရာတွေပဲ တင်ဖြစ်နေတယ်။
... မရည်ရွယ်ပါဘူး။ စားရဖို့ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။
ဒီနေ့ အစ်မတို့မိသားစု အလှူတစ်ခုလုပ်ဖြစ်လို့ တစ်ခုခုကူဖို့
ကျွန်မလည်း မနက်အစောကြီး ဘုန်းကြီးကျောင်းကို
ရောက်သွားခဲ့တယ်။ ရှမ်းဘုန်းကြီးကျောင်းဆိုတော့
လာကူတဲ့လူတွေက ရှမ်းတွေချည်းပဲ။
ချက်တဲ့ဟင်းတွေကလည်း ရှမ်းဟင်းတွေချည်းပါပဲ။
ရှမ်းတွေကြားမှာရှမ်းအင်္ကျီဝတ်ပြီး ရှမ်းစကားမတတ်တဲ့ကျွန်မ
ဟိုကူ၊ ဒီဆေးနဲ့ ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ရှမ်းတွေဆီက
သင်ယူခဲ့ပါတယ်။ ဒီလိုချမ်းအေးတဲ့ ဆောင်းရာသီက
ပင်စိမ်းသီးရာသီဖြစ်တယ်။ ပင်စိမ်းသီးကို မန္တလေးဘက်က
မတ်ခေါက်သီးလို့ခေါ်တယ်လို့ သိရပါတယ်။ ပင်စိမ်းသီးက
ချဉ်ဖန်ဖန်အရသာရှိပြီး အစိမ်းစားလို့ရသလို၊ အချဉ်တည်စား၊
ယိုထိုးစားလို့လည်းရပါတယ်။ ခုတော့ပင်စိမ်းသီးကိုနမ့်ဖစ်
အနေနဲ့လည်းထောင်းစားနိုင်ပါသတဲ့။
ပင်စိမ်းသီး နမ့်ဖစ်ထောင်းကလုပ်ရတာသိပ်မခက်ခဲပါဘူး။

လိုအပ်တဲ့ ပစ္စည်းတွေက
...............................
ပင်စိမ်းသီး၊ ရှမ်းပဲပုပ်၊ ငရုတ်သီး အစိမ်း/အနီ၊ ကြက်သွန်ဖြူ၊
ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်ဖြူမြိတ်
(ကြက်သွန်(နီ)မြိတ် မဟုတ်ပါ) တွေပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး ပင်စိမ်းသီးတွေကို အခွံခွာပြီးပြုတ်ရပါတယ်။
အဖန်ရည်တွေ ထွက်သွားအောင် ခပ်နူးနူးလေး
ပြုတ်လိုက်ပါတယ်။ ပြုတ်လို့ရလာတဲ့ ပင်စိမ်းသီးကို
ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းပဲပုပ်နဲ့
ရောထောင်းလိုက်ပါတယ်။ (ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို
အရင်မီးဖုတ်ရမှာဖြစ်ပြီး ရှမ်းပဲပုပ်ကို မီးကင်ရမှာဖြစ်ပါတယ်)
မီးဖုတ်ထားတဲ့ ငရုတ်သီးပွ အစိမ်းရောင်က
ပင်စိမ်းသီးနမ့်ဖစ်ထောင်းကိုပိုမွှေးစေသလို
ငရုတ်သီးအနီရောင်က အရောင်လှစေပါတယ်။
ထောင်းလို့ရလာတဲ့အစာတွေကို ပန်းကန်တစ်လုံးထဲထည့်ပြီး
သေးသေးစဉ်းထားတဲ့ နံနံပင်နဲ့ ကြက်သွန်ဖြူမြိတ်တွေထည့်
ဆား၊ အချိုမှုန့်နဲ့ ရေအနည်းငယ်ထည့်ပြီး
ရောနယ်လိုက်ရင် ပင်စိမ်းသီး နမ့်ဖစ်ထောင်းကို ရပါပြီ။
ပင်စိမ်းသီးနမ့်ဖစ်ထောင်းကိုမုန်ညင်းပြုတ်၊ ဇလပ်ရွက်၊
သခွားသီးတွေနဲ့လည်း တို့စားနိုင်ပါတယ်။
ပင်စိမ်းသီးအစား ဂွေးသီး(ရေနဲ့အရင်ပြုတ်ပါ)၊
ခရမ်းသီး (မီးဖုတ်ပါ) တွေကိုလည်း ဒီနည်းအတိုင်း
လုပ်စားနိုင်ပါတယ်။ အရသာ ချဉ်ချဉ်စပ်စပ်
ပင်စိမ်းသီးနမ့်ဖစ်ထောင်းက ထမင်းပိုမြိန်စေသလို
ခံတွင်းလည်း ရှင်းစေပါတယ်။ အဆီအအိမ့်စားရမှာ
ငြီးငွေ့နေသူတွေ လွယ်ကူတဲ့ ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို
လက်တည့်စမ်း လုပ်စားနိုင်ပါပြီ။ အစားသည် လူတိုင်းနှင့်တည့်၏။
ပင်စိမ်းသီးပိုးထိုး . . .
တောင်ကြီးသူမ ရအောင်ပိုးဟေ့ . . .
ရအောင်ပိုး . . .
ပင်စိမ်းသီးအညှာခြွေချ . . .
တောင်ကြီးသူမ ငါနဲ့ရဟေ့ . . . ငါနဲ့ရ. . .
ပင်စိမ်းသီးနေစာလောင် . . .
မိန်းမလက်ဆောင် ပေးရအောင်ဟေ့ . . .
ပေးရအောင် . . အယ် . . . အယ် . . .
ပင်စိမ်းသီး နမ့်ဖစ်ထောင်း . . .

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။