သက်တန့်ချို
တစ်ခါတုန်းက လူတစ်ယောက်မှာ ငွေရယ် အချိန်ရယ် ချစ်ခြင်းတရားရယ်ဆိုပြီး သူငယ်ချင်းသုံးယောက်ရှိသတဲ့ ။ အဲဒီလူဟာ သူငယ်ချင်းသုံးယောက်နဲ့ အတူတကွ နေထိုင်ရင်း နေ့ရက်တွေကိုပျော်ရွှင်ချမ်းမြေ့စွာ ကျော်ဖြတ်လာခဲ့တယ် ။ တစ်နေ့တော့ငွေကပြောတယ် ။
“ သူငယ်ချင်း မင်းစဉ်းစားကြည့်စမ်း ငါရယ် ချစ်ခြင်းတရားရယ် အချိန်ရယ် ၃ ယောက်မှာ ငါတစ်ယောက်ပဲ မင်းလိုချင်တာတွေကို ဖြည့်ပေးနိုင်တာပါ မင်းဘာလိုချင်လဲ ငါရှိရင်ဝယ်နိုင်တယ် မင်းဘာဖြစ်ချင်လဲ ငါရှိရင်ဖြစ်နိုင်တယ် ” အဲဒီလို ပြောတဲ့အခါ အဲဒီလူဟာ ငွေရဲ့စကားကိုနားယောင်သွားမိတယ် ။
အဲဒီနေ့ကစပြီး ငွေကိုမက်သွားတဲ့လူဟာ အချိန်ကိုလည်းဂရုမစိုက်တော့သလို ချစ်ခြင်းတရားကိုလည်း ခပ်ကင်းကင်းပဲ နေခဲ့တယ် ။ ငွေနောက်ကို ပဲ တကောက်ကောက်လိုက်နေမိတဲ့အတွက် အချိန်ဟာ သူနဲ့တဖြည်းဖြည်းဝေးလာခဲ့သလို ချစ်ခြင်းတရားလည်း ဝေးလာခဲ့တယ် ။သူ့မှာ ချစ်ခြင်းတရား အနီးကပ်မရှိတော့တဲ့အတွက် မုန်းတီးခြင်းတွေပဲ ရောက်ရှိလာခဲ့တယ် ။
ဘာပဲလုပ်လုပ်ငွေမှငွေ ငွေစကားပဲအမြဲပြောနေတတ်တော့ ပတ်ဝန်းကျင်ကလူတွေက အဲဒီလူကို တဖြည်းဖြည်း စွန့်ခွာလာခဲ့ကြတယ် ။ ဒီလိုနဲ့သူဟာ လူ့လောကအသိုင်းအ၀ိုင်းအပြင်ဖက်ကိုရောက်မှန်းမသိရောက်ပြီး လူတွေနဲ့ကင်းကွာလာခဲ့တယ် ။ တစ်နေ့တော့ အဲဒီလူဟာ လမ်းမထက်ကို လမ်းလျှောက်ထွက်လာခဲ့တယ် ။ သူ့ကိုမြင်တဲ့လူတွေဟာ အဝေးကိုရှောင်ဖယ်သွားကြတယ်။
လမ်းတစ်နေရာရောက်တော့ အိမ်ရှေ့ကွပ်ပြစ်လေးတစ်ခုပေါ်မှာ ယောက်ျားတစ်ယောက် အမျိုးသမီးတစ်ယောက် ကလေး ၂ ယောက်ရယ်ဟာ ပျော်ရွှင်စွာ ထမင်းစားနေတာတွေ့လိုက်ရတယ် ။ ဒီတော့သူ့အချစ်ဆုံးငွေကို သူမေးလိုက်တယ် ။ “ အဲဒါဘာလဲ ” “ အဲဒါကို မိသားစုလို့ခေါ်ပါတယ် သူတို့ထမင်းစားနေကြတာပါ ” “ ပျော်စရာကြီးနော် ” “ ပျော်စရာကောင်းပါတယ် ဒါပေမယ့် သူတို့ မှာငွေမရှိဘူးမချမ်းသာကြဘူး ”
သူဟာ တစုံတခုကိုတွေးတောမိလိုက်တယ် ။ ဒါနဲ့သူလမ်းဆက်လျှောက်နေတုန်း အဘိုးအိုတစ်ဦးဟာ ယောဂီဝတ်စုံနဲ့ ဘုန်းကြီးကျောင်းဖက်သွားနေတာတွေ့လိုက်တယ် ။ ငွေကဆက်ပြောတယ် ။ “ အဲဒီအဖိုးအိုဘေးမှာ အချိန်မရှိတော့ဘူး ဒါကြောင့် သူ့နေ၀င်ချိန်မှာ သူ ဓမ္မကိုရှာဖွေနေတာပါ ” လူသားဟာ တစုံတစ်ခုကိုတွေးမိလိုက်ပြန်တယ် ။ ဒီလိုနဲ့ ဆက်သွားနေရင်းလမ်းမှာ လူနှစ်ယောက်ခေါင်းမှာသွေးတွေထွက်ရင်းလဲကျနေတာတွေ့လိုက်ပြန်တယ် ။
သူမမေးခင်ပဲ ငွေကရှင်းပြတယ် ။ “ သူတို့မှာ ချစ်ခြင်းတရားမရှိလို့ မုန်းတီးခြင်းတွေရောက်လာပြီး အခုလို တစ်ယောက်နဲ့တစ်ယောက်သည်းမခံနိုင်ကြတော့ပဲ ရန်ဖြစ်ကြတာပါ ။ လူသားဟာ လေးလေးနက်နက်တွေးမိပြန်တယ် ။ ဒီလိုနဲ့ လူသားဟာ နောက်ဆုံးမှာ တုန်လှုပ်စွာနဲ့ သူ့အဖြစ်ကိုသူမြင်သွားတော့တယ် ။
“ အသင်ငွေ ..တကယ်တော့ သင်ကျွန်ုပ်ကို ပေးနိုင်တာ အတုအယောင်ပျော်ရွှင်ခြင်းတွေဆိုတာ အခုမှသိလိုက်ရတယ် သင်ဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ခံယူမိလို့ ကျွန်ုပ်ဘေးမှာ အချိန်လည်းမရှိတော့သလို ချစ်ခြင်းတရားလည်းမရှိတော့ဘူး ကျွန်ုပ်လည်း လူ့လောကဘေးကိုရောက်ရောက်လာခဲ့ရတယ် သင့်နောက်ကိုလိုက်နေရလို့ ကျွန်ုပ်မှာ ပျော်ရွှင်ဖွယ်မိသားစုဆိုတာလည်းမရှိခဲ့ဘူး ဒီတော့ အခုကစလို့ အတုအယောင်ပျော်ရွှင်ခြင်းတွေကိုသာပေးတဲ့ သင်နဲ့ လမ်းခွဲလိုပါတယ် ကျွန်ုပ်ရဲ့စစ်မှန်တဲ့အဖော်မွန်တွေဖြစ်တဲ့ အချိန်ရယ်ချစ်ခြင်းမေတ္တာရယ်နောက်ကို ကျွန်ုပ်လိုက်ပါတော့မယ် ”
လို့ပြောဆိုပြီး တစ်ယောက်တည်း ထွက်ခွာသွားပါတော့တယ် ။
========================
ငွေက အရာရာကိုဖန်တီးနိုင်ပါတယ် ။ အရာရာကို ဖြည့်ဆည်းပေးနိုင်ပါတယ် ။ ဒါပေမယ့် ငွေမှာလိုက်မမှီတဲ့ တုမရတဲ့အရာ ၂ခုရှိတယ် ။ အဲဒါကတော့ အချိန်ကိုငွေနဲ့ဝယ်ယူလို့မရသလို ချစ်ခြင်းမေတ္တာကိုလည်းငွေနဲ့ဝယ်ယူလို့မရနိုင်ပါဘူး ။ သင်ရောစဉ်းစားမိဖူးရဲ့လား ။
သင်ငွေနောက်ကို တကောက်ကောက်လိုက်နေမိလား
သင်ငွေကြောင့်ရတဲ့ပျော်ရွှင်မှုက စစ်မှန်တယ်လို့ထင်နေမိလား
သင့်ဘေးမှာ အချိန်ရော ရှိသေးရဲ့လား
သင့်ဘေးမှာ ချစ်ခြင်းမေတ္တာရောရှိသေးရဲ့လား
အချိန်မရှိတော့မှရတဲ့နောင်တဆိုတာ မဖြစ်နိုင်တာကိုပြန်လည်တမ်းတခြင်းနဲ့တူပါတယ် ။ အခုကစလို့ ပျော်ရွှင်မှုအစစ်ကို သင်ရှာတွေ့နိုင်မယ်လို့ ယုံကြည်ပါတယ် ။
ချစ်ခြင်းများစွာဖြင့်
သက်တန့်ချို
( ဘာသာပြန်မဟုတ်ပါ တွေးမိသောအတွေးတစ်ခုအား စာအဖြစ်ချရေးခြင်းဖြစ်ပါသည် ။ )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။