ဒီဓာတ်ပုံလေးက မူကြိုမှာ ပြိုင်ပွဲဝင်တုန်းက ပန်းချီဆွဲနေတဲ့ပုံပါ။ ဘာပန်းချီပုံမှန်းကို မသိတော့ဘူး။ အခုချိန်ပြန်စဉ်းစားမိရင် မူကြိုဆိုတော့ (၄)နှစ်အရွယ်တုန်းကပေါ့။
နောက်ပြီး မူကြိုကျောင်းသားကတ်ပုံလေး ကျောင်းကပွဲတုန်းက သီချင်းဆိုပြီး ကနေတဲ့ ဓာတ်ပုံလေးတစ်ပုံပါ။ ကျွန်တော်က မူကြို(၁)ကျောင်းမှာ တက်ခဲ့တာ။ ရွှေတောင်ကြားထဲမှာရှိတဲ့ ကျောင်းလေးပါ။ နောက်ဓာတ်ပုံလေးတစ်ပုံက ကျွန်တော် ငယ်ငယ်လေးတုန်းက ဖေဖေ့ရဲ့ မာစီဒီးကားလေးပေါ်မှာ ရိုက်ထားတဲ့ပုံလေးလေ။ ဖေဖေကိုယ်တိုင် ကားပေါ်မှာ ကျွန်တော့်ကိုတင်ပြီး အမှတ်တရ ရိုက်ထားတာ။ ဒီဓာတ်ပုံလေးတွေကိုပြရင် ကျွန်တော်မှန်း မသိသာလို့ ဘယ်သူမှမယုံကြဘူး။ အခုလို ဓာတ်ပုံလေးတွေ ပြန်ကြည့်မိတဲ့အချိန်မှာ ခံစားမိတာက၊ အဲဒီချိန်မှာ ကျွန်တော်ဘာလုပ်ခဲ့တယ် ဆိုတာကို မမှတ်မိဘူး။ ဒါပေမယ့် အခုချိန် ကလေးတုန်းက ဓာတ်ပုံလေးတွေ၊ ငယ်ဘ၀ပုံရိပ်လေးတွေ ပြန်ကြည့်မိရင်း၊ သြော် ငယ်ငယ်တုန်းက ဒါလေးတွေ လုပ်ခဲ့ပါလားဆိုတဲ့ အသိလေးတွေ ပြန်ရတယ်။

ဓာတ်ပုံလေးတွေထဲမှာဆိုရင် သီချင်းဆိုရင်း အိုက်တင်လုပ်နေတဲ့ ပုံလေးတွေဆိုရင် ငယ်ငယ်လေးကတည်းက ပါလာတဲ့ မိဘဆွေမျိုး သားချင်းတွေရဲ့ အနုပညာသွေးသားတွေ ပါလာတယ်လို့ခံစားရမိတယ်။ ကျွန်တော်ရဲ့ ငယ်ဘ၀အိပ်မက်က အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တာ။ အင်ဂျင်နီယာဆိုတာက အဆောက်အဦတွေ ဆောက်တဲ့ အင်ဂျင်နီယာ မဟုတ်ဘဲနဲ့ စက်ပစ္စည်းအင်ဂျင်နီယာ ဖြစ်ချင်ခဲ့တာပါ။ ငယ်ငယ်တည်းက မော်တာလေးတွေနဲ့ အရုပ်လေးတွေ လုပ်တယ်။ ကားတွေထဲမှာ တပ်ထားတဲ့ မော်တာလေးတွေဖြုတ်ပြီး၊ မော်တာလေးတွေ ဘယ်လိုလုပ်ထားတယ်ဆိုတာကို ကြည့်ပြီး အမျိုးစုံ လျှောက်လုပ်တတ်တဲ့ အကျင့်မျိုးလေးတွေ ရှိတယ်။
ကျွန်တော့် ဓာတ်ပုံလေးတွေနောက်မှာ ရက်စွဲလေးတွေ ရေးတတ်တဲ့အကျင့်မရှိဘူး။ နောက်ပြီး ကျွန်တော်ကြီးပြင်းလာတဲ့ အချိန်မှာလည်း ဓာတ်ပုံရိုက်ရတာကို ၀ါသနာမထုံဘူး။ သီချင်းဆိုရတာ Movie ရိုက်ရတာကိုပဲ ကြိုက်တယ်။ ဒါကြောင့် ခရီးတွေဘာတွေ သွားရင်တောင် မှတ်တမ်းမရှိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ခရီးတွေဘာတွေသွားရင် မှတ်တမ်းလေးတွေဖြစ်အောင် ပြန်လုပ်နေရတာ။ ဒါကြောင့် ဓာတ်ပုံတစ်ပုံကို ပြန်ကြည့်မိရင် သြော် ငယ်ငယ်တုန်းက ငါဘာလုပ်ခဲ့ပါလားဆိုပြီး ပြန်သတိရမိတယ်။ ဒါတွေရဲ့ အကျိုးဆက်က ဘယ်လိုရှိတယ် ဆိုတာပေါ့။ တစ်ခါတလေတော့လည်း ကလေးဘ၀လေးက ကောင်းပါတယ်။ လူကြီးဘ၀က တကယ်စိတ်ရှုပ်စရာတွေ များပါတယ်။
ကျွန်တော့်မျက်ခုံးနှစ်ခုကြားမှာ ဒဏ်ရာလေးတစ်ခုရှိတယ်။ အဲဒီဒဏ်ရာလေးက ကျွန်တော်လေးတန်းတုန်းက သူငယ်ချင်းတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားကြတယ်။ ဘေးမှာကလည်း အလုပ်သမားကြီးတစ်ယောက်က သူ့ဘာသာသူ အလုပ်တစ်ခုမှာ ပေါက်တူးပေါက်နေတယ်။ အဲဒါကို ကျွန်တော့်သူငယ်ချင်းက ဖြတ်အပြေး ကျွန်တော်ကလည်း နောက်ကနေ ဖြတ်အလိုက်မှာ သူပေါက်တူး မလိုက်တဲ့အချိန်နဲ့က ကွက်တိပဲဖြစ်နေတယ်။ ပေါက်တူးနောက်ဖင်နဲ့ ကျွန်တော့် နဖူးနဲ့ကကွက်တိပဲ ဖြစ်သွားပြီး နဖူးကွဲသွားရောပဲ။ တက္ကသိုလ်ဆေးရုံကို ချက်ချင်းရောက်သွားပြီး အစိမ်းချုပ် သုံးချက်လောက် ချုပ်ခဲ့ရတယ်။ ထူးဆန်းတာက ကျွန်တော် အဲဒီတုန်းက လုံးဝမအော်ဘဲနဲ့ မျက်ရည်တောင်မကျဘူးလို့ ပြောခဲ့ဖူးတယ်။ အဲဒါလေးကတော့ ငယ်ဘ၀နဲ့ ပတ်သက်ပြီး အမှတ်တရပါပဲ။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။