သစ္စာနီ
မြန်မာစာပေ လောက၌ ပို့စ်မော်ဒန် စာပေနှင့် မော်ဒန်
စာပေများ ဖန်တီး ရေးဖွဲ့သလို၊ ကျမ်းတစ်စောင် ပေတစ်ဖွဲ့နှင့် သဘော တရားရေးရာ များကို
တစ်ဖက်တွင် မားမားရပ်၍ ထုတ်ဖော်ပြုစုနေ သူများထဲတွင် ထိပ်ဆုံး စာရင်းဝင် စာရေးဆရာ
တစ်ဦးပင်ဖြစ်သည်။ ၁၉၆၅ ခုနှစ်ကစ၍ စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်
ပဒေသာ၊ ရှုမဝမဂ္ဂဇင်း တို့ ခေတ်ကနေ ယနေ့ခေတ်အထိ ထုတ်ဝေလျက် ရှိကြသည့် မဂ္ဂဇင်း၊
ဂျာနယ်များ အထိ ရေးသားလျက် ရှိရာ စာရေးသက်နှစ် ၅ဝ ပြည့်ခါနီးပြီဟု ဆိုရမည်။
ကဗျာ၊ဝတ္ထု၊ အနုပညာ၊ ဆောင်းပါးများ၊ သရော်စာ၊ ဟာသ၊ နိုင်ငံရေး စာပေနှင့်
ဝေဖန်ရေးများကို ကလောင် စွမ်းပြကာ စာများရေးသား နိုင်သူဖြစ်ပြီး လုံးချင်း
ဝတ္ထုစာအုပ် ကိုးအုပ်နှင့် အခြား လုံးချင်း စာအုပ် စုစုပေါင်းအုပ် ၅ဝ ကျော်
ထွက်ရှိပြီးသူ ဖြစ်သည်။ “လူနှင့် အခြားဝတ္ထုတိုများ” စာအုပ်သည် လူငယ် စာဖတ် သူများနှင့် အနုပညာသစ် ဖန်တီးသူများ အကြားတွင် နှစ်သက်ကြပြီး အရေးအသား ပုံစံသစ်များ စတင် မိတ်ဆက်သူ များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည်။
ထို့ကြောင့် ယခု တစ်ပတ် ရသစာပေနှင့်
လူငယ်ရေးရာရှုမြင် သုံးသပ်ချက် ကဏ္ဍတွင် ဆရာသစ္စာနီ ၏ သဘောထား အမြင်များကို
တွေ့ဆုံမေးမြန်းကာ တင်ဆက်လိုက်ပါသည်။
ယနေ့ စာပေရပ်ဝန်းတွင် ရသစာပေ ကျဆင်းအား
နည်းနေသည်ဟု ပြောဆိုနေခြင်းအပေါ်-
“ရသစာပေ အားနည်းတယ် ဆိုတာ အမှန်တော့ ရသစာပေက အားမနည်းဘူး။ အရင်က ကဗျာ စာအုပ်က တစ်နှစ်လုံးမှ ၄၊၅၊ ၁ဝ အုပ် လောက်ထွက်တာ။ အခု အုပ် ၅ဝ ကျော်လောက် ထွက်တယ်။ ဒါကို ကြည့်ရင် ရသစာပေ အားမနည်းဘူး။ နောက်ဆုံး ထွက်သွားတာက မြန်မာပြည်မှာ တစ်ခါမှ မထွက်ဖူးတဲ့ အမျိုးသမီး ကဗျာဆရာမ ၃၅ ယောက်။ အခုသုတ စာအုပ်တွေ အများကြီး ထွက်လာတာ ကြည့်ပြီးတော့ ရသစာပေ အားနည်းတယ်လို့ ထင်စရာရှိတယ်။ ဆရာတို့မှာလည်း Realism ရော၊ မော်ဒန်ရော ရေးနေတာပဲ။ တစ်ခုခက်တာက စာအုပ်ဆိုင်တွေမှာ သုတ စာအုပ်တွေက တအားများတယ်။ ဒါကြောင့်လည်း ရသစာပေတွေက အားနည်းတယ်လို့ ထင်စရာ ရှိတယ်။ အခုခေတ်က ဗဟုသုတ ရှာမှီးတဲ့ ခေတ်ပေါ့။ ဗဟုသုတ မရှိရင် အသက်မရှင် နိုင်တဲ့ခေတ်။ အသက်ရှင်ချင်တယ် ဆိုရင် သတင်းအချက်အလက်တွေ အဲဒါတွေက ဂျာနယ်တွေ၊ အရင်က မဂ္ဂဇင်းတွေပေါ့။ မဂ္ဂဇင်း ထက်ကို ဂျာနယ်တွေက သတင်း ပေးတဲ့နေရာမှာ up-to-date ဖြစ်တယ်။ အဲဒီ ဂျာနယ်တွေထက်ကို up-to-date ဖြစ်တာက အွန်လိုင်း မီဒီယာပေါ့။ လူငယ်တွေ စာမဖတ်ဘူး ဆိုတာ မဖြစ်နိုင်ပါဘူး။ စာအုပ်တွေ ရောင်းနေရတာ ကိုကြည့်ရင် သိနိုင်ပါတယ်။ ဝတ္ထုတွေရော၊ သတင်း ဆိုင်ရာ သုတစာအုပ်တွေ အထွက်များတာ၊ အဝယ်များတာတွေ့ရလို့ သုတစာပေကို ပိုဦးစားပေး ဖတ်ကြတယ်လို့ ဆိုရမှာပါ။ အွန်လိုင်းမှာလည်း eBook တွေရောပေါ့။ သူ့ဟာနဲ့သူရောင်းနေရတယ်။ ဘယ်သူတွ ဖတ်လဲ ဆိုတော့ အသက် ၂ဝ နဲ့ ၄ဝ ကြား လူငယ်၊ လူလတ်တွေပဲ။ သူတို့က အဓိက စာဖတ်ပရိသတ်။ အခုခေတ်မှာ စာအုပ်ဆိုင်ကြီး တွေလည်း ထွန်းကားလာပြီ။ စာအုပ်ဆိုင်ကြီးတွေ၊ စာအုပ် ထုတ်ဝေလုပ်ငန်းကြီးတွေက အကြီးကြီးတွေ။ စာပေလောကကျ ဆင်းနေတယ်ဆိုတာ မဟုတ်ဘူး။ ဆရာတို့ စာပေလောကထဲ ဝင်စ၊ လွန်ခဲ့တဲ့ အနှစ်လေးငါးဆယ်က ပြန်ကြည့်ရင် တိုးတက်လာတယ်လို့ ခေါ်နိုင်တယ်။ အပြင်အဆင်၊ လုပ်ပုံကိုင်ပုံက အစ စာပေလောကကြီးက တိုးတက်နေတာပဲ။ တစ်ခုက မီဒီယာ က ပြန့်ကျဲ သွားတဲ့ သဘော ရှိတယ်။ အရင်တုန်းက Press Media ကတကယ် အားသာတယ်။ နောက် ရုပ်မြင်သံကြား၊ အွန်လိုင်း မီဒီယာတွေ ပေါ်လာတယ်။ အဲဒီမှာ ပြန့်ပွား သွားတယ်။ စာအုပ် မဖတ်တဲ့ လူငယ်တွေက အွန်လိုင်းမှာ ဖတ်တယ်။ ဂန္ထဝင် ဝတ္ထုတိုကြီးတွေပဲ ထွက်မလာတာပါ။ နိုင်ငံခြားမှာ စစ်နှင့်ငြိမ်းချမ်းရေးလို စာအုပ် မျိုးတွေထွက် မလာတော့ဘူး။ အရင်ကလို ထိုင်ဖတ်ဖို့ အချိန်မပေးနိုင်တော့တာ။ ခုလည်း ဝတ္ထုရှည် စာအုပ်ကြီးတွေ တစ်အုပ်တလေ ထွက်ချင်ထွက်မယ်။ အခုဟာက အချိန်ကို ချုံ့ပြီး ခံစားရတယ်။ ချုံ့ခံစားတယ် ဆိုတာက မြန်မြန် သွက်သွက်နဲ့ ခံစားနိုင်တယ်။ ခံစားပုံ ပြောင်းလဲသွားတယ်။ ဝတ္ထုရှည်ကြီးတွေ မထွက်တာ အဲဒါကြောင့်လို့ ဆိုရမှာပါ”
ဟု ဆရာသစ္စာနီ ကပြောကြားခဲ့သည်။
လူငယ်တွေက အခြား ဖျော်ဖြေရေးတွေ ကို ပိုဦးစားပေး
လာကြပြီး စာဖတ်နည်းလာခြင်းနှင့် ပတ်သက်၍ လူငယ်တွေ စာဖတ် ချင်စိတ်ဖြစ်လာအောင် ဘယ်လို
လုပ်ရမည်ကို -
“သူ့ခေတ် သူ့အခါပဲ လူငယ်ကတော့ ဖျော်ဖြေရေးရှိမှာပဲ။ အမြဲတမ်း ဘယ်သူမှ လေးနက် မနေနိုင်ဘူး။ အတိုင်းအဆပေါ့။ ဖျော်ဖြေရေး ဆိုတဲ့ရွေးချယ်စရာတွေ များလာတယ်။ ဆရာတို့တုန်းကနဲ့ ဖျော်ဖြေရေး ပုံသဏ္ဌာန်တော့ ပြောင်းသွားတာပေါ့။ စာအုပ်လည်း ဖတ်ကြပေါ့။ ဆရာတို့က ဖတ်ချင်လာအောင် လုပ်ရမယ်။ လူငယ်တွေလည်း စာဖတ်အောင် သူတို့ဖတ်ချင်တဲ့ စာအုပ်မျိုးတွေ ဒီဘက်ကလည်း လုပ်ပေးရမယ်။ စာအုပ်ခေတ်က ကုန်သွားစရာ အကြောင်းတော့ မရှိပါဘူး။ သိပ်တိုးတက်တဲ့ နိုင်ငံတွေ မှာလည်း စာအုပ်က ထုတ်နေကြတုန်းပဲ။ လူငယ်တွေက ပေါ့ပေါ့ ပါးပါး စိတ်လေးတော့ ရှိတယ်။ ဒါကလည်း လူငယ်ဘဝ မှာပဲ ရှိတာ။ အသက်ကြီးသွားရင် ပြန် ခံစားချင်လို့ မရဘူး။ လူငယ်တွေကပဲ အနုပညာမှာ၊ နိုင်ငံရေးဘက်မှာ ခေါင်းဆောင်တွေ ဖြစ်လာမှာ။ ဒါကခေတ် သဘာဝ ပါပဲ။”
ဟု ဆရာ သစ္စာနီ က သုံးသပ် ပြောကြားခဲ့သည်။
သုတစာပေနှင့် ရသစာပေ၏ ကွာခြားပုံ၊ ရသစာပေက
လူငယ်ဘဝကို ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မှာလဲ ဆိုသည်ကိုလည်း -
“သုတစာပေကလည်း အရေးကြီးတယ်။ နိုင်ငံရေး စာပေကလည်း သုတပဲ။ ဒီမိုကရေစီ နိုင်ငံထူထောင်မယ် ဆိုရင် ဒီမိုကရေစီက ဘာလဲဆိုတာ မသိရင် စီးတဲ့ မြင်းအထီး၊ အမ မသိသလို ဖြစ်နေမယ်။ ရသစာပေ ကတော့ လူငယ်တွေပေါ့။ လူငယ်စကားနဲ့ ပြောမယ်ဆို ဖီလင် ခံစားမှုပေါ့။ ဗေဒါကို ဖတ်ပြီး ဗေဒါလို နေတာပေါ့။ ဘောင်းဘီ ပွပွကြီး၊ ဂျာကင်နဲ့ ဆေးပေါ့လိပ် လက်ကြားထဲက မချတဲ့ပုံစံပေါ့။ တက္ကသိုလ် ဘုန်းနိုင်ရဲ့“မိုးညအိပ်မက်မြူ” ကို ကြည့်ပြီး မိုးရေထဲ တယော ထိုးတာမျိုး။ ဆရာ အခုထိ လက်ဖက်ရည် စွဲစွဲမြဲမြဲ သောက်နေတာက ဗန်းမော်တင်အောင် ဝတ္ထုဖတ်လို့။ ဒေါက်တာ ရေချမ်းလိုမျိုး။ အဲဒါတွေက လူငယ်တွေကို ရိုက်ခတ်မှု လွှမ်းမိုးမှု ရှိတယ်။ လူ့ ဘဝကို ထိန်းကျောင်းတဲ့ နေရာမှာ ရသ စာပေက လိုအပ်တာပါပဲ။ သုတကလည်း လိမ္မာအောင်၊ လမ်းမှားမရောက်အောင် လုပ်ပေးနိုင်တာပေါ့။ သုတ နဲ့ ရသ အကုန် ဖတ်နိုင်ရင် ပိုကောင်းတယ်။ နှစ်မျိုးစလုံး လိုအပ်တယ်။ သုတထဲမှာလည်း ရသတွေ ပါတယ်။ ကိုယ့်ဘာသာကိုယ် ထုတ်ယူရတာပါပဲ။ သုတရော၊ ရသရော ထုတ်ယူနိုင်တဲ့ အပေါ်နဲ့ ဆင်ခြင်နိုင်တဲ့ အပေါ် မူတည်ပါတယ်။ စာများများ ဖတ်ကြပါ။ ဆရာတို့လည်း မွေးတုန်းက ဘာမှသိတာ မဟုတ်ဘူး။ စာဖတ်ရင်းနဲ့ သိလာတဲ့ အသိတရားတွေ စာဖတ်တာ ကလည်း Press Media သာမက အွန်လိုင်းမှာပါ ရှာမှီးလို့ မကုန်နိုင်တဲ့ ဗဟုသုတ အသိပညာတွေ အစုံရှိတယ်။ ပို့စ်မော်ဒန် သဘောတရားတွေ ခေတ်စား လာတာက လက်တွေ့ခေတ်ရဲ့ အသွင် သဏ္ဌာန် ပြောင်းလဲခြင်းလို့ ဆိုရမှာပါ။ ပထမအစ Realism ပါ။ အဲဒီကနေပြောင်းလဲ လာတဲ့ မော်ဒန် အယူအဆက ၇ဝ လောက်က စ,တယ်။ အခုဆို နှစ် ၄ဝ လောက် ကြာလာတော့ အီလာပြီး ပြောင်းဖို့ ကြိုးစားတယ်။ ကဗျာတွေ၊ ပို့စ်မော်ဒန်၊ LP ၊ လူငယ်တွေ က ရေးလာကြတယ်။ ဆရာတို့တောင် အမီ လိုက်နေရတယ်။ တားလို့ မရတဲ့ ကိစ္စပါ။ ခေတ်က တောင်းဆိုလို့ ဖြစ်လာတာပါ။ နိုင်ငံရေး ပဲဖြစ်ဖြစ် ခေတ်က လိုအပ်လို့ တောင်းဆိတာပါ။ နောင်တစ်ခေတ် ကတော့ ကောင်းဖို့ပဲ ရှိပါတယ်”
ဟု ဆရာ သစ္စာနီ က ရသစာပေနှင့် သုတစာပေများသည် ခေတ်၏
တောင်းဆိုမှုမှ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေသည်ကို
ရှင်းလင်းပြောကြားခဲ့သည်။
သီဟ
source: PopularMyarnmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။