30 November 2012 |By 7Day News
ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသော ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား တွင် ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့သည့် မင်းသမီး ယုသန္တာတင်က ပထမဆုံး ရုပ်ရှင် ကားကြီး ရိုက်ကူးမှု အတွေ့အကြုံ များကို ရှင်းပြသည်။
“ပထမဆုံးရုပ်ရှင်ကားကြီး ဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားတယ်။ ရုပ်ရှင်သဘောတရား နားမလည်သေးတော့ ကိုယ်တွေနဲ့ ရိုက်တဲ့အခါ ပိုကြာတယ်။ ကိုယ်အမူအရာတွေ သင်ပေးတယ်။ ကိုယ့်ကြောင့် နှောင့်နှေးကြန့်ကြာသွားမှာကို တွေးနေတော့ အဲဒီစိတ်ကြောင့် အလုပ်ထဲကို အာရုံက မရောက်ဘူးဖြစ်နေတယ်” ဟု ယုသန္တာတင်က သူမ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးသည့် “အောင်မြင်ကျော်ကြားစူးရှထက်မြက်” ဇာတ်ကားရိုက်ကူးမှုနှင့်ပတ်သက်၍ ပြောကြားသည်။ ယင်းဇာတ်ကားသည် သရုပ်ဆောင်နေတိုးနှင့်အတူ အနုပညာပျိုးခင်း အမည်ဖြင့် နာမည်ကျော်မင်းသားငါးဦးက စင်တင်ပေးသော သရုပ်ဆောင်မင်းသမီး သုံးဦးဖြစ်သည့် ယုသန္တာတင်၊ အိချောပိုနှင့် ရွှေမှုန်ရတီတို့အပြင် ချမ်းမီမီကို ပါဝင်ရိုက်ကူးနေသည့် ဇာတ်ကားဖြစ်သည်။ မင်းသမီးလေးလက်ပါဝင်သော်လည်း မိမိသရုပ်ဆောင်သည့် အခန်းစဉ် အနည်းအများအပေါ်တွင်မူ စိတ်ပူပန်မှုမရှိကြောင်း ယုသန္တာတင်ကပြော သည်။
“မင်းသမီးများပေမယ့် ကိုယ့်အခန်းတွေကို ကျေနပ်မှုရှိတယ်။ အားလုံးအတွက်လည်း မျှတတဲ့အခန်းတွေ ပေးထားတယ်။ သာစေ နာစေ လည်း မရှိဘူး။ လုပ်ပိုင်ခွင့်တွေလည်း ပေးထားပါတယ်” ဟု ယုသန္တာတင် ကပြောသည်။ ယုသန္တာတင်သည် အနုပညာပျိုးခင်းအစီအစဉ်ဖြင့် ဗီဒီယိုဇာတ်ကား ၁၀ ကားရိုက်ကူးခဲ့သော်လည်း ရိုက်ကူးရသည့်ဇာတ်ကောင်စရိုက် မစုံလင်သေးသည့်အတွက် ကျေနပ်အားရမှုမရှိသေးဘဲ ရိုက်ခဲ့သမျှ ဇာတ်ကားအားလုံးတွင် ပရိသတ်၏ ဝေဖန်မှုကို နားထောင်၍ ပြင်ဆင်သင့် သည်များကို ပြင်ဆင်ကြိုးစားထားကြောင်း သူမက ပြောသည်။ မကြာမီကျင်းပတော့မည့် ၂၀၁၁ ခုနှစ် အကယ်ဒမီပေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အကယ်ဒမီပေးပွဲတွင် ဗန်းကိုင်တစ်ဦး ဖြစ်ခဲ့သည့် သူမက “ဗန်းကိုင်တစ်ယောက်ဖြစ်ခဲ့ဖူးသူ အနေနဲ့ပြောရရင် အကယ်ဒမီဗန်းကိုင်ဖြစ်တဲ့သူဟာ ဒီလောကထဲကိုဝင်ဖို့ အထောက်အပံ့ လှေကားလေးတော့ဖြစ်မှာပါ” ဟုပြောသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။