Zawzaw Zaw with Win Maw Shwethanzin and 49 others
ကျွန်းကလေး၏ အနာဂတ်
ဘင်္ဂလားပင်လယ်ထဲကနေ ကျွန်းကိုလှမ်းမြင်လိုက်ပြီဆိုတာနှင့် အနီရောင် မြေစာပုံများကိုအရင်ဆုံး တွေ့ ရလိမ့်မည်ဖြစ်သည်။ ထိုအနီရောင် မြေစာပုံများ နှင့် ကျွန်းကလေးကတော့ မဒေးကျွန်းပင်ဖြစ်သည်။ ထို ကျွန်းက ကျောက်ဖြူမြို့မှ စက်လှေတစ်နာရီခန့် စီးလာခဲ့လျှင် ရောက်ရှိနိုင်သည့် ကျွန်းဖြစ်ပြီး ကျောက်ဖြူမြို့ နယ်အတွင်းက ကျွန်းလေးတစ်ကျွန်း ဖြစ်သည်။
အဆိုပါ အနီရောင်မြေစာပုံများမှာ စီမံကိန်းများအတွက် ကျွန်းကို လိုသလိုပြုပြင်ထားခြင်းကြောင့် ဖြစ်ပေါ် ရသော မြေစာပုံများဖြစ်ပြီး ဧက ၄၀၀ နီးပါးရှိသော လယ်ယာမြေများနှင့် စားကျက်မြေများကို စတေးကာ ယခု အချိန်မှာတော့ ဧရာမရေနံလှောင်ကန်ကြီးများနှင့် အဆောက်အအုံများက နေရာယူထားကြလေပြီ။
ထိုသို့ ရေနံလှောင်ကန်များ အစားထိုးဝင်ရောက်လာသဖြင့် ဒေသတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဖြစ်သည့် လယ်သမားများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင်မဲ့ခဲ့ရသည်။
“လယ်စိုက်စရာလည်းမရှိတော့ဘူး၊ ငါးရှာစရာ နေရာလည်းမရှိတော့ဘူး”ဟု ယင်းကျွန်းတွင်နေထိုင်သူ ကိုစောရွှေက ပြောသည်။
ရေနံကုဗမီတာ တစ်သန်းသိုလှောင်ထားသည့် ရေနံလှောင်ကန်ကြီးများ တည်ဆောက်ထားသည်ဟု ထို ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများကဆိုသည်။ ထိုနေရာတွင် ရေနံ လှောင်ကန် ၁၂ ကန် တည် ဆောက်ထားဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်လျက်ရှိသော မြန်မာ-တရုတ် သဘာဝ ဓာတ် ငွေ့ပိုက်လိုင်းကိုသာ လူသိများကြသော်လည်း ရေနံပိုက်လိုင်းစီမံကိန်းအကြောင်းကိုမူ လူသိနည်းသည်။
အရှေ့အလယ်ပိုင်းက သယ်ဆောင်လာသော ရေနံတင်သင်္ဘောများက ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ဖြတ်သန်းလာပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည်ဖြစ်သည်။
ထို့ရေနံများက မဒေးကျွန်းပေါ်ရှိဧရာမရေနံလှောင်ကန်များပေါ်တွင်သို လှောင်ထားကြမည်ဖြစ်သည်။ ထိုမှ တစ်ဆင့် တရုတ်ပြည်သို့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ယှဉ်တွဲပို့ဆောင်မည့် စီမံကိန်းကြီးပင်။
မြန်မာအစိုးရနှင့် တရုတ်အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်းကုမ္ပဏီ (CNPC) တို့ ၂၀၀၉ ခုနှစ်ကတည်းက ကျောက်ဖြူတွင် သဘာဝဓာတ်ငွေ့တူးဖော်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သည်။
ထိုသဘာဝ ဓာတ်ငွေ့များကို ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ပိုက်လိုင်းဖြင့် သယ်ဆောင်ကြ မည်။ ထိုသို့ သယ်ဆောင်ရာတွင် မဒေးကျွန်း၏အလယ် ကိုဖြတ်၍ ပိုက်လိုင်းတည်ဆောက်မည်။ သဘာ ၀ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းတို့ကို မဒေးကျွန်းတွင်ဆုံပြီး ပိုက်လိုင်းနှစ်ခုကို ယှဉ်တွဲပို့ ဆောင် ကြမည့် အစီအစဉ်ဖြစ်သည်။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ရေနံလှောင်ကန် စီမံကိန်းသည် အစိုး ရနှင့် မည်သို့မည်ပုံသဘောတူညီမှုဖြင့် တည်ဆောက်နေခြင်းကိုမူ သိရှိခြင်းမရှိဟုဆိုသည်။
“စစ်အစိုးရ လက်ထက်ကတည်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် စာချုပ်ချုပ်ခဲ့တာ ဖြစ်တဲ့အ တွက် အကျိုးအမြတ်ခွဲဝေမှုကို အတိအကျမပြောနိုင်ဘူး” ဟု ၎င်းကပြောသည်။
အစိုးရ၏ အကျိုးအမြတ်ခံစားခွင့်ကို မသိရသော်လည်း ဒေသခံများအတွက်မူသိမ်းဆည်းခံရသော်လည်း ယာမြေအများစုအတွက် ယနေ့အချိန်ထိ လျော်ကြေးမရသေးဟုဆိုသည်။ ထိုကျွန်းကလေးသည် ယခင် ကအရိုင်းဆန်ခဲ့သည်။ ဓနိမိုးသောပျဉ်ထောင်အိမ်များသာရှိခဲ့သည်။ တိုက်တာ အဆောက်အအုံများမရှိခဲ့။ လယ်ယာများအတွက်မူ အထောက်အထားစာရွက်စာတမ်းရှိသော်လည်း အိမ်ခြံမြေနှင့် စား ကျက်မြေပိုင် ဆိုင်မှုမရှိခဲ့။ ထို့ကြောင့်လည်း ရသင့်ရထိုက်သောလျော်ကြေးငွေများကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
“လယ်ကိုသိမ်းပြီး ပေးတဲ့ပိုက်ဆံကသားကို ရှင်ပြုတယ်၊ အလုပ်မရှိတော့ ထိုင်စားတယ်။ ကုန်ပြီ။ ဘာလုပ် လို့ လုပ်ရမယ်မသိဘူး။ စီမံကိန်းမှာလည်း အလုပ်အကိုင်မရဘူး”ဟု ဒေသခံတစ်ဦးဖြစ်သည့် မခင်မြ က ပြောသည်။
ထိုကျွန်းတွင် နေထိုင်သူများက ယခင်က လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ယခု အချိန်တွင်တော့ လယ်ယာများသိမ်းဆည်းခံရသဖြင့် လယ်သမားများ အလုပ်အကိုင်မဲ့သွားကြပြီဖြစ်သည်။ ထို့အတူ မဒေးကျွန်းရေနက် ဆိပ်ကမ်းကို ရေနံသင်္ဘောများ ဆိုက်ကပ်နိုင်ရန် သင်္ဘောလမ်းကြောင်းများကို ချဲ့ထွင်ရာမှ ရေအောက်ကျောက်ဆောင်များကို မိုင်းခွဲ ခြင်းခံခဲ့ရပြီး ဂေဟစနစ်ထိခိုက်စေခဲ့သည်။
ထို့ကြောင့် ရေအောက်သယံဇာတများ ပျက်စီးဆုံးရှုံးခြင်းနှင့်အတူ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ ရေလုပ် ငန်းလုပ်ကွက်များပျက်စီးကာ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့သေးသည်။
ဒေသခံများ၏ သောက်သုံးရေတွင်းများကိုတူးဖော်ပြီး စီမံကိန်းတွင် အသုံးပြုရန် ရေလှောင်ကန်များဆောက် လုပ်လိုက်ကြသည်။ သောက်သုံးရေ မလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
“ကျွန်းပေါ်က လူတွေကို အလုပ်ပေးတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ အလုပ်ကအလုပ်ကြမ်းတွေ ဖြစ်တယ် တချို့လည်းလုပ်တယ်။ အများစုကတော့ မလုပ်ကြဘူး”ဟု မဒေးကျွန်းဒေသ အလုပ်သမားခေါင်း ဆောင် က ပြောသည်။
ထိုကျွန်းပေါ်သို့ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် အခြားဒေသများက လူများလာ ရောက် အလုပ်လုပ်ကိုင်မှုများရှိသည်။ ၎င်းတို့သည် မိသားစုနှင့်အတူ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး မဒေး ကျွန်းပေါ်ရှိ မိုးလေ၀သတောင်ဟု ခေါ်သောတောင်ကုန်းတစ်ခုပေါ်တွင် ယင်းမိသားစုများ စုဝေးနေထိုင် ကြသည်။
မဒေးကျွန်းဒေသ၏ ထိုစီမံကိန်းကြီးတွင် အလုပ်လုပ်ကိုင်မှုနည်းသဖြင့်အခြား ဒေသမှ ပြောင်းရွှေ့လာသူ များ အလုပ်အကိုင်ရရှိသည်မှန်သော်လည်း ထိုအလုပ်သမားမိသားစုများသည်လည်း ရရစားစားပင်။ သား သမီးများကို ပညာသင်ကြားနိုင်ရန် အလှမ်းဝေးပြီး အိမ်ကိုပင်အမိုးမမိုးနိုင်သည့် အခြေအနေဟု ရေနံ လှောင်ကန် စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသူ ဦးသာလှရွှေက ဆိုသည်။
ထိုကျွန်းပေါ်တွင် ကျေးရွာလေးရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၇၀၀ ကျော်ရှိသည်။ လယ်ယာမြေများနှင့်ရေလုပ် ငန်းများ စွန့်လွှတ်ခဲ့ရပြီး နောက်ပိုင်းတွင် အလုပ်လက်မဲ့များ များပြားလာခဲ့ပြီး ကလေးငယ်များကို ပညာ သင်ကြားနိုင်မှုမှာ ယခင်ထက်သုံးဆခန့် လျော့နည်းသွားသည်ဟု မဒေးကျွန်း ရွာမကျေးရွာရှိ ကျောင်းအုပ် ဆရာ ဦးကြည်စိုးက ပြောသည်။
“ကလေးသုံးယောက်ရှိရင် မိန်းကလေးဖြစ်သူကိုပဲ ကျောင်းထားနိုင်တယ်။ တချို့အတန်းတွေဆို ကျောင်း သားငါးယောက်မပြည့်ဘူး”ဟု မဒေးကျွန်း၊ ရွာမကျေးရွာရှိ ကျောင်းအုပ်ဆရာက ပြောသည်။
ဒေသတစ်ခု၊ မြို့နယ်တစ်ခု၊ တိုင်းပြည်တစ်ခု၏ အနာဂတ်သည် လူငယ်များ၏ လက်ဝယ်တွင်ရှိသည်။ ထိုကလေးငယ်များ၊ ကျောင်းသားများသည် ပညာသင်ကြားခွင့်မရနိုင်ဆိုပါက ထိုဒေသ၏ အနာဂတ်လည်း ကောင်းမွန်မည်မဟုတ်ပေ။ ထိုကျွန်း ကလေးသည် မြေယာများသိမ်းဆည်းခံရ ခြင်းမဟုတ်၊ ရေလုပ်ငန်း များဆုံးရှုံးရခြင်းမဟုတ်၊ ၎င်းတို့၏ အနာဂတ်များဆုံးရှုံး ခြင်းသာဖြစ်သည်။
မဇ္ဈိမ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။