မတူပီနှင့် ရေဇွာ အမျိုးသမီးခေါင်းဆောင်များ ဆန္ဒပြပွဲကြောင့် ရဲစခန်းတွင် စစ်ဆေးမေးမြန်းခြင်းခံရ
ခမ်ဘွေလျန်
ဇွန်လ (၂၆) ရက်၊ ၂၀၁၄
ဇွန်လ (၂၆) ရက်၊ ၂၀၁၄
ချင်းပြည်နယ် မတူပီမြို့နှင့် ရေဇွာမြို့နယ်ခွဲတို့တွင် ဇွန်လ (၂၃) ရက်နှင့် (၂၄) ရက် တို့တွင် အမျိုးသမီးများဘ၀လုံခြုံရေးအတွက် ဒေသခံအမျိုးသမီးထုတို့မှ ဆန္ဒပြခဲ့ကြပြီး၊ ယခုအခါတွင် ဦးဆောင်ခဲ့သူ ခေါင်းဆောင်များမှာ ရဲစခန်းတွင် စစ်ဆေးမေးမြန်းခြင်း ခံရလျက်ရှိသည်ဟု သိရသည်။
ရေဇွာအမျိုးသမီးခေါင်းဆောင် ဒေါ်ငွန်ချင်းပါရ်က “ ၂၅ ရက်နေ့က မတူပီသွားဖို့ ရေဇွာကနေ ထွက်လာတာ ၄ မိုင်လောက်အရောက်မှာ ဒုရဲအုပ်အေးမောင်က ချင်းပြည်နယ်ဝန်ကြီးချုပ်က ခွင့်ပြုချက်မရပဲ ဆန္ဒထုတ်ဖော်လို့ မင်းတို့ကို အမှုလုပ်ထားတယ်။ ရဲစခန်းကို အေးအေးဆေးဆေးလိုက်ခဲ့ကြ၊ မဟုတ်ရင် မင်းတို့နာသွားမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်၊ ဒါနဲ့ပဲ ရေဇွာရဲစခန်းကို ပြန်လိုက်သွားခဲ့တယ်” ဟု ချင်းဝေါလ်သို့ပြောသည်။
ရဲစခန်းတွင် ဒေါ်ငွန်ချင်းပါရ်၊ မဆွေးဆွေးကြည်၊ ဒေါ်ကော်ထွေးနှင့် ဒေါ်တင်ရီတို့ (၄) ဦးအား စစ်ဆေးမေးမြန်းခဲ့ပြီး၊ ခရီးမထွက်ပါ၊ ထွက်မပြေးပါဟု ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ကာ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကလည်း အာမခံလက်မှတ်ထိုးပေးခဲ့ကြရသည်ဟု ဒေါ်ငွန်ချင်းပါရ်မှ ပြောသည်။
အခြားခေါင်းဆောင်တဦးမှ- “ ဒုရဲအုပ်အေးမောင်က ၀န်ကြီးချုပ်က အမှုလုပ်တယ်လို့ပြောမယ့်၊ စခန်းမှူးကတော့- ပြည်နယ်ကလို့ပဲပြောပါတယ်၊ ၀န်ကြီးချုပ်ကိုယ်တိုင်တော့ မဟုတ်လောက်ပါဘူး၊ ရဲစခန်းမှူးကတော့ ကောင်းကောင်းမွန်မွန်မေးပါတယ်” ဟု ပြောသည်။ အဆိုပါကိစ္စရပ်အား ချင်းဝေါလ်မီဒီယာမှ ဆက်သွယ်အတည်ပြုရန် ကြိုးစားသော်လည်း မရခဲ့ပေ။
မေးခွန်းများမှာ- နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်းရှိသနည်း၊ မည်သည့်အတွက်ကြောင့်လုပ်သနည်း၊ မည်သူကခိုင်းသနည်း၊ မည်သူများက ကူညီသနည်း စသည့်မေးခွန်းများအား မေးမြန်းခဲ့သည်ဟု သိရသည်။
ဒေါ်ငွန်ချင်းပါရ်က “ကျမတို့ကတော့ အမှန်တကယ်ကိုပဲ လုပ်ဖို့ကိုလိုအပ်လွန်းလို့ အမျိုးသမီးဘ၀လုံခြုံရေးအတွက် ဆန္ဒပြခဲ့ကြတာပါ။ ခွင့်ပြုချက်မရတာကလွဲရင် တခြားဘာမှ အမှားလုပ်မိတာ မရှိဘူး။ ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာပါပဲ။ ခွင့်ပြုချက်ကလည်း တောင်းပေမယ့် မရတာလေ” ဟု ပြောသည်။
မတူပီမြို့မှ ခေါင်းဆောင်များဖြစ်ကြသော ဆရာမထန်ဇင်း၊ ဆရာမဇမ်း၊ အဲန်အယ်လ်ဒီမှ ဦးမောင်းဟန်နှင့် ဦးတိတ်မန်းတို့မှာလည်း မတူပီရဲစခန်းတွင် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။