အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (ယာမှ ဒုတိယ)၊ သမီးကြီး မာလီယာ (ယာစွန်) ၊ သမီးငယ် ဆာရှာ (ယာမှ တတိယ) နှင့် သမ္မတကတော် မစ်ရှယ်လ်တို့ အိမ်ခြေမဲ့များအား အစားအသောက် ကျွေးမွေးသော ဒီစီ ဗဟိုစားဖိုဆောင်တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက် (မာတင် လူသာကင်းနေ့)က လုပ်အားပေးနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Official White House Photo by Pete Souza)
အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားနှင့် သမ္မတကတော် မစ်ရှယ်လ်တို့သည် သမီးနှစ်ဦးကို အနိမ့်ဆုံးလုပ်ခသာ ရရှိသော လူနေမှုဘဝကို မြည်းကြည့် ခံစားစေလိုကြောင်း၊ ဇွန်လ ၂၃ ရက်၊ တနင်္လာနေ့တွင် ကျင်းပမည့် အစိုးရထိပ်သီးအစည်းအဝေးမတိုင်မီ Parade မဂ္ဂဇင်း အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားပါသည်။
အမေရိကန်အစိုးရနှင့် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသည် အလုပ်အကိုင်များကို မိသားစုများအတွက် လိုက်လျောညီထွေ အဆင်ပြေအောင် ဖန်တီးပေးရေးအတွက် ရည်ရွယ်ပါသည်။
သမ္မတ အိုဘားမားရော ဇနီး မစ်ရှယ်လ်ပါ ကျောင်းသားဘဝတွင် အနိမ့်ဆုံးလုပ်ခဖြင့် အလုပ်လုပ်ခဲ့ကြရသူများ ဖြစ်သည်။ နောင်တစ်ချိန်မှာ အမေရိကန် ပြည်ထောင်စု၏ သမ္မတကြီး ဖြစ်လာမည့် ဘာရက်ခ် အိုဘားမားသည် ဘတ်စကင်-ရော်ဘင်းစ် အိုက်စကရင်မ်ဆိုင်တွင် ရေခဲမုန့်များ ထည့်ပေးခဲ့ရသည်။ ဘိုးဘွားရိပ်သာ ထမင်းစားဆောင်တွင် စားပွဲထိုး လုပ်ခဲ့ရသည်။ ဆေးသုတ်သမားလည်း လုပ်ခဲ့ရသည်။
မစ်ရှယ်လ်သည် စာအုပ်ချုပ်ဆိုင်တစ်ခုမှာ အနိမ့်ဆုံးလုပ်အားခဖြင့် အလုပ်လုပ်ခဲ့ရသည်။ ထိပ်တန်းတက္ကသိုလ်ကြီးမှ ဥပဒေဘွဲ့ရပြီးနောက်မှာလည်း သမီးနှစ်ယောက်ဖြင့် ဇနီးမောင်နှံ ရုန်းကန်ခဲ့ကြရသည်။
သူတို့နှစ်ဦး တက္ကသိုလ်မှ အောင်ခါစတွင် ယောက္ခမအိမ် အပေါ်ထပ်မှာ တစ်နှစ်ခန့် ခိုကပ် နေထိုင်ခဲ့စဉ် ဒေါ်လာ ၁,၀၀၀ တန် ကားဟောင်းတစ်စင်းဖြင့် အလုပ်သွားခဲ့ရသော ဘဝကိုလည်း အိုဘားမားက ပြောပြခဲ့ပါသည်။ ပညာသင်ချေးငွေများ ပိနေရင်း သမီးငယ်လေးနှစ်ဦးဖြင့် လင်မယား ရုန်းကန်ရသော ဘဝကိုလည်း ပြောကြားပါသည်။
"မာလီယာ မွေးတဲ့အချိန်၊ ဆာရှာမွေးတဲ့အချိန်မှာ ကျွန်တော် ညဆိုင်း အလုပ်လုပ်ရတာ သတိရပါသေးတယ်၊ မနက် ၂ နာရီလောက် အိပ်ရာကထပြီး ကလေး သေးခံအဝတ်လဲပေးရတယ်၊ သမီးတွေကို ဗိုက်မနာအောင် လေထုတ်ပေးပြီး သီချင်းဆို သိပ်ပေးရသေးတယ်" ဟု ယခု အသက် ၁၆ နှစ်နှင့် ၁၃ နှစ်အရွယ် ဆယ်ကျော်သက် သမီးနှစ်ယောက် ငယ်စဉ်က သူတို့ဘဝကို ပြောခဲ့ပါသည်။
ထိုကဲ့သို့ အနိမ့်ဆုံး လုပ်အားခဖြင့် လင်မယားနှစ်ဦး ကြိုးစားခဲ့ရသော ဘဝသည် နောင်တွင် သူတို့၏ စရိုက်လက္ခဏာများ ကောင်းမွန်တိုးတက်အောင် တည်ဆောက်ယူနိုင်သော အတွေ့အကြုံများ ဖြစ်သဖြင့် သမီးများကိုလည်း ထိုဘဝမျိုး မြည်းကြည့်ပြီး မျှဝေခံစားစေချင်သည်ဟု သမ္မတက ပြောကြားသည်။
ဇွန်လ ၂၃ ရက်တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒင်နှင့် အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ ပုဂ္ဂလိကစီးပွားရေး ကုမ္ပဏီများမှ အမှုဆောင်အရာရှိကြီးများ တက်ရောက်ကြသည်။
သမ္မတ အိုဘားမားက အလုပ်သမားများအတွက် မိသားစုဘဝ အဆင်ပြေအောင် သားသမီးပြုစုပျိုးထောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်ကုသမှု၊ ပညာသင်ကြားရေးတို့ကို အကွက်ကျကျ တည်ဆောက်ပေးရန် ညွှန်ကြားသည်။
သမ္မတ အိုဘားမားသည် အမေရိကန် ပြည်ထောင်စု တစ်ခုလုံးတွင် အနိမ့်ဆုံးလုပ်အားခကို တစ်နာရီလျှင် ၁၀.၁၀ ဒေါ်လာသို့ တိုးမြှင့်ရေး၊ အမျိုးသမီးများ လုပ်အားခကို တန်းတူညီမျှ ရရှိရေးနှင့် သာမန်အလုပ်သမားများ မိသားစု အပန်းဖြေခွင့်ရက် ရရှိရေးတို့ကို အာရုံစိုက် လုပ်ကိုင်နေပါသည်။
"ကုမ္ပဏီအများစုမှာ နာရီစား အလုပ်သမားတွေဟာ ခွင့် ၃ ရက်လောက် ယူချင်ရင် အလုပ်ပြုတ်တာပဲ၊ အနည်းဆုံးတော့ ဝင်ငွေမရဘူး၊ အလုပ်သမားတွေမှာ ဝင်ငွေမရရင် မဖြစ်ဖူးလေ" ဟု သမ္မတ အိုဘားမားက အင်တာဗျူးတွင် ပြောကြားသည်။
သမ္မတ အိုဘာမား၏ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်အောင် ယခု နိုဝင်ဘာလတွင် ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲတွင် ဒီမိုကရက်အမတ်များ အားကောင်းသော ဆီးနိတ် အထက်လွှတ်တော်မှာ အမတ်ဦးရေ ဆက်လက် ထိန်းထားရန် လိုအပ်ပြီး၊ ရီပတ်ဘလီကန်အမတ်များ ကြီးစိုးသော အောက်လွှတ်တော်တွင် လက်ခံအတည်ပြုရန် အခက်အခဲ ကြီးမားမည်ဟု လေ့လာသူများက သုံးသပ်ပါသည်။
http://kabarthit.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။