June 10, 2014 at 5:47pm
“ သူ့ ကိုတော့ ငါ တော်တော်မျှော်လင့်ထားတာပါဟာ”
ကြေကွဲတုန်ယင်စွာ ဖြင့်  ပြောလိုက်သည့် ဆုစကားသံအဆုံးတွင် ဝေမာသက်ပြင်းဖွဖွချမိရင်း
လွဲပြန်ပြီတစ်ယောက်ဟု စိတ်ထဲမှတီးတိုးရေရွတ်မိသည်။သို့ သော် နုတ်ခမ်းတွန့် ကွေးပြုံးရယ်ကာ
ဆု ပုခုံးကိုဖွဖွဖက်လိုက်သည်။
“ အော်… ခုလိုစောစောသိရတာမကောင်းဘူးလားဆုရယ်၊ တကယ်လို့ လက်ထပ်ပြီးမှသိရင်
နင်ပဲတစ်သက်လုံးစိတ်ဆင်းရဲရမှာပေါ့ ..ဟုတ်ဘူးလား”
“မဟုတ်ဘူး၊ ခုလည်းငါစိတ်ဆင်းရဲနေတယ်ဟဲ့ ၊ငါလေ..ငါသူ့ ကိုတစ်ကယ်ချစ်ခဲ့တာပါ”
လာပြန်ပြီဟု စိတ်ထဲမှတွေးရင်း မျက်ရည်ဝေနေသောဆုမျက်ဝန်းများကိုသေချာစိုက်ကြည့်နေမိသည်။
ဒသဂီရိကခေါင်းဆယ်လုံးရှိသလို ဆု မှာလည်းချစ်တတ်သည့်အသည်းနှလုံးဆယ်ခုများပါလေရော့သလား။
ဆယ်ကျော်သက်အရွယ်မှစ၍ယခုထိ ဆုချစ်ခဲ့သူအရေတွက်မှာတော်တော်များနေလေပြီ။
ချစ်လျှင်လည်းသူ့ အပြင်မရှိသလို လမ်းခွဲပြီးလျှင်လည်း လှည့်ပင်မကြည့်တော့သည့် ဆုအကျင့်ကို
ဝေမာကတော့နောကြေနေပါပြီ။
နောက်ပြီး…ဘယ်တော့ဖြစ်ဖြစ် ဆု ဘက်ကစတင်လမ်းခွဲခဲ့သည်ချည်း။
လမ်းခွဲရသည့်အကြောင်းကလည်းတစ်ခုတည်းပင်။
“ငါ့ ကံကြမ္မာကိုက ဆိုးတာပါ၊ ဒီလိုယောင်္ကျားတွေနဲ့ ချည်းဆုံရအောင်အရင်ဘ၀က
ဘာတွေလုပ်ခဲ့လဲပဲ”
“အော်..ယောင်္ကျားတိုင်းဒီလိုပါပဲဟာ၊ လူတိုင်းမှာ အားနည်းချက်ဆိုတာရှိစမြဲပဲ၊
စင်းလုံးချောခြောက်ပစ်ကင်းဆိုတာဘယ်မှာရှိလို့လဲ”
“အမယ်..နင်ကယောင်္ကျားတွေအကြောင်းဘယ်လောက်သိလို့ လဲ၊ တစ်ယောက်တည်းနဲ့ ကြိုက်ပြီး တစ်ယောက်တည်းကို
ယူလိုက်တာများ၊ နင်လည်း ကျော်ထိုက်လို လူမျိုးနဲ့ ဆုံအောင် ငါရွေးပေးလိုက်ပေ လို့ ပဲ
၊နို့ မို့ ဆို နင့်ပုံစံခပ်တုံးတုံးနဲ့ ဆိုယောင်္ကျားတွေလှည့်တာပတ်တာခံလိုက်ရမယ့်ဖြစ်ခြင်း”
ပက်ခနဲပြောလိုက်သည့် ဆုစကားကြောင့် ဝေမာအောင့်သက်သက်ဖြစ်သွားပေမယ့် ငယ်ကတည်းက
ပေါင်းလာသောသူငယ်ချင်းအကျင့်ကိုသိသူမို့ စိတ်မဆိုးသည့်အပြင်ဆုကိုလည်းသနားသွားသည်။
တကယ်တော့ဆု သည် မောင်နှင့် ဝေမာတို့ ညာသမျှ ခံခဲ့ ရသည်ကို ခုထိမသိပါလား။
ဆု နားလည်ထားသည်က ဝေမာသည် ဆု အထင်မသေးသည့် ရှားရှားပါးပါးယောင်္ကျားတစ်ယောက်နှင့် 
ကံကောင်းထောက်မစွာ အိမ်ထောင်ကျသွားခြင်းဟု..ပင်။
xxxxxxxxxxxxxxxxxxxxx
ဆု ၏ယောင်္ကျားများကိုအထင်သေးတတ်သည့်ရောဂါသည် ဆယ်ကျော်သက်အရွယ်ကတည်းက
စတင်ခဲ့မှန်းဝေမာသိသည်။ ဆုသည် မိမိအနီးအပါးတွင်မြင်တွေ့ ရသောယောင်္ကျားများကို
အထင်ကြီးစရာမကောင်းဟု ဝေမာ့ကိုအမြဲပြောပြနေကျပါ။
“ငါငယ်ငယ်ကတည်းက အဖေကမူးလာပြီးဆိုရင် အမေ့ ကို အမြဲရန်လုပ်တယ်၊ ပေါက်ကရတွေ အော်ပြောတာ
ငါမကြိုက်ဘူး၊ ငါ့ကိုလည်းချစ်ပေမယ့် အော်တတ်တယ်၊ ယောင်္ကျားဆိုတာ စကားပြောရင်တည်တည်ကြည်ကြည်
ပြောမှ ငါသဘောကျတာ၊
နောက်အံတီလေးယောင်္ကျားဆိုလည်း မိန်းမလိုမိန်းမရနဲ့ သိပ်စကားများတာ၊ အံတီလေးကအေးတော့
လင်မယားစကားများကြရင်ဘာမှမပြောဘူး၊သူကချည်းပစိပစပ်ပြောနေတာငါသိပ်အမြင်ကပ်တာပဲ၊
ယောင်္ကျားဆိုတာဒီလိုနုတ်သီကောင်းလျှာပါး ပြောစရာမလိုဘူး”
ဆုသည် ငယ်စဉ်ကတည်းက အဖေနှင့် အဒေါ့် ယောင်္ကျားကိုအထင်မကြီးသလို အရွယ်လေး ရ လာသည့်အခါ
အကိုဖြစ်သူကိုလည်း သဘောမကျပေ။
“ငါ့အစ်ကို မှာ ရည်းစားနှစ်ယောက်ရှိတယ်၊ သူက ခုထိ ဘယ်သူနဲ့ ယူမယ်လို့ ပြတ်ပြတ်သားသားမပြောဘူး၊
ညဆက်ဆို ဖုန်းတလုံးနဲ့ ရည်းစားနှစ်ယောက်ကို လှည့်ပတ်ပြောနေတာငါကြည့်လို့ကိုမရဘူး၊
ယောင်္ကျားကောင်းဆိုတာ တည်ကြည်ပြီးသိက္ခာရှိရတယ်၊ သစ္စာရှိရတယ်လေ၊ ငါ့ အကိုကတော့ အလကားပါ၊
ပဲ့ ပြားပင်လို လေတိုက်တိုင်းယိမ်းနေတာ”
အကို့ စရိုက်ကိုသဘောမကျသော ဆုသည် အရွယ်ရောက်လာသောမောင်လေးကိုလည်း ကြည့်မရပါ။
“ခေတ်ကပဲဖြစ်နေတာလားတော့မသိဘူးဟယ်၊ ငါ့ မောင်လေးမှာ စပွန်ဆာတွေရှိတယ်တော့၊ဒီအရွယ်လေးနဲ့ 
ပညာတွေတတ်နေလိုက်တာ..မမ မမ နဲ့ ၊ ခုမှ နှစ်ဆယ်ကျော်ခါစရှိသေးတယ်၊ ရုပ်ချောတာလေးဗန်းပြပြီး
မိန်းကလေးတွေဆီက ခြူစားချင်နေပြီ၊ ငါနဲ့ တော့တစ်ကျက်ကျက်ပဲ၊စိတ်ပျက်ဖို့ ကောင်းတယ်၊ ယောင်္ကျားဆိုတာ
ချစ်သူရည်းစားထားရင်တောင် ကိုယ်ကပေးရမှာ..သူတို့ ခေတ်ကျမှပိုင်းလုံးလုပ်နေတယ်”
ကိုယ့်မောင်လေးကိုပင် မညှာမတာကဲ့ ရဲ့ တတ်သောဆုပါ။
သည်လိုမျိုး….ပတ်ဝန်းကျင်မှ ယောင်္ကျားသားများကို အထင်သေးရှုတ်ချတတ်သောဆုသည် မိမိအထင်ကြီးသည့်ယောင်္ကျားကိုသာခေါင်းခေါက်ရွေးယူမည်ဟုအစဉ်ကြွေးကြော်လေ၏။
နေပါဦး။ ဒုတိယနှစ်မှာ ဆု ရည်းစားစထားတာဘယ်သူနဲ့ ပါလိမ့် ..ဟု ဝေမာပြန်စဉ်းစားမိသည်။
မှတ်မိပြီ။ အဲ့သည်တုန်းကဆုအချစ်ဦးက တတိယနှစ်မှခပ်ချောချောအကိုကြီးတစ်ယောက်ပင်။
ချစ်သူရစက ဆုပျော်နေသည်မှာဝေမာပင်အားကျရသည်။
“ဝေမာရယ်၊သူကလေ စကားပြောတာလည်းသိပ်နူးညံ့ တာပဲ၊ငါ့ ကိုလည်းအရမ်းဂရုစိုက်တယ်၊
သူ့ မှာ ငါ အထင်သေးစရာတစ်ကွက်မှမတွေ့ ဘူး၊ငါလိုချင်တာဒီလိုယောင်္ကျားမျိုးလေ”
ဆုလိုချင်တာရသည်မို့ ဝေမာလည်းဝမ်းသာမိပါသည်။သိုသော့်ထိုအချိန်ကာလသည်နှစ်ဝက်ခန့် ပင်မကြာလိုက်ပေ။
ဆုသည် ပထမဦးဆုံးရည်းစားနှင့် ပြတ်စဲသွားသည့်အကြောင်း ဝေမာ့ကိုငိုကြွေးရင်ဖွင့်လေတော့သည်။
“ငါကတော့ အထင်ကြီးလိုက်ရတာ…သူ ဟာသိမ်မွေ့ အေးဆေးသူလို့ လေ၊ပြသနာစဖြစ်တာက ဒီလိုဟ..
တနေ့ မြို့ ထဲမှာ ကောင်မလေးတစ်ယောက်နဲ သူ့ လက်ချင်းချိတ်ပြီးသွားနေတာငါလှမ်းမြင်လိုက်လို့ 
ဘာတော်လဲမေးကြည့်တာပါ၊ သူ့ ကို ဘာမှလည်းမစွပ်စွဲရသေးပါဘူး၊ဒါကိုသူက ငါ့ကိုဒေါနဲ့မောနဲ့ 
အော်ဟစ်ပြောနေတာများစရိုက်ဆန်လိုက်တာ၊ အရင် ငါ့ ရှေ့ မှာသူပြောဆိုနေထိုင်လာတာက
ဟန်ဆောင်ထားတာနေမယ်၊စိတ်ပျက်စရာကောင်းလိုက်တာ”
“အော်..ဆုရယ်၊ ဒါမျိုးဆိုတာ သမီးရည်းစားတွေမှာဖြစ်တတ်တာပဲ၊ရန်ဖြစ်ပြီးပြန်ချစ်ရတာပျော်စရာဆို”
“ငါကတော့မပျော်ဘူးဝေမာ၊ ငါ ကယောင်္ကျားဆိုရင် တည်ကြည်ပြီးသိက္ခာရှိတာပဲကြိုက်လို့ သူ့ကိုရွေးလိုက်တာ၊
ခုတော့ သူ ကထင်ထားသလိုမဟုတ်ဘူး၊ငါ ၀မ်းနည်းလိုက်တာဟာ”
ဆု၏ပထမဆုံးအသည်းကွဲခန်းမှာ ဝေမာလည်းစိတ်မကောင်းဖြစ်ကာ မျက်ရည်သီသီဝေ့ ခဲ့ရပေမယ့်လည်း…
ဒုတိယမ္မိ ၊တတိယမ္မိ ပြတ်စဲခန်းတွေ များလာသည့်အခါမှာတော့ စိတ်ရှုပ်လာသည်။
ဆုကတော့ထုံးစံအတိုင်း တကယ်ချစ်ခဲ့တာပါဆိုသောစကားကို ပြောစမြဲ။ယောင်္ကျားတွေဟာ ဘာလို့ များ
ငါအထင်သေးစရာတွေများနေရတာလဲ..ဟုမချိတင်ကဲရေရွတ်စမြဲပင်။
xxxxxxxxxxxxxxxxx
နောက်ဆုံးနှစ်မှာ မောင်နှင့် ဝေမာချစ်ကြိုက်ခါစက ဆု မသိခဲ့ပါ။
တခြားသူငယ်ချင်းမထားဘဲဝေမာ့ကိုသာ တွယ်တာလွန်းသည့်ဆုအား ရည်းစားရနေသည့်အကြောင်းဝေမာမပြောရဲပေ။
ထိုအချိန်က ဆုသည် တတိယမြောက်ရည်းစားကို ပစိပစပ်များသည်ဟုဆိုကာလမ်းခွဲခါစလည်းဖြစ်၏။
ထိုရည်းစားသည် ဆုကိုငုံထားမတတ်သည်းသည်းလှုပ်ချစ်တာဝေမာအသိပင်။
“ဆုရယ်… နင့်ကိုဒီလောက်ချစ်တဲ့သူပဲ..သူ့ အားနည်းချက်ကိုခွင့်လွှတ်ပေးလိုက်ပါ”
“မရဘူးဝေမာ၊နင်လည်းငါ့အကြောင်းသိရဲ့သားနဲ့ ၊ ငါကအထင်သေးသွားရင်မရတော့ဘူး၊ ယောင်္ကျားမဆန်ဘဲ
နေရာတကာမိန်းမကြီးလို ပွစိပွစိ နဲ့ ပြောတတ်တဲသူနဲ့ ငါဘယ်လိုမှဆက်မတွဲနိုင်တော့ဘူး
စိတ်တော့မကောင်းပါဘူး၊ငါလေ သူ့ ကိုတကယ်ချစ်ခဲ့တာပါဟယ်”
ဆုအချစ်ကိုဝေမာမယုံတော့ပါ။ဆုသည် ယောင်္ကျားများအပေါ်ဘာလို့များသည်လို အထင်သေးစိတ်ဝင်နေသလဲ ဆိုတာနားမလည်နိုင်တော့သည့်ဝေမာသည် မောင့် အပေါ်တွင်လည်း ဆုအပြစ်ရှာကဲ့ ရဲ့ မှာကြောက်မိသည်။
ဝေမာသည်ဆုကိုညီအမအရင်းကဲ့သို့ ချစ်သလိုဆု၏စိတ်ကိုလည်းနားလည်သဖြင့် မောင်နှင့်မိတ်ဆက်ပေးရမှာ
တွန့် ဆုတ်နေမိသည်။ မောင့်ကို ဆုအထင်သေးသည့်ယောင်္ကျားမဖြစ်စေလိုသည်မှာဝေမာ့၏အတ္တပင်။
ထို့ ကြောင့် ဝေမာနှင့် မောင် တိုင်ပင်ကာဆုကိုတပတ်ရိုက်ရလေတော့သည်။
“ဆု.. နင့်ကိုငါပြောစရာရှိလို့ ”
“အင်း..ပြော ”
“ငါ့ ကို လေ ငါတို့ လမ်းထဲကလူတစ်ယောက်လိုက်နေတယ်”
“အမယ်…တယ်ဟုတ်ပါလား ၊သူကဘယ်မေဂျာလဲ”
“သူကကျောင်းပြီးသွားပြီဟ၊ အလုပ်ဝင်နေပြီ”
“ဟဲ့ …ဒါဆို တစ်ရက်လောက်ကျောင်းကိုခေါ်လိုက်၊ငါကြည့်မယ်”
ပြောစရာရှိလျှင်အားမနာတမ်းပြောတတ်သည့်ဆုနုတ်ဖျားမှမောင့် အပေါ်ကဲ့ ရဲ့ စကားဆိုမှာ ဝေမာမလိုလားပါ။
သည့်အတွက် ဆုအကြိုက်များကိုသိသောဝေမာကမောင့်ကိုဆောင်ရန်ရှောင်ရန်များပြောပြရလေ၏။
သို့ ကြောင့်လားပဲလားတော့မသိပေ၊ ဆုသည် ဆုံတွေ့ ရသည့်အခါ မောင့်ပုံစံ ကို သဘောကျသည်။
“မဆိုးဘူးဝေမာရေ..ငါမြင်သလောက်တော့ လူကောင်းပဲ၊ပြောတာဆိုတာကအစယောင်္ကျားပီသတယ်၊
နင်ကရောသူ့ အပေါ်ဘယ်လိုသဘောထားလဲ”
“ဟိုလေ..ငါလည်းသူ့ ကိုမဆိုးဘူးထင်တာပဲဟယ်”
“အင်း..ဒါပေမယ့် နင်က ရိုးတော့ လူလည်နဲ့ တိုးမှာစိုးတယ်၊သူ့ စရိုက်တွေကိုသေချာစောင့်ကြည့်ပြီး
ငါ့ကိုပြောပြ..သိလား”
ဆရာမကြီးလေသံနှင့် ပြောနေသောဆုကိုကြည့်ပြီးစိတ်ထဲရယ်ချင်ကာသနားလည်းသနားသွားသည်။
ဆုအထင်သေးတတ်သောယောင်္ကျားများ၏စရိုက်ကိုသိနေသည့် ဝေမာ့ အတွက် မောင့်အပေါ်
ဆုအမှတ်ပြည့်ပေးလာမည့်နည်းလမ်းကို သုံးရသည်မှာမခက်ပါ။
သည်လိုနှင့် ဆုကသဘောတူသည့်အခါမှ မောင့်ကိုအဖြေပြန်ပေးသလိုပုံစံဖြင့် ဝေမာညာခဲ့ပါသည်။
သည်လိုညာခဲ့ရခြင်းသည်လည်း ချစ်သူငယ်ချင်း ဆု အတွက်ပါ။ ချစ်ခင်ရသောဆု စိတ်ဆင်းရဲ မှာကြောက်လှ
သည့်ဝေမာ့သံယောဇဉ်ကိုမောင်ကပင်အံ့ သြနေသည်။
“ဆုကိုဝေမာကသနားလို့ ပါမောင်ရယ်၊သူကမိသားစုထဲမှာအမေကလွဲရင် ဖအေနဲ့ ရောအကိုတွေ
မောင်တွေနဲ့ ရော တည့်တာမဟုတ်ဘူး။ ဆုအဖော်က ဝေမာပဲရှိတာပါ”
“သူ့ မှာ ရည်းစားရှိတယ်မဟုတ်လား”
“သူ့ ရည်းစားဆိုတာကလည်း မြဲတာမဟုတ်ဘူး၊ ပြောရရင် ဆုက ယောင်္ကျားတွေကိုအထင်သေးတတ်တယ်၊
ဘယ်လောက်ကောင်းတဲ့သူဖြစ်ဖြစ် အပြစ်ရအောင်ရှာတတ်တယ်”
“အင်း..ဒါလည်းစိတ္တဇတစ်မျိုးပဲ…တော်သေးတယ်..ဝေမာ့မှာ အဲ့ ဒီလိုအတွေးတွေမရှိလို့ ၊
နို့ မို့ ဆိုမောင်တော့မလွယ်ဘူးနော်”
မောင့်အပြောကြောင့်  ဝေမာ အသံထွက်အောင်ရယ်လိုက်မိပါသည်။
xxxxxxxxxxxxxxxxxx
မောင်နှင့်ဝေမာမင်္ဂလာဆောင်ကြတော့ ဆုလည်းပျော်နေပါသည်။
ဝေမာ ၀တ်ထားသည့် ရွှေဖလားရောင် သတို့ သမီးဝတ်စုံလေးကို ခပ်ဖွဖွပွတ်သပ်ရင်းပြောလာသည်။
“နင့်ကိုအားကျလိုက်တာဝေမာရယ်..ငါလည်းဒီလိုဝတ်စုံလေးဘယ်တော့များမှဝတ်ရပါ့ မလဲပဲ”
“အားကျရင် မြန်မြန်လက်ထပ်လိုက်ပေါ့ ၊ ခုနင်တွဲနေတဲ့ဆရာဝန်နဲ့ အဆင်ပြေတယ်မှတ်လား”
ဝေမာ့ အမေးကို ဆုကမျက်နှာမဲ့ ကာခေါင်းခါလေ၏။
“ ငါခုတလောသူ့ကြောင့်စိတ်ညစ်နေတာ၊ အစကတော့သူကဆရာဝန်ဆိုတော့ငါ့ မှာအားကိုးလိုက်ရတာ၊
တကယ်တော့ သူက သိပ်ညစ်ပတ်တာ”
“ဘယ်လို၊ ဆရာဝန်ကညစ်ပတ်တယ်..ဟုတ်လား”
“ ဟုတ်တယ်၊ ငါလည်းတွဲတာကြာလာမှသိတာ၊ သူ့ ကိုယ်ကအမြဲချွေးနံ့ နံနေတာပဲ၊ ဆံပင်ကစုတ်ဖွားနဲ့ ၊ ဆေးရုံကထွက်လာရင်လည်းဘယ်တော့မှ လက်တွေဘာတွေသေချာ ဆေးမလာဘူး၊
ဂျူတီကုတ်ဆိုလည်း ဂုတ်နေရာမှာချေးစင်းကြောင်းနဲ့ ၊ ငါပြောလိုက်ရင် အလုပ်ရှုပ်တယ်ဆိုတာချည်းပဲ၊
သူတစ်ပါးကျန်းမာအောင်ကုသပေးနေရတဲ့ ဆရာဝန်ပဲ၊ကိုယ်တိုင်က သန့်ရှင်းသပ်ယပ်အောင်နေမှပေါ့ ၊
သူ့ မှာဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် အထင်ကြီးစရာကိုမရှိပါဘူး၊ ငါ သူ့ ကိုဖြတ်တော့မှာပါ”
ဆုသည်ပြောခဲ့သည့်စကားအတိုင်း ထိုဆရာဝန်ကိုလည်းလမ်းခွဲလိုက်ပါသည်။
မကြာခင် ဆုမှာ နောက်ထပ် ချစ်သူတစ်ယောက် ထပ်ရသွားပေမယ့်လည်းဝေမာ့မှာသားလေးတစ်ယောက် ရလာသည်အထိအိမ်ထောင်မပြုသေးပေ။
အိမ်ရှင်မဖြစ်သည့်ဝေမာက ၀လာပြီးရုပ်ရင့်သွားပေမယ့် ဆုကတော့လှပသွက်နေဆဲပါ။
နိုင်ငံခြားကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေသည့်ဆုသည်မိသားစုစီးပွားရေးအတွက်လည်းမပူရဘဲ
ဒေါ်လာနှင့်ရသည့် ကိုယ့်လစာကို အလျှံပါယ်သုံးနေရသည့်အခါ ကိုယ်တွဲနေသူနှင့် လစာချင်းယှဉ်ပြန်၏။
“မိဘကလည်းပညာပြည့်စုံအောင်သင်ပေးပြီးနေပြီ၊ ကျန်တာကိုယ့်ဘာသာကြိုးစားမယ်မရှိဘူး၊ မလုပ်မရှုပ်မပြုတ်နေပြီးလစာနည်းနည်းပဲရတဲ့ ကုမ္မဏီမှာလုပ်နေတဲ့ အင်ဂျင်နီယာကိုငါကဘယ်လိုလုပ်အားကိုးမလဲ၊ ငါပြောရင်လည်းမကြိုက်ပြန်ဘူး၊ သူ့ ယောင်္ကျားမာနကိုထိတယ်တဲ့ ..တကတည်း အကြောကတင်းသေးတယ် ”
ဒေါနှင့်မာန်နှင့်ပြောပြနေသည့်ဆုကို ဝေမာဘယ်လိုနှစ်သိမ့်ရမည်မသိပေ။
ဘယ်လိုပဲစိတ်တိုင်းမကျဘူးပြောနေပေမယ့် ထိုအင်ဂျင်နီယာအပေါ်တော့ဆုသည် တော်တော်သံယောဇဉ်ကြီးပုံရသည်။ ချစ်သူသက်တမ်း ၂ နှစ်ကျော်လာသည်အထိမြဲနေသည်မို့ ဆုတစ်ယောက်တော့ အဆင်ပြေနေပြီဟုဝေမာထင်ထား ကာမှ နောက်ဆုံးတော့ လမ်းခွဲလိုက်ပါသတဲ့ ။
သူ့ ဘာသာအဆက်ဖြတ်ပစ်ကာ သူ့ ဘာသာအသည်းကွဲငိုကြွေးနေသည့်ဆုကိုဝေမာနားမလည်တော့ပေ။
သည်လိုအမြဲဘာကြောင့်ဖြစ်ရသလဲဟုအဖြေရှာကြည့်သည့်အခါယောင်္ကျားများကို ဆု အထင်သေးတတ်ခြင်းက
ပြသနာဖြစ်မည်ဟုဝေမာကောက်ချက်ချမိပေမယ့် မောင်ကတော့လက်မခံပေ။
“ဝေမာပြောတာမောင်တော့လက်မခံဘူး၊ တကယ်တော့ ဆုကယောင်္ကျားတွေကိုအထင်ကြီးလွန်းတာ”
“မောင်ကတော့လုပ်ပြီ၊ ဘယ်ကလာ အထင်ကြီးရမှာလဲ၊အထင်သေးတတ်လွန်းလို့  ဘယ်သူနဲ့ မှ
အဆင်မပြေဘဲခွာပြဲသွားရတာလေ”
“မဟုတ်ဘူး၊ ဆုရဲ့ မသိစိတ်ထဲမှာ ယောင်္ကျားတွေကို အထင်ကြီးနေတယ်၊ ယောင်္ကျားဆိုတာဟာ သစ္စာရှိတဲ့ သူ၊
ထက်မြက်ထူးချွန်တဲ့သူ၊တည်ကြည်ဖြောင့်မတ်သူလို့  ဆု ကအထင်တကြီးတွေးထားတာ၊
ဒီလိုအရည်အချင်းတွေ ပြည့်စုံမှ ယောင်္ကျားလို့ ဆုကသတ်မှတ်နေတာ”
မောင်ပြောတာနားထောင်ကြည့်တော့လည်းဟုတ်နေသလိုလိုပင်။
ငယ်စဉ်ကတည်းက ဆုပြောလာခဲ့သည့်ယောင်္ကျားဆိုတာ…ဟူသောစကားများကို ဝေမာတစိမ့်စိမ့်ပြန်တွေးကြည့်မိတော့
ဆုဟာ တကယ်ပဲယောင်္ကျားများကိုအထင်ကြီးချင်ခဲ့သည်ပဲလေ။
သည်လို အငုံ့ စိတ်ရှိသူဖြစ်နေသောကြောင့်လည်းယောင်္ကျားများ၏တော်ရုံအပြစ်များကို ခွင့်မလွှတ်တတ်ခဲ့တာဖြစ်မည်ဟုဝေမာထင်သည်။
ကျောက်ကောင်းတိုင်းမှာတောင် အနာအဆာဆိုတာ ရှိတတ်သည်ပဲ။ အတောင်နှစ်ဆယ်ဝတ်ယောင်္ကျားဆိုသူတိုင်းလည်း အချိန်ပြည့်တော့ဘယ်တည်ကြည်မြင့်မြတ်နေပါ့မလဲ။ငယ်စဉ်ကတည်းက ဇာတကဇာတ်တော်များကို ကြိုက်နှစ်သက်လှသည့်
ဆုဟာ နှစ်ဆယ့်တစ်ရာစုခေတ်မှာဘုရားအလောင်းလို ကျင့်ကြံသူမျိုးရှာချင်လေသည်ပဲ။
ချစ်လှစွာသောသူငယ်ချင်းမကို ဝေမာ ဘယ်လိုများဖြေသိမ့်ဖျောင်းဖျရပါ့ ။
ယောင်္ကျားများ၏အရည်အသွေးကို စစ်ချနေသောဆု၏ဆန်ကာပေါက်သည် ကြဲလွန်းလှသည့်အတွက်
အဘယ်ယောင်္ကျားမှ တင်ကျန်ခဲ့မည်မဟုတ်ဘူးဆိုတာ ဘယ်လိုပြောရပါ့ မလဲ။
ပြောစရာ ရှာမရသေးပါ။
ဆုကျေနပ်အောင်ပြောဆိုဖျောင်းဖျဖို့ စကားလုံးများရှာမရသေးပါ။
သည်တော့လည်း ဝေမာလုပ်နိုင်သည်မှာ တစ်ခုတည်းသာရှိပါတော့သည်။
နောက်တစ်ကြိမ် ဆု ယောင်္ကျားတစ်ယောက်ကို အထင်သေးစိတ်ပျက်ပြီး လမ်းခွဲလာသည့်အခါ..
အက်ကြောင်းထပ်အောင်ပြောမည့်ဆု၏၀မ်းနည်းစကားများကိုနားထောင်ပေးခြင်းမှတစ်ပါး…….။
ကြာဖြူနွယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။