By The Voice Weekly on Thursday, November 29, 2012 at 6:03am ·
တကယ်တော့ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ ဆွေးနွေးဖို့ စီစဉ်တာပါ။ ဒီလို ကျွန်မတို့ကို ပြည်သူလူထုကနေပြီးတော့ သောင်းသောင်းဖျဖျနဲ့ ကြိုဆိုတယ်မယ်လို့ မထင်ခဲ့ပါဘူး။ ကျေးဇူးတင်ပါတယ်။ လာပြီးတော့ လာပေးတဲ့အတွက် (ပြည်သူများ၏ လက်ခုတ်သံများ)
အဲ့တော့ ကျွန်မ လာရတာနဲ့ ပတ်သက်လို့ ကျွန်မတို့
နိုင်ငံရဲ့ အခြေအနေနဲ့ ဒွန်တွဲပြီးတော့ ပြောချင်ပါတယ်။ အခု ကျွန်မ နိုင်ငံရေး
စလုပ်ထဲက ကျွန်မ ပြောခဲ့တယ်။ ပြည်သူလုထုကို ကျွန်မ ကတိတစ်ခုပဲ ပေးနိုင်တယ်။
အဲ့ဒါကတော့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုတဲ့
ကတိပါပဲ။ ကျွန်မအတတ်နိုင်ဆုံး အကောင်းဆုံးထက်တော့ ပိုပြီးတော့ မလုပ်ပေးနိုင်ပါဘူး။
နောက်ပြီးတော့ ပြည်သူကို လှည့်ဖျားပြီးတော့ နိုင်ငံေ၇း မလုပ်ဖူးလို့
ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ ကျွန်မရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ကျွန်မ
မှန်တယ်ထင်တဲ့အတိုင်းပဲ ကျွန်မ ရှင်းပြမယ်။
ဒီတော့ ကျွန်မတို့ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို
လျှောက်နေတယ်လို့ ဆိုပေမယ့် ဒီလမ်းဟာ အင်မတန်မှ ခက်ခဲတဲ့လမ်းပါ။ ဒီလမ်းဟာ
ဖြူးဖြူးဖြောင့်ဖြောင့်လမ်းကြီးလဲ မဟုတ်ပါဘူး။ အဲ့ဒီလမ်းကို လျှောက်ဖို့ဆိုတာဟာ
ကျွန်မတို့ ပြည်သူလူထုမှာ တာဝန်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ ကံကြမ္မာကို ပြည်သူလူထုတွေကိုယ်တိုင်
ဖန်တီးရေး၊ ဆုံးဖြတ်ရေးကို ဖန်တီးပေးထားတဲ့စနစ်ပဲ။ ကိုယ့်ကံကြမ္မာကို
ကိုယ်ဆုံးဖြတ်နိုင်တယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ချင်တယ် ဆိုလို့ ရှိရင်
ကိုယ့်မှာ ထမ်းဆောင်ရမယ့် တာဝန်တွေ အများကြီးရှိပါတယ်။ အဲ့တော့ ဒီမိုကရေစီရဲ့
အခြေခံ လိုအပ်ချက် တစ်ခုက ဘာလဲဆိုတော့ အခက်အခဲတွေ ရှိရင် မပြေလည်တာတွေ ရှိလို့
ရှိရင် ညိုညိုနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ပြေလည်မှုရအောင်လို့ ကြိုးစားရမယ့်
တာဝန်တစ်ခုရှိပါတယ်။
(အရှေ့နည်းနည်းထိုင်လို့ရှိရင် အနောက်က လူတွေက
မအော်လို့ရှိရင် အားလုံးပိုပြီးတော့ ကောင်းကောင်းကြားရမယ် ထင်ပါတယ်)
ကျွန်မ အမြဲပဲ ပြောတယ်။ အရှေ့မှာ နေတဲ့သူတွေက
တာဝန်ရှိတယ်လို့။ ရှေ့မှာနေတဲ့သူတွေက ခပ်နိမ့်နိမ့်လေးနေပေးရတယ်။ အဲ့တော့
ထိုင်ပေးကြပါလို့။
ဒီတော့ ကျွန်မက ပြည်သူလူထုကို
မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့လို ခက်ခဲတဲ့လမ်းကို လျှောက်နေတဲ့အခါမှာ
ကျွန်မတို့နဲ့ လက်ညီတက်ညီလိုက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
လက်ညီတက်ညီလုပ်တယ်ဆိုတာ မလွယ်ဘူးနော်။ ကိုယ်လုပ်ချင်သလို လုပ်နေလို့ မရဘူး။
အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့အကျိုးကို အနောက်မှာ
ထားပြီးတော့ လုပ်ရတယ်။ အဲ့ဒီလို လုပ်မှသာလျှင် ကျွန်မတို့ နိုင်ငံကြီးဟာ
တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
ဒီတော့ အခု ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့
ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသားအမြင်နဲ့ ကြည့်ရမယ်။ ကျွန်မတို့ နိုင်ငံကို
အဆင့်မြင့်တဲ့ နိုင်ငံ၊ အဆင့်ရှိတဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့
နိုင်ငံတစ်ခုဖြစ်အောင် ဘယ်လိုလုပ်မလဲ ဘယ်လိုနေမလဲ ဘယ်လိုထိုင်မလဲ ဘယ်လိုပြသနာတွေကို
ကိုင်တွယ်မလဲဆိုတာကို ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။
ကိုယ့်နိုင်ငံသိက္ခာရှိဖို့ဆိုတာ
လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာဟာ
လူတစ်ယောက်ထဲလည်း လုပ်လို့ မရပါဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့ မရဘူး။
အစိုးရတစ်ခုတည်း လုပ်လို့မရဘူး။ ပြည်သူလုထုအားလုံးပါဝင်မှ ကျွန်မတို့
နိုင်ငံသိက္ခာရှိအောင်လို့ ကျွန်မတို့ လုပ်နိုင်မှာပါ။ ကျွန်မဟာ ပြည်သူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ပြည်သူတွေ အကြိုက်ကို အမြဲလိုက်ပြီးလုပ်တဲ့သူမျိုး မဟုတ်ပါဘူး။
ကျွန်မမှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့
ပြောပိုင်ခွင့်ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့်ရှိတယ်။
ဒါနဲ့တစ်ခုတော့ ကတိပေးနိုင်တယ်။ ပြည်သူတွေကို လှည့်ဖြားတဲ့နိုင်ငံရေးမျိုးတော့
ကျွန်မ ဘယ်တော့မှ မလုပ်ဘူး။
တခနတာ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တဲ့
နိုင်ငံေ၇းမျိုးလည်း ကျွန်မမလုပ်ဘူး။ ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးကို
ကြည့်ပြီးတော့ ကျွန်မလုပ်သွားမှာပါ။ ဒီလို ကျွန်မတို့နိုင်ငံရဲ့
ရေရှည်အကျိုးကိုကြည့်ပြီးတေ့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေ
ရှိလို့ရှိရင်လည်း ၀ိုင်းပြီးတော့ပြုပြင်ပေးကြပါ။ ကျွန်မက လက်ခံဖို့ အဆင်သင့်ပါပဲ။
ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာစဉ်းစားရမယ်။ သဘောထားကြီးရမယ်။
အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့ နိုင်ငံမှာ အဓိက လိုအပ်ချက်က
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲ။ အမျိုးသားရင်ကြားစေ့ရေးဟာ ဘာလဲဆိုတော့
ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊
အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက် အတူထမ်းဆောင်နိုင်ဖို့
ကိစ္စရပ်သာဖြစ်ပါတယ်။ အဲ့တော့ ဒီလို လုပ်ဖို့အတွက်ဆိုရင် ကျွန်မတို့ပြည်သူတွေ
အားလုံးဟာ ရေရှည်အမြင်နဲ့ လုပ်ဖို့လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့ လုပ်မှ
ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို ကျွန်မတို့
နိုင်ငံသိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မဖြေရှင်းချင်ပါတယ်။ အဲ့ဒီလိုဟာမှာ ပြည်သူတွေကနေ
ဝိုင်းပြီးတော့ ကူညီကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။
ဒီမိုကရေစီလမ်းကြောင်းလျှောက်တဲ့နေရာမှာ
ပြည်သူတွေရဲ့ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်ကလေးတွေ ချပြီးတော့
အဲ့ဒီလိုအပေါ် ပြည်သူရဲ့ထောက်ခံမှုကို ဒီလို မမှန်မကန်နည်းနဲ့ ရယူလို့ရှိရင်လည်း
ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ကျွန်မပြည်သူနဲ့
ပွင့်ပွင့်လင်းလင်း ဆက်ဆံမယ်။ မှန်မှန်ကန်ကန်ဆက်ဆံမယ်။
ရိုးရိုးဖြောင့်ဖြောင့်ဆက်ဆံမယ်။ မလှည့်ဖျားဘူး။ ဒီတော့ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ
၊ ကျွန်မရဲ့လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့
ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်မယ်ဆိုရင်။ ဘာဖြစ်လို့
ကျွန်မ လုပ်သလဲဆိုတာ ကျွန်မ ရှင်းပြမယ်။ အခု ဒီဒေသမှာဖြစ်နေတဲ့ ပြသနာ
ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ပြသနာတွေကို ကျွန်မကနေပြီးတော့
အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ပြေလည်တော့
ကျွန်မတို့ ပြည်သူတွေလည်း သက်သာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့
အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့ဒါကို ကျွန်မ ကြိုးစားမယ်။
ကြိုးစားပေမယ့်လည်း ကျွန်မအောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ ကျွန်မကနေပြီးတော့
ဘယ်လိုမှ အာမခံချက် မပေးနိုင်ဘူး။ ဒါပေမဲ့ ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့
အတူတူပြေလည်မှု ရှာမယ်ဆိုရင် အောင်မြင်နိုင်မယ်လို့ကျွန်မယုံပါတယ်။
(လက်ခုတ်သံများ)
ဒီတော့ ကျွန်မက ပြည်သူကို တစ်ခုပဲ
တောင်းခံချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ
ဆုံးဖြတ်ဆုံးဖြတ်(ကျွန်မဆုံးဖြတ်ချက် မချရသေးဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့
တစ်ဖက်ကိုတော့ တွေ့ပြီးပါပြီ။လုပ်ငန်းရှင်တွေ ဘက်ကို တွေ့ပြီးပြီ။ ကျွန်မတို့
သက်ဆိုင်ရာ ရွာသူရွာသားတွေဘက်နဲ့လည်း တွေ့ချင်တယ်။ လုပ်ငန်းကို ကန့်ကွက်တဲ့
ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။) တွေ့ပြီးတော့ ဟိုဘက် ဒီဘက် အမြင် အမြင် ၂ခုကို
ကြည့်ပြီးတော့ ကျွန်မတတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မညှိပေးချင်တယ်။ အဲ့လို
ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား (တူပါတယ်-ပြည်သူများအသံ)
ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ
အေးအေးချမ်းချမ်းနဲ့ နေချင်တယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ ကျွန်မတို့နိုင်ငံသူ
နိုင်ငံသားတွေဟာ အချင်းချင်းကြားမှာ စေတနာ၊ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မ
ယုံကြည်တယ်။ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာ၊ မေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ
အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင် ဆိုတာ
မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ နိုင်ငံကြီး အေးချမ်းဖို့အတွက်
ကျွန်မအစဉ်အမြဲပဲ ပြန်လည် ရင်ကြားစေ့ရေးလမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ
ဖြစ်ပါတယ်။
ဒီလိုလျှောက်တဲ့ အခါမှာ ကျွန်မနဲ့အတူ
ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေဟာ အောင်မြင်နိုင်မှာပါ။ ဒါကြောင့်မို့ ကျွန်မကို
လမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုလို့ရှိရင် ကျွန်မ အင်မတန်မှ အားတက်တယ်။
အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ အော်နေလို့ မဟုတ်ဘူး။
တစ်ခါတလေစဉ်းစားတယ်။ အသက်ရာတောင် ရှည်ချင်ရဲ့လားပေါ့။ ဘာပဲပြောပြော
ပြည်သူတွေရဲ့ထောက်ခံမှုရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ
အောင်ချေအများကြီး၇ှိတယ်ဆိုပြီးတော့ အားတက်ရပါတယ်။ အဲ့တော့ ခက်ခဲတဲ့အချိန်မှာ
မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန်မှာ မဟုတ်ဘူး ခက်ခဲတဲ့အချိန်မှာ
ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့သူများဟာ မိတ်ဆွေကောင်းတွေပဲ။ ကျွန်မတို့ရဲ့
ပြည်သူလူထုတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်လို့ ရိုးရိုးပဲ
ပြောပါရစေ။ (လက်ခုတ်သံများ)
ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက်
မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ အဲ့တော့ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။
နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။
ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူက မိတ်ဆွေကောင်းလို့
မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီး ပြောတာဟာ
မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တကယ့်မိတ်ဆွေကောင်းဆိုတာ
ကိုယ့်ရဲ့ကောင်းကျိုးကို ရှေးရှုပြီး ပြောသင့်ပြောထိုက်တာကို ပြောမယ်။
ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲ့ဒါမဟုတ်ဘူးလား ( ဟုတ်ပါတယ်-ပြည်သူများအသံ)
ဒီတော့ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ပြည်သူကြားမှာ
တကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေစစ်တွေရဲ့ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။
အဲ့ဒါကြောင့် ကျွန်မက တတ်နိုင်သမျှပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ
ပြည်သူတွေနဲ့ ကျွန်မနဲ့ ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့
ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့
ကျွန်မတွေ့ဆုံတာပါ။ တကယ်တော့တစ်ယောက်ချင်းတစ်ယောက်ချင်း တွေ့နိုင်ရင
်ပိုကောင်းတာပေါ့။ ဒါပေမဲ့ သန်း ၆၀ကို ဘယ်နဲ့လုပ် ကျွန်မ တွေ့လို့ရမှာလဲ။ ဒီတော့
သန်း ၆၀ကို တစ်ယောက်ချင်းတစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ စုပြီး
တွေ့ရတာပဲ။ တွေ့ရတိုင်းလည်း ကျွန်မ၀မ်းသာပါတယ်။ ကျွန်မတစ်ခါတလေ ခရီးသွားရင်း
စိတ်ဆိုးရတာတွေ အများကြီး ရှိတယ်။
ပြည်သူတွေကို မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့တွေ
လုပ်ပုံကိုင်ပုံ မဟုတ်လို့။ ဒါပေမဲ့လည်း အဲ့လိုစိတ်ဆိုးရတဲ့အခါမှာတောင်မှ
ပြည်သူကနေပြီးတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ ဒီစိတ်ဆိုးတာတွေ
ပြေရပါတယ်လို့ ပြောပါရစေ။ ဒါကြောင့်ကျေးဇူးတင်ပါတယ်လို့။ (လက်ခုတ်သံများ)
အခုတော်တော်လည်း မှောင်နေပြီဆိုတော့
နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်စရာတစ်ခုရှိသေးတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရတာကို
ကျွန်မလုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲ့ဒါက ဘယ်လိုလဲဆိုတော့ ကျွန်မ မနက်က
မန္တလေးကနေပြီးတော့ မုံရွာကို လာတော့ မုံရွာက ပြည်သူလူထုက အင်မတန်မှ
သောင်းသောင်းဖျဖျလို့ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြည်းဖြည်းလေးပဲ
သွားဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ ဒီအလာလမ်းမှာ
ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က အလုပ်ချိန်းထားတော့ နောက်ကျမှာစိုးလို့။
အဲ့ဒါကြောင့်မလို့ လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေလည်း တောင်းပန်ပါတယ်။
အခုလိုမှောင်တဲ့အထိ စောင့်ရတဲ့ ရောက်နေတဲ့ ပြည်သူတွေ အားလုံးကိုလည်း
တောင်းပန်ပါတယ်လို့ ပြောပါရစေ။
ခွင့်လွှတ်ရဲ့လား( ခွင့်လွှတ်ပါတယ်- ပြည်သူများအသံ)
ခွင့်လွှတ်တယ်ဆိုလို့ ရှိရင် ကျွန်မ စိတ်သက်သာပါတယ်။
နောင်ဆိုလို့ ရှိရင်လည်း ကျွန်မတို့ အများကြီး
တူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့
နိုင်ငံကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူတူလုပ်ရမှာ။ အဝေးက
ဆက်သွယ်မှုနဲ့ ကျွန်မတို့ ဆက်ပြီးတော့ လုပ်သွား၇မှာပဲ။ တချို့ကျရင်လည်း ကျွန်မတို့
ရှေးရေစက်အရ ဒီမှာပြန်ပြီးတော့ နီးနီးကပ်ကပ်ဆုံနိုင်မယ့် လူတွေလည်း ရှိမှာပါ။ ဒီလို
နီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုလို့ ရှိရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ
ကျွန်မတို့ဟာ အတူတူ ကျွန်မတို့နိုင်ငံရဲ့ ပြသနာတွေ အတွက် စဉ်းစားပိုင်ခွင့် ၊
အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်နိုင်ခွင့် ရတာကိုလည်း
ကျွန်မအနေနဲ့ အမြဲမှတ်သားထားပါ့မယ်။ ကျွန်မရဲ့ ရင်ထဲမှာ
ထိန်းသိမ်းထားပါ့မယ်ပြောရင်းနဲ့ နိဂုံးချုပ်ပါ့မယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။