By Shwe Eaim Si on Wednesday, November 28, 2012 at 10:29pm ·
By..FOOLWRITER.......May 2, '10 12:32 PM for
everyone
လက်ရှိမြန်မာပြည်ကြီး ဘာလိုနေတာလဲ ဆိုတာ
စာဖတ်သူတို့သိပါသလား ခင်ဗျာ။ အရင်အပတ်က ကိုညသစ်ရေးတဲ့ “ပြောဖို့လိုတယ်” ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူတို့ မှတ်မိကြမှာပါ။ ဟုတ်ပါတယ်။ ကိုညသစ် ပြောသလိုဘဲ
ကျွန်တော်တို့ မြန်မာတွေဟာ အမှန်ကို မပြောရဲကြဖူး။ အကြောက်တရားတွေ
ဖုံးလွှမ်းနေကြတယ်။ ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်ပါမယ်။ မြန်မာပြည် ဆင်းရဲနေတယ်။
ဒါက ဘယ်သူမှ မငြင်းနိုင်ပါဖူး။ ဒါဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ
ဆိုရှယ်လစ်စနစ်ဆိုးကြီးနဲ့ နှစ်အတော်ကြာအောင် ကြုံတွေ့ခဲ့ရတယ်။
တစ်ချိန်က အာရှရဲ့ ဆန်အိုးကြီးဟာ ဆိုရှယ်စနစ်ကြောင့်
စားစရာဆန်မရှိတဲ့ ဘ၀ကိုရောက်ခဲ့ရပါတယ်။ ပြီးတော့ ဒီစနစ်ကြောင့်ဘဲ LDC (Least
Developing Country) အဆင့်ထိရောက်ခဲ့ရတယ်။ ဒါပေမယ့် ကံအားလျော်စွာ တပ်မတော်အစိုးရက
၁၉၈၈ မှာ နိုင်ငံတာဝန်ကို ယူခဲ့တယ်။ တပ်မတော်ဟာ နိုင်ငံတာဝန်ကို
ယူပြီးတဲ့နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်ချက်ထားပြီး
လုပ်ဆောင်ခဲ့တယ်။ တပ်မတော်အစိုးရ အုပ်ချုပ်စဉ်ကာလမှာ ဆိုရှယ်လစ်စနစ်လို
အငတ်ဘေးဆိုက်တဲ့ကိန်းတော့ မကြုံခဲ့ရပေမယ့် ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှုမရှိတာ
အားလုံးအသိပါ။
ဒါဟာ ဘာ့ကြောင့်လဲ။ တကယ့်တော့ တပ်မတော်အစိုးရရဲ့
ဗျူရိုကရေစီ ယန္တရားကြီးဟာ အားနည်းနေတယ်။ နိုင်ငံတစ်ခုရဲ့ ဗျူရိုကရေစီဟာ
နိုင်ငံရဲ့အုပ်ချုပ်မှုအပေါ်မှာ များစွာမူတည်နေတယ်။ နိုင်ငံရဲ့အုပ်ချုပ်ပုံကောင်း ၊
မကောင်းဆိုတာကတော့ အစိုးရအုပ်ချုပ်ပုံ အညွှန်းကိန်းနဲ့ တိုင်းတာရပါတယ်။
အစိုးရအုပ်ချုပ်ပုံ အညွှန်းကိန်းကို တိုင်းတာရာမှာ
ဘက်(၆) ဘက်ရှိတယ်။ ဒါတွေကို ရှင်းရရင်
(၁) ပြည်သူ့အသံနဲ့တာဝန်ခံမှုဆိုတာ နိုင်ငံသားတွေက
ကိုယ့်အစိုးရကို ရွေးချယ်ရာမှာ ပါဝင် ပတ်သက်နိုင်တဲ့ အတိုင်းအတာ၊ ဒါ့အပြင်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်၊ မီဒီယာ
လွတ်လပ်ခွင့်တို့ကို တိုင်းတာ တာဖြစ်တယ်။
(၂) နိုင်ငံရေးတည်ငြိမ်မှုနဲ့
အကြမ်းဖက်မှုကင်းမဲ့ခြင်း ဆိုတာကတော့ ပြည်တွင်း ဆူပူသောင်းကျန်း
မှုနဲ့ အကြမ်းဖက်ဝါဒ အပါအ၀င် အစိုးရကို အခြေခံ
ဥပဒေနဲ့ မညီတဲ့နည်းလမ်း သို့မဟုတ် အကြမ်း ပတမ်း နည်းလမ်းတွေနဲ့
မတည်မငြိမ်ဖြစ်စေနိုင်တဲ့ အလားအလာ သို့မဟုတ် ဖြုတ်ချနိုင်မယ့်
အလားအလာတွေကို တိုင်းတာတာဖြစ်တယ်။
(၃) အစိုးရစွမ်းရည် ကတော့ အများပြည်သူ့အကျိုးဆောင်
လုပ်ငန်းတွေရဲ့ အရည်အသွေး၊ အစိုးရ
ဝန်ထမ်းပိုင်းရဲ့ အရည်အသွေး၊ အစိုးရ၀န်ထမ်းပိုင်း
အနေနဲ့ နိုင်ငံရေးဖိအားတွေက လွတ်လပ်မှု ပမာဏ၊ မူဝါဒ ရေးဆွဲဖော်ထုတ်မှုနဲ့
အကောင်အထည်ဖော်မှု အရည်အချင်း၊ ဒီမူဝါဒတွေကို အစိုးရ က တာဝန်ယူ ရပ်ခံမှုအပေါ်
ယုံကြည်နိုင်စွမ်း တို့ကိုတိုင်းတာတယ်။
(၄) ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း ဆိုတာကတော့
အစိုးရအနေနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ခွင့်ပြုမြှင့်တင်တဲ့၊ ခိုင်မာ
မှန်ကန်တဲ့ မူဝါဒတွေ စည်းမျဉ်း စည်းကမ်းတွေကို ရေးဆွဲ ဖော်ထုတ် အကောင်အထည်
ဖော်နိုင်မှု အစွမ်းအစကို တိုင်းတာတာဖြစ်တယ်။
(၅) တရားဥပဒေ အာဏာပိုင်စိုးခြင်း ကတော့
ဥပဒေဘက်တော်သားတွေက လူ့အဖွဲ့အစည်းရဲ့ စည်းကမ်း ဥပဒေတွေအပေါ် ယုံကြည်မှုအတိုင်းအတာ၊
လိုက်နာမှု အတိုင်းအတာတွေကို သတ်မှတ် တာဖြစ်တယ်။ အထူးသဖြင့် ရဲ၊ တရားရုံးစတဲ့
တရားဝင်အခွင့်ရ ဥပဒေ စောင့်ထိန်းရေး အဖွဲ့တွေရဲ့ အရည်အသွေး၊ ဒါ့အပြင် ရာဇ၀တ်မှုနဲ့
အကြမ်းဖက်မှု အလားအလာကိုပါ တိုင်းတာ ပါတယ်။
(၆) အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း ကတော့
ပုဂ္ဂလိကအကျိုးအမြတ်အတွက် အများပြည်သူ ဆိုင်ရာ အာဏာအသုံးချမှုကို တိုင်းတာဖြစ်ပါတယ်။
ဒီထဲမှာ အသေးစား အကြီးစား အဂတိလိုက် စားမှုတွေအပြင် နိုင်ငံတော်အစိုးရကို ရေပေါ်ဆီ
လူ့မလိုင်တွေနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေက “ဖမ်းထိန်း”ထားတာလည်း ပါဝင်တယ်။
နိုင်ငံတစ်ခုရဲ့ အစိုးရအုပ်ချုပ်ပုံ
အညွှန်းကိန်းကို ကမ္ဘာဘဏ်က တိုင်းတာပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ဒီအညွှန်းကိန်း (၆)ခု ပေါ်ကနေ
ကမ္ဘာ့နိုင်ငံတွေကို ဆန်းစစ်ပြီး ဒီနိုင်ငံတွေနဲ့ တွဲလုပ်လို့ရနိုင် ၊ မရနိုင်
စဉ်းစားဆုံးဖြတ်တာ ဖြစ်ပါတယ်။ အရင်ကတော့ ဒီ အကဲဖြတ် တိုင်းတာချက်တွေကို ကမ္ဘာ့ဘဏ်က
လျှို့ဝှက်ထားလေ့ ရှိပါတယ်။ အခုမှ လူသိရှင်ကြား ထုတ်ပြန်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အစိုးရအုပ်ချုပ်ပုံအညွှန်းကိန်းရမှတ်တွေကို ကြည့်ကြပါ။ ရမှတ် ၁၀၀
မှာ မြန်မာနိုင်ငံဟာ အမှတ်ဘယ်လောက်ရပါသလဲ။
လက်ရှိအစိုးရ ရဲ့စွမ်းဆောင်ရည်ဟာ နိမ့်ကျတယ်ဆိုတာ
သိသာလှပါတယ်။ ဒါကိုတပ်မတော်က လည်းသိပါတယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
အရေးဆွဲခဲ့ပြီး နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းလွှဲအပ်ပေးဖို့စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံရေးသမားတွေဟာ ဒီဖွဲ့စည်းပုံကို လက်မခံနိုင်ကြဘူး။ ဘာလို့လဲဆိုတော့
ဒီမိုကရေစီ အစစ် မဟုတ်လို့တဲ့။ မှန်ပါတယ်။ အခု ဖွဲ့စည်းပုံရဲ့ ၂၅% ဟာ တပ်မတော်က
တာဝန်ယူထားတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုတော့ ပြောမယ်။ ခင်ဗျားတို့ ၊
ကျွန်တော်တို့လိုနေတာက ဘာလဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်တာမလား။
စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယု ကို အားလုံးသိမှာပါ။ သူဟာ ဒီမိုကရေစီသမားလား။
မဟုတ်ပါ။ သူဟာ အဏာရှင်တစ်ယောက်သာဖြစ်တယ်။ ဒါပေမယ့် သူ့တိုင်းပြည်
ဘာလို့တိုးတက်တာလဲ။ တကယ်တော့ လီကွမ်းယု ဟာ အာဏာရှင်စနစ်နဲ့ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို တွဲစပ် ပေးသူဖြစ်ပါတယ်။ အလားတူ တရုတ်နိုင်ငံဟာလည်း
ဒီလိုပါဘဲ။ ဒါတွေကို ကြည့်ရင် နိုင်ငံတစ်ခုရဲ့ ဖွံဖြိုးတိုးတက်မှုဟာ နိုင်ငံရဲ့
ခေါင်းဆောင်ဘယ်လောက်ထက်မြက်လဲ ဆိုတာပေါ်မှာ မူတည်တယ် ဆိုတာ
အားလုံးတွေ့မြင်လောက်ပါပြီ။
ဒါကြောင့် မြန်မာနိုင်ငံသူ ၊ နိုင်ငံသားများ
အနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီသဘော ဆောင်လား ၊
မဆောင်လားငြင်းနေခြင်းထက် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လီကွမ်းယုလို လူမျိုး
ခေါင်းကြီးပိုင်းမှာပါဖို့ကို ကြိုးစားကြရမယ်။ ရာဇပုလ္လင်မှာ ငတုံးတွေ မတင်မိဖို့
သတိထားရမယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ပေးမည့် သူကို
ရှာကြရမယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေးတကြီးလိုအပ်နေသည်မှာ ဒီမိုကရေစီ မဟုတ်။
လီကွမ်းယုသာဖြစ်သည်။
သို့ကြောင့် မြန်မာပြည်အတွက် လီကွမ်းယု
အမြန်အလိုရှိသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။