27 November 2012 |By Good Health
ဂျပန်ဦးနှောက် အမြှေးရောင် ရောဂါက အာရှနိုင်ငံတွေ မှာ ဖြစ် ပွားလေ့ ရှိပြီး အလွန်ကြောက် စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်တာကြောင့် ကလေးရှိတဲ့ မိဘတွေက ဒီရောဂါအကြောင်း သိရှိလိုကြပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာကြောင့် ကူးစက်ရတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ၊ နောက်ဆက်တွဲ အနေနဲ့ ဘာတွေဖြစ်တတ်သလဲ စတဲ့ အချက်တွေကို ရင်သွေးရှိတဲ့ မိဘတွေက သိရှိလိုကြတာကြောင့် မိဘတွေသိလိုတဲ့ အမေးအဖြေကို ဖော်ပြပေးလိုက်ပါတယ်။
ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါ ကူးစက်ခံရမှုကို ဘယ်အချိန်က စတင် တွေ့ရှိခဲ့တာလဲ။
ဒီရောဂါ ကူးစက်ခံရတာကို ၁၈၇၀ ပြည့်နှစ်က ဂျပန်နိုင်ငံမှာ စတင် တွေ့ရှိခဲ့တာပါ။ အစတုန်းကတော့ ဘာအကြောင်းကြောင့် ရောဂါ ကူးစက် ခံခဲ့ကြရတယ် ဆိုတာ မသိကြပါဘူး။ ၁၉၂၄ ခုနှစ်ကို ရောက်မှ ရောဂါကူးစက်ခံရတဲ့ ကလေးဦးရေက ခြောက်ထောင်ကျော်အထိ ရှိလာခဲ့ပြီး လေးထောင်နီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကျမှ ရောဂါကူးစက်ပုံကို သိရှိခဲ့ကြတာပါ။
ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါက ကလေး ဘယ်အသက်အရွယ်မှာ အဓိက ကူးစက်ခံရတာပါလဲ။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ ဖြစ်တဲ့ ဒီရောဂါက အသက်တစ်နှစ်မှ အသက် ၁၅ နှစ်အတွင်း ကလေးတွေမှာ အဓိက ကူးစက်တတ်ပါတယ်။ ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက ကြက်၊ ငှက်၊ ဝက်၊ ကျွဲနွားစတဲ့ တိရစ္ဆာန်တွေမှာ ကပ်ငြိနေတတ်ပြီး ကလေးငယ်တွေကိုတော့ ကျူးလက်စ် (Culex) ခြင် အကိုက်ခံရတာကြောင့် ကူးစက်ရတာပါ။
ရောဂါကူးစက်ခံရတဲ့အခါ ဘယ်လလက္ခဏာတွေ ပြတတ်သလဲ။
ရောဂါ စတင်ကူးစက်ခံရချိန်မှာတော့ ပြင်းထန်တဲ့ လက္ခဏာတွေ မပြဘဲ အချိန်အတော်ကြာနေလေ့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကလေးငယ်က ကိုယ်ပူပိုကြီးလာတာ၊ တက်တာ၊ ခြေလက်အကြောဆွဲတာ၊ သတိမေ့တာ စတဲ့ လက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဦးနှောက်ထဲကို ဗိုင်းရပ်စ်ပိုးဝင်သွားတဲ့ အချိန်မှာတော့ အာရုံကြောထိခိုက်ပြီး အလွန်အမင်းတက်တာ၊ စိတ်ကစဥ့်ကလျား ဖြစ်တာနဲ့ အတူအသက်ပါ ဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ခံရတဲ့ ကလေး ၁၀၀ အနက် ၃၀ ရာခိုင်နှုန်းက အသက်ဆုံးရှုံးနိုင်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကတော့ အသက်ရှင်ပေမယ့် ခြေလက်မသန်စွမ်းတာ၊ အာရုံကြောထိခိုက်ပြီး သင်ကြားနိုင်စွမ်းအား မရှိတော့တာနဲ့ အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့မှုတွေကို တစ်သက်တာလုံး ခံစားသွားရနိုင်ပါတယ်။
ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါက ဘယ်နိုင်ငံတွေအထိ ကူးစက် ပျံ့နှံ့နေပြီလဲ။
ရောဂါ စတင်တွေ့ရှိတဲ့ ဂျပန်နိုင်ငံကနေတစ်ဆင့် ၁၉၄၀ ကနေ ၁၉၇၈ ခုနှစ်အထိ အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ ကိုရီးယားနိုင်ငံကနေ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံတွေအထိပါ ကူးစက် ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။ အဲဒီဒေသတွေမှာ ရောဂါပိုးကူးစက်မှုက အခုအချိန်အထိ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။
ဂျပန် ဦးနှောက်အမြှေးရောင်ရောဂါက မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေပြီဆိုတော့ ဘယ်ဒေသမှာ စတင်တွေ့ရှိရပါသလဲ။
မြန်မာနိုင်ငံမှာ ဒီဗိုင်းရပ်စ်ပိုးကို ၁၉၇၄ ခုနှစ်က တာချီလိတ်မြို့မှာ စတင် တွေ့ရှိခဲ့တယ်လို့ သုတေသနလေ့လာမှုတွေအရ သိရပါတယ်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ ဘားအံနဲ့ တချို့ဒေသတွေမှာ အဆိုပါဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး သုတေသနပြုခဲ့ရာ ငါးရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဂျပန် ဦးနှောက်အမြှေးရောင်ရောဂါက ရိုးရိုး ဦးနှောက်အမြှေးရောင် ရောဂါနဲ့ တူပါသလား။
ဒီရောဂါက ဂျပန်ဦးနှောက် အမြှေးရောင်ဗိုင်းရပ်စ် (Japanese Encephalitis Virus) ကြောင့် ဖြစ်ရတာပါ။ သာမန် ဦးနှောက်အမြှေးရောင်ရောဂါ (Hemophilus Influenzae Type B) နဲ့ မတူပါဘူး။ ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါက ပိုပြင်းထန်ပြီး ပိုမိုအသက်အန္တရာယ် ရှိပါတယ်။ ပြီးတော့ ခြေလက်မသန်စွမ်းတာ၊ အာရုံကြောထိခိုက်တာ၊ သင်ယူလေ့လာနိုင်စွမ်း ကျဆင်းတာစတဲ့ နောက်ဆက်တွဲ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်တဲ့ ရောဂါတစ်ခုပါ။
ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါကို စစ်ဆေးလို့ ရပါသလား။
ဒီရောဂါက ဖြစ်ဖြစ်ချင်း စစ်ဆေးလို့ မရနိုင်ပါဘူး။ တခြားရောဂါတွေနဲ့ လွဲမှားနေတတ်ပါတယ်။ ရောဂါဖြစ်ပြီး သေဆုံးသွားမှသာ ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါဖြစ်နေမှန်း သိကြတာ ဖြစ်ပါတယ်။ ဒါဆို ဂျပန် ဦးနှောက်အမြှေးရောင်ရောဂါက ကြောက်မက်ဖွယ်ရာ ရောဂါတစ်ခုပေါ့။ မဖြစ်အောင် ကာကွယ်လို့မရဘူးလား။ နည်းလမ်းရှိရင် သိပါရစေ။ ရှိပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးမှ ပဋိဇီဝဆေးဝါးနဲ့ ကုသလို့ မရနိုင်သေးပါဘူး။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသော နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးကို ဘယ်အသက်အရွယ်မှာ ထိုးရမှာလဲ။
ကလေးအသက် ကိုးလအရွယ်က စတင်ပြီး ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ ပထမအကြိမ် ဆေးထိုးပြီး နောက်သုံးလမှ တစ်နှစ်အတွင်း ဒုတိယအကြိမ် ဆေးထိုးပေးမယ်ဆိုရင် ရောဂါကာကွယ် ခုခံနိုင်အား မြင့်တက်ပြီး တစ်ဘဝလုံး ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါ မဖြစ်အောင် ကာကွယ်နိုင်သွားပါပြီ။ ဒါဆိုရင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရုံနဲ့ သင်တို့ရဲ့ ရင်နှစ်သည်းခြာ ရင်သွေးငယ်တွေဟာ ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါပိုး ကူးစက်ခံရမှု ကင်းဝေးပြီး မိဘရော ကလေးတွေပါ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ပါလိမ့်မယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။