FOOD Magazine
Kitchen Variety
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
........................................................................
“လွယ်ကူသက်သာ ၀ါတွင်းသက်သတ်လွတ်ဟင်းလျာ”
ဒီတစ်လတော့ ၀ါတွင်းမှာ သက်သတ်လွတ်စားကြမယ့်သူတွေ
လွယ်လွယ်ကူကူ ချက်ပြုတ်စားနိုင်အောင်
စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။
ဒီတစ်လအတွက် ရွေးချယ်ပေးလိုက်တဲ့
ပဲကတ္တီပါနှပ်ချက်နဲ့ ကြက်ဟင်းခါးသီးကြော်တွေဟာ
ကျွန်တော်ရေးဖူးတဲ့ ပဲနီလေးဟင်းချို၊ ပဲစဉ်းငုံဟင်း
စတာတွေနဲ့ လိုက်ဖက်တဲ့ ဟင်းအမယ်တွေ ဖြစ်ပါတယ်။
............................................
ပဲကတ္တီပါနှပ်ချက် (၃ ယောက်စာ)

ပါဝင်ပစ္စည်းများ
....................
• ပဲကတ္တီပါပြုတ်ပြီးသား - ၂၀ သား
• ကြက်သွန်နီ - ၃ ခု လ (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ - ၂ တက် (နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးစိမ်း - ၆ တောင့် (အရှည်လိုက်ခြမ်းထားပါ)
• ငရုတ်သီးအရောင်တင်မှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
• မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
• သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ရေ - ၂၅၀ ml
• နံနံပင် - ၆ ပင် (နုပ်နုပ်စဉ်းထားပါ)
• နနွင်းမှုန့် - အနည်းငယ်
• မန်ကျည်းမှည့် - အနည်းငယ် (ရေနွေးစိမ်ထားပါ)
• ဆီ - ၃ ဇွန်း (စားပွဲဇွန်း)

ချက်ပြုတ်ပုံ
..................
၁။ ဆီအိုးကို မီးအလယ်အလက်နဲ့ အပူပေးပြီး
ပါးပါးလှီးထားသော ကြက်သွန်နီကို
နနွင်းမှုန့်အနည်းငယ်နှင့် ဆီစွတ်ပြီး
မပြတ်မွှေပေးပါ။
၂။ ကြက်သွန်နီအနည်းငယ် နွမ်းလာလျှင်
ကြက်သွန်ဖြူထည့်ပြီး ယခင်အတိုင်း မပြတ်မွှေ
ပေးပါ။ တဖြည်းဖြည်း ခြောက်လာပါလိမ့်မည်။
၃။ ထက်ခြမ်းခြမ်းထားသော ငရုတ်သီးစိမ်းများထည့်မွှေပါ။
နောက်မှ အရောင်တင်မှုန့်ထည့်ပါ။ မဆလာတစ်ဝက် ထည့်မွှေပေးပါ။
၎။ နောက်မှ ပြုတ်ပြီးသား ပဲကတ္တီပါများ ထည့်မွှေပါ။
ရေအနည်းငယ် ပဲများမြုပ်ရုံထည့်ပြီး၊ ဆား၊ သကြား ထည့်မွှေပါ။
၅။ ကျန်ရေများအားလုံးထည့်ပြီး အဖုံးအုပ်နှပ်ထားပါ။
၆။ ရေတဖြည်းဖြည်း ခန်းလာလျှင် ရေနွေးစိမ်ထားသော
မန်ကျည်းမှည့်ရည်များထည့်ပါ။
၇။ အပေါ့အငန်မြည်းပြီး လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။
နောက်ဆုံးကျန်သော မဆလာတစ်ဝက်နှင့် စဉ်းထားသော
နံနံပင်များ ထည့်မွှေပေးပြီးလျှင် ချက်ပြုတ်ခြင်း ပြီးစီးပါပြီ။
• ဒီချက်နည်းဟာ ဈေးမှာ လွယ်လွယ်ကူကူဝယ်ယူရနိုင်တဲ့
ပဲကတ္တီပါပြုတ်ကို ချက်တဲ့နည်းပါ။ ဈေးက ပဲကတ္တီပါပြုတ်က
တစ်ခါတလေမှာ အငန်လေးတတ်တဲ့အတွက် မချက်ခင်
အရင်မြည်းကြည့်မှ ဟင်းချက်တဲ့အခါ ထည့်သင့်တဲ့ ဆားပမာဏကို
ချိန်ဆနိုင်မှာဖြစ်ပါတယ်။
• ဟင်းချက်ရာမှာ အိုးထဲမှာ ကျန်နေမယ့် ရေရဲ့အပျစ်အကျဲ၊
အနည်းအများ အချိန်အဆကိုလည်း လွတ်လွတ်လပ်လပ်
စိတ်ကြိုက်သုံးပြီး ချက်ပြုတ်နိုင်ပါတယ်။
...........
သစ်ထူး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။