August 24, 2013 at 11:36pm
ဒေသကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်၊ ဆေးကျောင်းသွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာကျောင်းသွားချင်ရင် သင်္ချာကိုယူ၊ ဒေသကောလိပ် ၂ မှာကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီကျောင်းတက်ရတယ်၊ မနက်ပိုင်းမတက်ဖြစ်တာများပါတယ်၊
အတန်းထဲမှာ သူငယ်ချင်းအသစ်တွေရလာတယ်၊ ဗဟန်းကနေကျောင်းလာတက်တဲ့ ဂစ်တာတီးတဲ့မိုးကျော်၊ တောင်ကြီးက ညီညီ (ကွယ်လွန်)၊ ပုသိမ်က ခင်မောင်စိုး၊ မြင်းခြံက မောင်နီ...
နောက်ပိုင်း မိုးကျော်ပါ အဆောင်မှာဂစ်တာလာလာတီးတယ်၊ သူနဲ့ကျနော် ကျောင်းမှာအတွဲများလာတယ်၊ သူ ညဘက်အင်ကြင်းဆောင်ကိုဂစ်တာလာတီးရင် ကိုဗစ်(ကိုဆလိုင်းဇာလျမ်း) ပါ တခါတခါပါလာတတ်တယ်၊ အဲလိုညမျိုးဆို ဘေ့စ်ဂစ်တာသမားနှစ်ယောက် ကိုရဲနဲ့ ကိုဗစ်တို့ဆုံကြတဲ့ညတွေ၊ သူတို့လက်သွေးကြတာတွေ နားထောင်မဝခဲ့ဘူး၊ မိုးကျော်က လိဒ်ဂစ်တာသမားပီပီ ဂစ်တာကို ဆလိုက်ဒ် ဆွဲပြီးတီးတတ်တယ်၊ တိတ်ဆိတ်တဲ့အဆောင်ညတွေမှာ ဂီတသံစဉ်တွေနဲ့မူးယစ်ကြတဲ့အမှတ်တရညတွေပါ။
ကိုရဲ ၆မိုင်က ခရမ်းပြာလို့လူသိများလာမယ့် ရတနာမြိုင်အဆောင်ကိုပြောင်းပြီးလာနေတော့ ကျနော်နဲ့အတူ မိုးကျော်လည်း လိုက်လိုက်လည်တတ်တယ်၊ ဒါပေမယ့် ကိုရဲတို့နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြပါဘူး...မိုးကျော်က အဲဒီအချိန် တေးပန်းချီ (The Aces) မှာ တီးနေပြီ။ မေ စတူဒီယိုမှာ တီးဖြစ်တာများတယ်၊ တဂျူတီကို ၇၅ ကျပ် သူရတယ်၊ လ္ဘက်ရည်တခွက် ၁ ကျပ်၊ ဒူးယား ၃ လိပ် ၁ ကျပ်ခေတ်။
ရတနာမြိုင်အဆောင်က ရှေ့မျက်နှာစာကနှစ်ထပ်တိုက်ကြီး၊ နောက်က သွပ်မိုး၊ ဝါးကျူထရံကာနဲ့ နှစ်ထပ်ဘော်ဒါဆောင်မှာ ကိုရဲက အောက်ထပ်က တခန်းမှာနေတယ်၊ အဆောင်အပေါ်ထပ် ညာဘက်အစွန်းခန်းမှာ ကျောက်ပန်းတောင်းက ဂစ်တာသမား ကိုဇော်ဇော်နေတယ်၊ အောက်ထပ်ညာဘက်အစွန်အခန်းမှာ ရုပ်ရှင်သရုပ်ဆောင် မဲဇာ၊ နောက်ဘယ်ဘက် ကပ်ရက်အခန်းတွေဆက်သွားရင် ရုပ်ရှင်သရုပ်ဆောင် ကိုမျိုးသန့် (သမန်းကျား) ခုတော့ကွယ်လွန်သွားရှာပြီ၊ နောက်ခု ရုပ်ရှင်ဒါရိုက်တာလုပ်နေတဲ့ ကိုဟိန်းစိုး၊ နောက် ကိုနေဝင်းနဲ့ ကိုမောင်မောင်တို့အခန်း၊ ပြီးရင် ကိုရဲနဲ့ ကိုတိုးတို့အခန်း....တိုက်ကြီးအပေါ်ထပ်မှာက ကိုထီး (စိုင်းထီးဆိုင်)တို့နေကြတယ်၊ ကိုထီးနဲ့ကျနော်မရင်းပါ၊ ဘေ့စ်တီးတဲ့ ကိုဂျက် (စောဂျက်ဆင်)၊ လိဒ်တီးတဲ့ ကိုမျိုးတို့ကျ ပြောမနာဆိုမနာရင်းနှီးတယ်၊ အဆောင်မှုးက ဒေါ်ပြုံး အားလုံးနဲ့တရင်းတနှီးရှိကြတယ်။
၁၉၈ဝ ထဲမှာပဲ ရတနာမြိုင်အဆောင်ကို ဘိုတင့် (ရာပြည့်)၊ ရစ်ချတ် (သက်နိုင်ဦး) တို့ မကြာမကြာရောက်လာကြတယ်၊ ဘိုတင့်(ရာပြည့်)က သူနဲ့ သက်နိုင်ဦး နှစ်ယောက်ပေါင်းထုတ်မယ့်အခွေ ကြယ်ကြွေချိန်ညလေးတည အတွက်လုံးပမ်းနေတဲ့အချိန်။
အဆောင်မှာကျနော်က အမြဲသူတို့နဲ့နေနေတော့တာ၊ အိမ်နီးပေမယ့် အိမ်လည်းပြန်ချင်မှပြန်တာ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမမှာအိပ်တဲ့အခါအိပ်တယ်၊ ကိုတိုး၊ ကိုရဲ၊ ကိုမောင်တို့နဲ့ တချို့ရက်တွေဆို ငှက်ပျောသီးတလုံးနဲ့ လ္ဘက်ရည်တခွက်ဟာ တနေ့လုံးအတွက်ပဲ၊ တခါတလေ သင်္ဘောသားတချို့သားသမီးတွေက ကိုရဲတို့ အုပ်စုကိုလေးစားလွန်းလို့ဆိုပြီး သူတို့အိမ်ကို သူတို့ကားနဲ့ အလည်ခေါ်ပြုစုတတ်တဲ့အခါတွေလည်းရှိတယ်၊ အဲလိုနေ့ဆို သူတို့က ကျနော့ကိုပါ သူတို့နဲ့ရောပြီးတလေးတစား ဂစ်တာတွေထိုးထိုးပေးတတ်ကြတယ်၊ မတီးတတ်ပေမယ့် ခပ်တည်တည်ရောရောင်နေလိုက်ရတဲ့အကြိမ်ပေါင်းလည်းမနည်းတော့၊ ကိုရဲ၊ ကိုတိုး၊ ကိုမောင်၊ ကိုနေဝင်းတို့က ကျနော့အပေါ် ညီငယ်လိုဆက်ဆံကြတာလည်းပါပါတယ်၊ ဘယ်တော့မှ မင်းနဲ့ငါနဲ့မပြောကြဘူး၊ ကိုယ်တို့ သွားကြမလို့ မင်းကျော်ခိုင် လိုက်ခဲ့ပါလား..ဘာဘာညာညာပေါ့၊ အဲလိုကျနော့အပေါ်ဆက်ဆံကြတဲ့သူတွေပါ၊
တခါတော့ ကိုရဲက မိုင်ကျော်ခင်း ဂစ်တာတီးသင်ရင်ကောင်းမယ် ဆိုပြီးပြောလာတော့ ကျနော်ကလည်း ဒါဆို ကိုရဲ နောက်သီချင်းရေးရင် ကော့ဒ် လွယ်လွယ်နဲ့သံစဉ်ထည့်ပေး၊ ဒါဆိုဂစ်တာတီးသင်မယ် ဆိုတော့ တကယ်ပဲ နဒီမင်္ဂလာသီချင်းနဲ့ ကျနော့ကို သင်ပေးခဲ့ပါတယ်။

အဆောင်မှာ ကိုမောင်သီချင်းတပုဒ်ရေးနေတာ တော်တော်ကြာပြီ၊ ဂစ်တာကို Classic တိးကွက်တွေစမ်းစမ်းပြီးရှာရင်း မေရယ်....အနားလာပါကွယ်.....အရိုးသားဆုံးပြောရရင်....(အဲဒီအချိန် သီချင်းခေါင်းစဉ်မသိသေးဘူး) နောက်မှ ဒဏ္ဍာရီ လို့ သူခေါင်းစဉ်ပြောပြတာ၊ ကိုမောင် ကျနော်ကြည့်နေတာ ဒီသီချင်းရေးနေတာတော်တော်ကြာပြီ အရိုးသားဆုံးပြောရရင် ကနေကို ဆက်မတက်တော့ဘူး လို့သူ့ပြောတော့ ရီပြီး သီချင်းကောင်းတပုဒ်ဆိုတာဒီလိုပဲ...တဲ့၊ အဲဒါကို ကိုနေဝင်းကြားတော့ မင်းကျော်ခိုင်ရေ..ကိုယ်ပြောပြမယ်၊ အတတ်ပညာနဲ့ အနုပညာဆိုတာရှိတယ်၊ အတတ်ပညာဆိုတာက နိုင်ငံခြားသီချင်းတပုဒ်ကို ကော်ပီသီချင်းလုပ်မယ်ဆိုရင် သူ့သံစဉ်ရှိပြီးသားမို့ ကိုယ်တတ်ထားတဲ့ စကားလုံးကြွယ်ဝမှုတွေကို သံစဉ်အတိုင်းလိုက်ထည့်သွားတာပဲ၊ ကြာလှ နာရီဝက်ပေါ့ သီချင်းတပဒ်ကို၊ ဒါပေမယ့် ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားနဲ့ကျတော့ တရက်ကြာချင်ကြာမယ်၊ တနှစ်ကြာချင်ကြာမယ် အချိန်ကာလ သတ်မှတ်လို့မရဘူးလေ၊ တန်ဘိုးလည်းဖြတ်လို့မရဘူး..အဲဒါ အနုပညာပဲ လို့ရှင်းပြတယ်။
ဒီလိုနဲ့ တရက် ကိုရဲတို့အခန်းမှာကျနော်တို့ စုထိုင်နေကြတုန်း မိုးကျော်က သူ့မိတ်ဆွေတယောက်နဲ့ ရောက်လာတယ်၊ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်တို့နဲ့ မိတ်ဆက်ပေးတယ်၊ သူကတော့ တခြားသူမဟုတ်၊ တချိန်မှာ အောင်မြင်တဲ့တေးသံရှင်၊ တော်လှန်ရေးဂီတသမားဖြစ်လာမယ့် မွန်းအောင် (Dennis) ပါပဲ....။
(မင်းကျော်ခိုင်)
ဆက်ပါဦးမည်
http://www.lubo601.com/2013/08/blog-post_8591.html#moreဒီလိုနဲ့ တရက် ကိုရဲတို့အခန်းမှာကျနော်တို့ စုထိုင်နေကြတုန်း မိုးကျော်က သူ့မိတ်ဆွေတယောက်နဲ့ ရောက်လာတယ်၊ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်တို့နဲ့ မိတ်ဆက်ပေးတယ်၊ သူကတော့ တခြားသူမဟုတ်၊ တချိန်မှာ အောင်မြင်တဲ့တေးသံရှင်၊ တော်လှန်ရေးဂီတသမားဖြစ်လာမယ့် မွန်းအောင် (Dennis) ပါပဲ....။
(မင်းကျော်ခိုင်)
ဆက်ပါဦးမည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။