We Love Music
>>>>>>ရိုးသားသောဂီတ<<<<<<<<
ကျွန်တော်တို့ လူငယ်ဘ၀တုန်းက ဂီတကို ရိုးသားစွာ ခံစားကြသည်ဟုဆိုလျှင် ယနေ့ခေတ် လူငယ်များ နားလည်မည်မဟုတ်ပါ။ ဒေါသထွက်ကောင်း ထွက်နိုင်သည်။ ကျွန်တော်တို့ (၁၀)တန်းအောင်ပြီးစ အချိန် ဂစ်တာကို မတောက်တစ်ခေါက် တီးတတ်သည်။ လမ်းဘေးတွင် ထိုင်တီးသည်။ လသာသေညများသည် ကျွန်တော်တို့၏ စင်တင်တေးဂီတဘ၀။ ထိုမှတဆင့် တက္ကသိုလ်တွင် သူငယ်ချင်းများနှင့်စု၍ ဂစ်တာကို သေသေချာချာ စနစ်တကျ သင်ကြရအောင်ဟု တိုင်ပင်လျက် ဂစ်တာကို စနစ်တကျ သင်ပေးနိုင်သော ဆရာများထံ ချည်းကပ်ကြရသည်။ အခွေများနားထောင်၍ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လိုက်တီးကြရသည်။ လမ်းဘေးတွင်စု၍ တီးကြသည်။ ၁၉၈၄-၈၅ လောက်ကဖြစ်သည်။ တဖြေးဖြေးနှင့် အတွေ့အကြုံလေး ရလာတော့ Lead. Rhythm.Bass ခွဲ၍တီးကြသည်။ လမ်းဘေး၊ အုတ်ခုံ၊ သူငယ်ချင်းအိမ်၊ အဆောင်ရှေ့ စသည်ဖြင့် ဂီတကို ခံစားသည်။ ကျွန်တော်ပြန်၍ စဉ်းစားကြည့်ပါသည်။ ဂီတ၏ အနှစ်သာရ၊ ခံစားမှု အတိမ်အနက်၊ ဘယ်လောက်များ ရှိခဲ့သလဲ။ ယနေ့ခေတ် လူငယ်များ၏ ဂီတ ယဉ်ကျေးမှု တက်လာပါသည်။ ကျွန်တော်နှိုင်းယှဉ်ကြည့်မိသည်။ ယနေ့လူငယ်တွေက Computer, Karaoke, Rhythm,Box, Keyboard, Sequencer စသည်ဖြင့် များပြားလှသော ဂီတအထောက်အကူပြု ပစ္စည်းများဖြင့် ဂီတကို ခံစားကြသည်။ ကျွန်တော်တို့ ခေတ်က ဂီတကို အခန်းတစ်ခန်းတွင် ကြိုးညှိပြီး မိမိတို့ ခံစားမိသည့် အတိုင်းတီးကြသည်။ တီး၍ကောင်းသည့်နေ့ ရှိမည်။ တီး၍မကောင်းသည့် နေ့ရှိသည်။ ဆို၍ ကောင်းသည့်နေ့ရှိသည်။ ဆို၍ မကောင်းသည့် နေ့ရှိသည်။။ Mood ကောင်းမကောင်း ကျွန်တော်တို့ ရှင်းလင်းရိုးသားစွာ နားလည်သည်။ ဒါသည် ဂီတ၏ အခြေခံကောင်းဖြစ်သည်ဟု ကျွန်တော်ဒီနေ့ ပြန်စဉ်းစားမိသည်။ ယနေ့လူငယ်တစ်ယောက် Karaoke ဖြင့် သီဆိုမည်ဆိုပါစို့။ ပထမဆုံး သူကြိုက်သလို ဆို၍ မရပါ။ TV မှန်သားပြင်ပေါ်မှ ပေါ်သော စာသားနှင့်နောက်ခံတီးခတ်မှု ဘောင်အတွင်း (သူတို့တီးထားသောခံစားမှု) ကိုလိုက်၍ ဆိုရမည်။ ပြောင်းလဲနိုင်မှု (Variation) အခွင့်အရေး အတော်နည်းသွားပါသည်။ သို့အတွက် သီဆိုသူသည် Mood နှင့် Variation ကို နားလည်ရန် မလွယ်ပါ။ ဂစ်တာတစ်လုံးဖြင့် မိမိဘာသာသီဆိုသည် ဆိုပါစို့။ မိမိကြိုက်သလို ပြောင်းလဲနိုင်သည်။ ဒေါသထွက်လျှင် ဂစ်တာဖြင့် လိုက်ထွက်၍ရသည်။ ၀မ်းနည်းလို့ရသည်။ Tempo ပြောင်းတီး၍ ရသည်။ ကျွန်တော်တို့ ငယ်ငယ်က အဆောင်ရှေ့တွင် သီချင်းများကို အုပ်စုလိုက် နောက်ပြောင်၍ ပြောင်းလဲသီဆိုခဲ့သည်။ အနှေးကို အမြန်၊ အမြန်ကို အနှေးဖြင့် တစ်ခါတစ်ရံ အချစ်သီချင်းကိုဒေါသဖြင့် ဆိုကြသည်။ ဒါသည် အလကား မဟုတ်ပါ။ Mood နှင့် Variation ကို သဘာဝကျကျ တတ်မြောက်လာခြင်း ဖြစ်သည်။ ယနေ့လူငယ်များ ခေတ်မှီလာ၍ လမ်းဘေးဂစ်တာတီး၍ သီဆိုသူ နည်းလာကြသည်။ ကိုယ်တိုင် တီးသူများ နည်းလာသည်။ Karaoke ဖြင့်လည်းကောင်း၊ Computer ဖြင့်တစ်ဖုံ Automatic များက လွှမ်းမိုးလာသည်။ ဂီတ၏ အခြေခံ အုတ်မြစ်သည် အနောက်သို့ ရောက်နေပါသည်။ ဂီတ၏တန်ဘိုးသည် မှားယွင်းစွာ ဆုံးဖြတ်ခံနေရပါသည်။ သူငယ်ချင်းတွေ အုပ်စုလိုက် ဂစ်တာဖြင့် သီဆိုနေရမည့် အစား Karaoke တွင်သီဆိုကြသည်။ သို့အတွက် Karaoke အခွေများသာ ဈေးကွက်ပေါ်သို့ ရောက်ရှိလာကြသည်။ ဂီတ၏ တန်ဘိုးသည် နိမ့်လာတာလား၊ မြင့်လာတာလား စဉ်းစားသင့်ပါသည်။ တီးဝိုင်းသွားကြည့်လျှင်ပင် အချို့သော နာမည်ကျော် လူငယ်အဖွဲ့များက Computer Card.CD များဖြင့် သီဆိုသည်။ တီးနေသူများ ဆင်းပေးရသည်။ ဂီတ၏တန်ဘိုးသည် Ready made Coffee တစ်ထုပ်နှင့် တူလာသည်။ ပြောင်း၍မရ။ Fix လုပ်ထားပြီးဖြစ်သည်။ Live Band တီးခတ်သော ဆိုင်များတွင် လူငယ်တို့ ပျော်ရွှင်ကြသည်။ သီချင်းဆိုရန် ကြိုးစားသည်။ စာသားတောင်းသည်။ အလွတ်မရကြ။ အဘယ်ကြောင့်နည်း။ စာသားပေါ်သော Karaoke ဖြင့် လေ့ကျင့်ထားသည်။ တီးခတ်သော Band မှ နည်းနည်းပြောင်းတီးခတ်လျှင် မ၀င်တတ်၊ မထွက်တတ်တော့ပါ။ တချို့က Card လေးကိုင်၍ လာပြီး Keyboard card ထည့်သီဆိုသည်။ ခေတ်မှီလွန်းသော ကော်ဖီမစ် တစ်ထုတ်အဖြစ် ကျွန်တော်မြင်ပါသည်။ ရေရှည်သောက်လျှင် မကောင်းပါ.။ ယနေ့ဂီတ ပရိသတ်များ Karaoke အရုပ်ကိုကြည့်မှ သီချင်းအဓိပ္ပါယ်ကို နားလည်တော့မလား စဉ်းစားကြည့်မိသည်။ ဂီတကို နားထောင်ရာတွင် သံစဉ်နှင့် စာသားကို နားထောင်၍ မိမိ လိုသလို ခံစားနိုင်ပါသည်။ ကြိုက်သလို တွေးလို့ရပါသည်။ ထိုအခွင့်အရေး ဆုံးရှုံးသွားပါသည်။ ကျွန်တော် Karaoke နှင့် Auto များကို အဆိုးဖြင့် တင်ပြခြင်း မဟုတ်ပါ။ ဂီတရသကို ခံစားနိုင်ဖို့ ရိုးရိုးလေး တွေးကြည့်ခြင်း ဖြစ်ပါသည်။ ဥပမာ တစ်ခုကို ကျွန်တော် ပေးလိုပါသည်။ ဟိုးယခင်က ကျွန်တော်တို့ ဒိုးပတ်ဝိုင်းများတွင် အိုးစည်နှင့် နှဲ၊ ၀ါးလက်ခုပ်တို့ပါဝင်သည်။ ယနေ့ခေတ်တွင် နှဲအစား Keyboard အသေးလေးများ နေရာယူသွားသည်။ နိုင်ငံခြားသားတစ်ယောက် မျက်ရည်ဝဲသွားတာ ကျွန်တော် မြင်ဘူးပါသည်။ အဲဒီအချိန်က ကျွန်တော် နားမလည်ခဲ့ပါ။ နောက်မှ နှဲ၏ Pitch သည် Fix လုပ်ထားသလို မတိကျပါ။ Flat/Sharp အနည်းငယ်စီ ရှိသည်။ Acoustic Insturment ၏ရသဖြစ်သည်။ Keyboard Pitch သည် Fix Frequency ဖြစ်သည်။ ဘယ်လိုမှ နှိုင်းယှဉ်၍ မရပါ။ ယနေ့ခေတ် ကမ္ဘာ့ဂီတ၌ Unplugged များ ခေတ်စားနေခြင်းသည် အသံစစ်စစ်၏ တန်ဘိုး၊ Live ၏တန်ဘိုး၊ မည်မျှရှိကြောင်း ပြနေခြင်း ဖြစ်သည်။ ယနေ့ခေတ် လမ်းဘေးတွင် ထိုင်၍ Guitar တီးနေသော လူငယ်တစ်ယောက်ကို ကျွန်တော်ပို၍ တမ်းတမိပါသည်။ ယနေ့လူငယ်များကို စဉ်းစားစေချင်ပါသည်။ ပန်းချီကားတစ်ချပ်ကို အဓိပ္ပါယ် ရေးထားတာ ကျွန်တော်မတွေ့ဘူးပါ။ ကျွန်တော်တို့ ဂီတသီချင်းကို ဘယ်လို အဓိပ္ပါယ်ဖော်ပြီး Fix လုပ်နေကြသလဲ ဆိုတာလေးကို စဉ်းစားစေလိုပါသည်။
မိုးနိုင်(ဂီတမိတ်)
Vol:8 No12 Nov 2005 Alinkar Music Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။