Tun Wai
အခြေခံဥပဒေပြင်ဆင်စရာ မလိုဘဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်နိုင်ပြီ
ဆောင်းပါး
လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများသာမက နိုင်ငံ့အရေးကို စိတ်ဝင်စားသူများ အားလုံး၏ဆုံချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့ ရောက်ရှိနေလေပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အလေးထား ပြောကြားနေကြသည့်အထဲတွင် ဒေါ် အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်နိုင်စေရန် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ရေးလည်း အဓိက ပါဝင်နေပါသည်။ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းကလည်း အလေးထား ဆောင် ရွက်ပေးမည်၊ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည် ဟု မကြာသေးခင်ကပင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။ ပုဒ်မ ၅၉ (စ)၏ သက်ရောက်မှု လက်ရှိ မဏ္ဍိုင်ကြီးများ၏ လိုက်နာကျင့်သုံးမှုနှင့် နှိုင်းယှဉ် ဆန်းစစ်ကြည့်လျှင် အခြေခံဥပဒေ ပြင်ဆင်ရန်ပင် မလိုအပ်တော့သည့် အနေအထားများ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်အများစု သဘောတူ လျှင် ယင်းပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် မလိုအပ်သည့်အကြောင်းကို တွေ့မြင်သည့်အတိုင်း ရှင်းလင်း လိုပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်သွင်းခဲ့သော `လွှတ်တော်ကိုယ်စားလှယ်များအား တာဝန် မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ´ ကြမ်းကို ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး - ရက်မြောက်နေ့ဖြစ်သော ၂၀၁၃ ရက် သြဂုတ်လ ၂၄ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ပြီး ထိုဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။
ဇာတ်လမ်း၏ အစမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှ စပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ (ခ) တွင် ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဖော်ပြထား သည်။ ပုဒ်မ ၃၉၆ တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိကြောင်း ဖော်ပြထားသည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ် အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊
အခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သောဥပဒေများကို ပြဌာန်းရမည် ဟု ဖော်ပြထားပါသည်။
သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့်ဥပဒေကို အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေမူကြမ်းရေးဆွဲပြီး ထိုဥပဒေ ကြမ်းကို ပြည်သူများ လေ့လာသိရှိရန်နှင့် အကြံပြုနိုင်ရန်အတွက် (၃၀-၈-၂၀၁၂) ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။ (၆-၁၁-၂၀၁၂) ရက်တွင် ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး န၀မမြောက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်များကို ကော်မတီက ပြည်သူ့ လွှတ်တော် ကို အစီရင်ခံတင်ပြခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အင်တာနက်ဝဘ်ဆိုက်တွင် တွေ့ရှိရပါသည်။
သို့ရာတွင် ထိုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးခဲ့ခြင်းမရှိပဲ ဆိုင်းငံ့ထားခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ၏ သတင်းစာရှင်းလင်းပွဲများတွင် သတင်းထောက်များက ထိုဥပဒေကို ဆက် လက်ဆွေးနွေးခြင်း မရှိသည့်ကိစ္စကို မေးမြန်းသည့်အခါ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထိုဥပဒေသည် ခေတ်ကာလအခြေအနေနှင့် မကိုက်ညီ၍ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည် ကို တွေ့ရပါသည်။ ထိုသို့ သတင်းထောက်များက လွှတ်တော်ဥက္ကဌကို ထိုဥပဒေကြမ်းကိစ္စ မေးမြန်းခဲ့ပြီး မကြာမီအတွင်း ပြည်သူ့လွှတ်တော်က ထိုဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
၂၃-၈-၂၀၁၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ထိုဥပဒေကြမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)ပါ " သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုံးတို့က တာဝန်မှပြန်လည်ရုတ်သိမ်းလို သော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်" ဆိုသောအချက်အရ လက်မှတ်ထိုးတိုင်တန်း ရမည့်အရေအတွက်သည် နည်းပါးလွန်းကြာင်း၊ တစ်ပါတီစနစ်ကျင့်သုံးခဲ့သည့် မဆလခေတ် အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဆက်လက်သုံးစွဲထားခြင်းဖြစ်ပြီး တစ်ပါတီစနစ်တွင် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်း၏ ထောက်ခံမဲရရန် ခက်ကောင်းခက်နိုင်သော်လည်း ယခု ပါတီစုံစနစ်ကျင့်သုံးသည့်ခေတ်တွင် တစ်ရာခိုင်နှုန်း၏ လက်မှတ်စုဆောင်းရန် မခက်ခဲကြောင်း၊ ထို့ကြောင့် အလွယ်တကူလက်မှတ်စုပြီး တိုင်ကြားခြင်းများ များလာနိုင်ကြောင်း ၊ တခြားဒီမိုကရေစီနိုင်ငံအချို့တွင်လည်း ထိုသို့ကိုယ်စားလှယ် အားတာဝန်က ပြန်လည်ရုတ်သိမ်းသည့်ဥပဒေများ ပြဌာန်းထားခြင်းရှိသော်လည်း တိုင်တန်းသူ အရေ အတွက် သတ်မှတ်ချက် ထိုမျှ မနည်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လည်း ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများ လုပ်နေပြီဖြစ်ကြောင်း၊ ထိုကာလအတွင်း ဥပဒေကြမ်းနှင့်ပတ် သက်ပြီး ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးသွားပါသည်။
ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန်ကိစ္စကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ကန့် ကွက် ဆွေးနွေးသွားခဲ့ပါသည်။ တပ်မတော်သားကိုယ်စားလှယ်များက ယနေ့လွှတ်တော်များသည် ပြည်သူ လူထု၏ ယုံကြည်ကိုးစားမှုကို တနေ့တခြားပိုမို ရရှိလာနေကြောင့်၊ ထို့ကြောင့် ကိုယ်စားလှယ် များ၏ ဂုဏ်သိက္ခာအတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်သင့်ကြောင်း၊ တပ်မတော်သားများအား ဥပဒေ၊ စည်းကမ်းများနှင့် ကန့်သတ်ထိန်းချုပ်ထားသလို လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ထိန်းချုပ်သည့် ဥပဒေရှိသင့်ကြောင်း ၊ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ နှင့် အခြားသော ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များကို စွပ်စွဲပြစ်တင်လုပ်နိုင်ကြောင်း အခြေခံဥပဒေမှာ ပြဌာန်းသတ် မှတ်ထားကြောင်း ၊ လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူလူထုက တာဝန်မှ ပြန်လည်ရုတ်သိမ်းခွင့် သည် အခြေခံဥပဒေပုဒ်မ ၄ တွင် ပြဌာန်းထားသည့် " နိုင်ငံတော် အချုပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှဆင်းသက်ပြီး နိုင်ငံတော်တဝှမ်းလုံး၌ တည်သည်" ဆိုသည်ကို ပြသည့်အချက်ဖြစ်ကြောင်း၊ အခြေခံဥပဒေက ပေးထားသည့် ပြည်သူများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း မပြုသင့်ကြောင်း၊ အခြေခံဥပဒေက ပေးထားသည့် အခွင့်အရေးကို ပိတ်ပင်ခြင်းသည် အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်ကြောင်း ။ အာဏာသုံးရပ်အကြားတွင်လည်း အပြန်အလှန် Check and Balance လုပ်နိုင် ရေးအတွက် ထိုဥပဒေပြဌာန်းရေး ဆက်လက်ဆောင်ရွက်သွားရန် လွှတ်တော်အား တိုက်တွန်းကြောင်း ဆွေးနွေးသွားကြပါသည်။
မင်းလှမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက လွှတ်တော်ကိုယ်စားလှယ်များသည် စည်း ကမ်းမရှိရုံနှင့် လွှတ်တော်ကိုယ်စားလှယ် မဖြစ်ထိုက်ဟု မဆိုနိုင်ကြောင်း၊ လွှတ်တော်များအနေဖြင့် တင်လာသည့် ဥပဒေတိုင်းကို ဆွေးနွေးအတည်ပြုပေးမည်မဟုတ်ကြောင်း၊ လွှတ်တော်ဥက္ကဌသည် အလွန်ပါဝါရှိကြောင်း၊ လွှတ်တော်ဥက္ကဌတစ်ယောက်က ထိုဥပဒေကို ဆွေးနွေးရန်မသင့်ဟုဆိုလျှင် မဲခွဲရန်ပင် မလိုကြောင်း၊ တစ်ရာခိုင်နှုန်းက တိုင်ကြားခွင့်ရှိသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးသွားပါ သည်။
ကျောက်ဖြူမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဘရှိန်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တာဝန် မှ ပြန်လည်ရုပ်သိမ်းရန် ဆောင်ရွက်လျှင် ငွေကုန်ကြေးကျများသည်ကို စဉ်းစားစရာရှိကြောင်း၊ စွပ်စွဲခံရ သည့်ကိုယ်စားလှယ်ကိုလည်း ကာကွယ်ပေးရန်လိုကြောင်း ဆွေးနွေးသွားပါသည်။
တပ်မတော်သားကိုယ်စားလှယ် လေးဦးနှင့် အရပ်သားကိုယ်စားလှယ် နှစ် ဦး၏ ဆွေးနွေးမှုပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဌက စက်ခလုပ် မသုံးဘဲ `ဥပဒေကြမ်းကော်မတီရဲ့ သဘောထားကို သဘောတူပါသလား၊ သဘောမတူသူ ရှိပါသလား´ မေးမြန်းခဲ့ရာ ကန့်ကွက်မည့်သူမရှိသည့်အတွက် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်အတိုင်း ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် လွှတ်တော်က အတည်ပြုခဲ့ပါသည်။
ထူးခြားသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (၆-၁၁-၂၀၁၂) တွင် ထိုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာတွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးတီခွန်မြတ်က ကော်မတီ၏ စိစစ်တွေ့ရှိချက်ကိုတင်ပြရာတွင် ဥပဒေကြမ်းအား မည့်သည့်နေရာများတွင် မည်သို့မည်ပုံ ဖြည့်စွက်ပြင်ဆင်သင့်သည်ဟုသာ တင်ပြခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်နှင့် မကိုက်ညီကြောင်း၊ တစ်ရာခိုင် နှုန်းဟု အခြေခံဥပဒေတွင် သတ်မှတ်ထားခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း ပါဝင်ခြင်းမရှိခဲ့ ပဲ နောက်ထပ် ၁၀ လခန့်အကြာ (၂၃-၈-၂၀၁၃) ရက်တွင် ဥပဒေကြမ်းကော်မတီက ထပ်မံရှင်းလင်း တင်ပြသည့်အခါမှာ ထိုအချက်များ ပါဝင်လာခြင်း ဖြစ်ပါသည်။ ဦးတီခွန်မြတ်၏ ဖြည့်စွက်ချက်တွင် လက်မှတ်ရေးထိုး တိုင်ကြားပြီး Recall လုပ်ပါက စစ်ဆေးသည့်အခါ မမှန်ကန်လျှင် တိုင်ကြားသူများကို အရေးယူနိုင်မည့် အချက်ကို ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ပြုလုပ်မှသာ မမှန်မကန် တိုင်ကြားမှုများ လျော့နည်းစေမည် ဟု ၄င်းက ဆိုပါသည်။ သို့ဖြစ်၍ ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက် ၁၀ လအတွင်း ပြောင်းလဲသွားရသည်မှာ မည်သည့်ပယောဂများ ပါရှိသနည်းဟု စဉ်းစား တွေးတောဖွယ်ရာ ရှိပါသည်။
မည့်သို့ပင်ဆိုစေကာမူ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့ထားလိုက်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၍ မပြီး မချင်း ၊ အနည်းဆုံး ယခုလွှတ်တော်သက်တမ်းကုန်ဆုံးမည့် ၂၀၁၅ နှစ်ကုန်အထိတော့ တာဝန်မကျေ သော လွှတ်တော်ကိုယ်စားလှယ်များ ရှိပါကလည်း ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ချနိုင်တော့မည် မဟုတ်ပါ။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများ ရှိလာခဲ့သည့်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်း ခံ ရမည်ကို စိုးရိမ်စရာမလိုဘဲ ဥပဒေပြုရေးနှင့် ထိန်းကျောင်းရေးတာဝန်များကို စိတ်ချ၊လက်ချ ထမ်း ဆောင်နိုင်ကြတော့မည် ဖြစ်ပါသည်။
ယခုကာလတွင် လွှတ်တော်ပေါ်ပေါက်လာပြီ ဖြစ်၍ အပြန်အလှန်ထိန်းကျောင်းရေးစနစ် အသက်ဝင် လာသည် ဟု ဆိုကြပါသည်။ ပြီးခဲ့သည့် (၂)နှစ်ခွဲကာလအတွင်း ဥပဒေပြုလွှတ်တော်အမတ်များအနေ ဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီး(၂)ရပ်ကို ထိန်းကျောင်းသည့် လုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်ခဲ့ကြသည်မှာ အားရဖွယ်ရာ ကောင်းလှပါသည်။ သို့သော် ထိန်းကျောင်းရေး တာဝန်ကို အလေးပေးလွန်းလျှင် မူလတာဝန်၊ အခြေခံဥပဒေတွင် အသေးစိတ်ဖော်ပြထားသော တာဝန် များဖြစ်သည့် ဥပဒေပြုရေးလုပ်ငန်းများ၌ အားနည်းသွားခြင်း ရှိ-မရှိကိုလည်း ပြီးခဲ့သည့်(၂)နှစ်ခွဲအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသော ဥပဒေကြမ်းများ မည်မျှ ရှိသည်၊ ယင်းတို့အနက်မှ ဥပဒေအဖြစ် မည်မျှ ဖြစ်လာသည် ဟူသော ကိန်းဂဏန်းများက ပြဆိုလျက် ရှိနေပါသည်။
ဥပဒေပြုအမတ်များ လက်ကိုင်ထားရမည့် ပေးထားချက် မူဘောင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ် ပါသည်။ ယခု ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို ပြန်ကြည့်လျှင်-
(၁) အခြေခံဥပဒေ ပုဒ်မ ၁၂၅၊ ဇယား ၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး” ဟု ပြဌာန်းထားပါသည်။
(၂) အခြေခံဥပဒေ ပုဒ်မ ၃၂၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ်အတည် ဖြစ်သည်။” ဟု ပြဌာန်းထားပါသည်။ ယင်းပြဌာန်းချက်ကို လွှတ်တော်က ပယ်ချခဲ့ပြီး ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ပါသည်။ (ပြဌာန်းချက်ကို မလိုက်နာ လျှင်လည်း ရနိုင်သည့် သဘော တွေ့ရှိရခြင်း)
(၃) အခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် “ပြည်ထောင်စုလွှတ်တော်သည် ရွေးချယ်တင်မြှောက်ခြင်းဆိုင် ရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်။” ဟု ပြဌာန်းထားပါသည်။ ယင်းပြဌာန်းချက်မှ ရွေးချယ်တင်မြှေက်ခြင်းအတွက် လိုအပ်သော ဥပဒေကို နယကအစိုးရ လက်ထက်က ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း လွှတ်တော်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ကျန်ရှိနေသည့် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းကို ပြည်ထောင်စုလွှတ် တော်က ပြဌာန်းရမည် ဖြစ်ပါသည်။ “ပြဌာန်းနိုင်သည်” မဟုတ်ဘဲ “ပြဌာန်းရမည်” ဟု ဖော်ပြ ထားခြင်းကို ကြည့်လျှင် လုပ်ကိုလုပ်ဆောင်ရမည့် အခြေခံဥပဒေက အပ်နှင်းထားသော တာဝန် ဖြစ်ကြောင်း ထင်ရှားနေပါသည်။ (သို့သော် ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက်ဖြင့် အဆိုပါ ပြဌာန်းချက်ကို လိုက်နာခြင်း မရှိဘဲ ဆိုင်းငံ့ထားနိုင်ကြောင်း တွေ့ရှိရပါသည်။)
(၄) ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဖြစ်သော စွပ်စွဲ ပြစ်တင်ခြင်းကို ခုံရုံးနှင့်အငြင်းပွားမှုတွင် အသုံးပြုခဲ့ပြီး ဖြစ်ပါသည်။ အခြေခံဥပဒေတွင် အပြန် အလှန်ထိန်းကျောင်းရေးယန္တရားပီပြင်စေရန် ပေးအပ်ထားပြီး ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စား လှယ်များအား ဖြုတ်ချရန်အတွက် ပြည်သူများသို့ အပ်နှင်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ အခွင့်အရေးကို ပိတ်ပင်ခြင်းသည် အခြေခံဥပဒေအရ မည်သို့သော သဘော သက်ရောက်စေ သည်ကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်ကြမည် ဟု ယုံကြည်ပါသည်။ ယင်းအခွင့် အရေးပိတ်ပင်ခြင်းခံထားရသော ပြည်သူများအနေဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်ရမည် နည်း။ ဖြစ်နိုင်ဖွယ်ရာရှိသော နည်းလမ်းမှာ လူထု လမ်းပေါ်ထွက်ခြင်း ဖြစ်ပြီး ဤနည်းလမ်းကို မလွှဲမရှောင်သာ ရွေးချယ်စေရန် တွန်းပို့ရာ ရောက်ရှိစေနိုင်ပါသည်။ (အခြေခံဥပဒေတွင် ပါရှိသော ဖြုတ်ချရန် နည်းလမ်းကို ပိတ်ပင်ထားပါက အခြေခံဥပဒေပါအတိုင်းမဟုတ်သော ဖြုတ်ချရန်နည်းလမ်းများ ပေါ်ထွက်လာမည်။)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဌာန်းချက်များကို လိုက်နာကြရာတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ခြွင်းချက် ဖြစ်နေနိုင်ပါသလော။ ဥပဒေပြုရေးမဏ္ဍိုင်ကလွဲ၍ ကျန်မဏ္ဍိုင်များ၊ ကျန်ပြည်သူများအားလုံး သာလျှင် တိတိကျကျ လိုက်နာစေမည် ဆိုလျှင် အခြေခံဥပဒေမှာ မည်သည့်ကိန်းဆိုက်ရောက်သွားစေ ပါသနည်း။ အခြေခံဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် ပျက်ကွက်ရာ ရောက်စေနိုင်သည် များ လုပ်ဆောင်ခြင်း၊ အခြေခံဥပဒေကို ဆန့်ကျင်ဖောက်ဖျက်ခြင်း သို့မဟုတ် ဆန့်ကျင်ဖောက် ဖျက်ရာရောက်စေနိုင်သော လုပ်ကိုင်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းတို့သည် လက်ရှိမြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများအတွက် ကြီးမားလှသော ခြိမ်းခြောက် မှုများ ဖြစ်လာစေနိုင်ပါသည်။
ထိုနည်းတူစွာပင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ကို ယခုကဲ့သို့ အခြေအနေ၊ အချိန်အခါ နှင့် မကိုက်ညီသဖြင့် (၅)နှစ်လုံးလုံး ဆိုင်းငံ့ထား၍ ရသည်ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ရေးတွင် ကန့်သတ်ချက်ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်နိုင်ရန် ရေရာသေချာခြင်း မရှိဘဲ ပြင်ဆင်ရန် ကြိုးစားမည့်အစား အခြေ အနေ၊ အချိန်အခါနှင့် မကိုက်ညီသည့်အတွက် ပုဒ်မ ၅၉(စ) ကိုလည်း ၂၀၁၆ ရွေးကောက်ပွဲမှစ၍ ၅ နှစ် ခန့် ဆိုင်းငံ့ပေး၍ မရဘူးလား ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာပါသည်။ အခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် ၃၉၇ တို့ကို လိုက်နာစရာ မလိုလျှင် ပုဒ်မ ၅၉ ကိုလည်း လိုက်နာရန် လိုအပ်ပါသလော။ အခြေခံ ဥပဒေသည် ဒီပုဒ်မများကို တော့ လိုက်နာပါ၊ ဒီပုဒ်မများကတော့ အခြေအနေအချိန်အခါအရ မလိုက်နာ နဲ့ဦး ဟူ၍ ထားရှိနိုင်ပါ၏လော။ လက်ရှိဆောင်ရွက်ချက်များအရ ထားရှိနိုင်သည် ဆိုပါလျှင် ဒေါ်အောင် ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဖြစ်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်စရာ မလိုတော့ပါ။
အလားတူ အခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာရမည့် နိုင်ငံသူ၊ နိုင်ငံသားများအပါအ၀င် မဏ္ဍိုင်ကြီး(၃)ရပ်စလုံး၊ တပ်မတော်နှင့် အခြားသော ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတို့သည် လိုက်နာ စရာ မလိုတော့သည့် အနေအထားသို့ ချက်ချင်းလက်ငင်း ရောက်ရှိသွားစေနိုင်ပါသည်။ ထိုသို့ ရောက် ရှိသွားခဲ့ပါလျှင် မည်သူမျှ မလိုက်နာတော့သည့် အခြေခံဥပဒေသည် အခြေခံဥပဒေဟုပင် ခေါ်တွင်နိုင် တော့မည် မဟုတ်ပါ။ ဤသည်ကို နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော် အကြီးအကဲများ၊ ဒေါ်အောင်ဆန်းဟုကြည် အပါအ၀င် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မီဒီယာများ အပါအ၀င် အရပ်ဘက်လူ့ အဖွဲ့အစည်းများ အထူးအလေးထား စဉ်းစားရန် လိုအပ်ပြီ ဟု ယူဆမိ ပါသည်။ နိုင်ငံတကာက သြချယူရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကသောင်းကနင်း အနေအထားသို့ ဆိုက်ရောက်သွားခြင်း မရှိစေရေးအတွက် ထိန်းနိုင်သူများက ၀ိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ပေးကြ ပါရန် ဤဆောင်းပါးမှ တစ်ဆင့် တိုက်တွန်း တောင်းဆိုလိုက်ရပါသည်။
နေထက်နီ
သြဂုတ်လ(၂၈)ရက်နေ့ထုတ် The Messenger သတင်းစာမှဖော်ပြသည်။
ပြန်လည်မျှဝေပေးပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။