လူ့ရဲ့ နှလုံး ဘယ်လိုခုန်သလည်း
လူ့ရဲ့ နှလုံး ဘယ်လိုခုန်သလည်း
..........................................
နှလုံးရောဂါ ရှိသူများအနေနဲ့ နှလုံးက ဘယ်လို အလုပ်လုပ်သလည်း ဆိုတာကို သိကြရင်တော့ အကျိုးရှိမှာပါ။ နှလုံးဆိုတာက အမေ့ဝမ်းထဲကနေ သေတဲ့အထိ ခုန်နေရတာဆိုတော့ အဲဒီလို ခုန်အောင် ကိုယ်ခန္တာက ဘယ်လို ထိန်းချုပ်ထားသလည်းဆိုတာ သိထားရင် ကောင်းပါတယ်။
နှလုံးထဲမှာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ထားတဲ့ အပိုင်းတွေ ရှိပါတယ်။ ပထမဦးဆုံး SA Node (Sinoatrial Node)လို့ခေါ်တဲ့ နှလုံးညာဘက်အပေါ်ခန်း က ပဲစေ့အရွယ် အစိတ်အပိုင်းလေးတစ်ခု ရှိပါတယ်။ နှလုံးခုန်ဖို့အတွက်က လျှပ်စစ်ဓာတ်လိုပါတယ်။ နှလုံးခုန်တိုင်း SA Node ကနေ လျှပ်စစ်ဓာတ်က စစီးတာပါ။ ECG ဆွဲတယ်ဆိုတာ နှလုံးရဲ့ အတွင်းက ဓာတ်ကြိုးတွေ လျှပ်စစ်ဓာတ်စီးဆင်းမှု ကောင်းမကောင်း စစ်ဆေးတာပါ။
ပုံမှန်စီးချက်အတိုင်းခုန်တာကို Sinus Rhythm လို့ခေါ်ပါတယ်။ SA Node က စမခုန်ရင် နှလုံးခုန်ချက်ဟာ ပုံမှန် မဟုတ်ပါဘူး။ အဲဒီကနေ လာတဲ့ လျှပ်စစ်ဓာတ်စီးဆင်းမှုကြောင့် နှလုံးရဲ့ Left and Right Atria ဘယ်ညာ အပေါ်ခန်းနှစ်ခန်းလုံးခုန်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ လျှပ်စီးမှုဟာ AV (Atriaoventrical) Node လို့ခေါ်တဲ့ နှလုံးအပေါ်ခန်းနဲ့ အောက်ခန်းတွေ ဆုံရာ နှလုံးနံရံမှာရှိတဲ့ နေရာကို ရောက်သွားပါတယ်။ အပေါ်က စီးဆင်းလာတဲ့ လျှပ်စီးကြောင်းတွေဟာ အဲဒီနေရာမှာနှလုံးအောက်ခန်းတွေ ခဏအနားယူရလေအောင် သူလည်းခဏနားပါတယ်။ ခဏနားပြီးတဲ့ နောက်ပိုင်း နှလုံးရဲ့  ဘယ်ညာအောက်ခန်းတွေကို Left Bundle & Right Bundle Branches ဆိုတဲ့ ဘယ်ညာဓာတ်ကြိုးချောင်းတွေနဲ့ လျှပ်စစ်ဓာတ်ကို ပို့ပေးရပါတယ်။ နှလုံးကြွက်သားတွေဆီ သွားတဲ့ ဓာတ်ကြိုးမျှင်တွေကို စပြီးတွေ့ခဲ့တဲ့ ဆရာဝန်ကတော့ ချက်လူမျိုး ပါကင်းဂျီး Purkinje ဖြစ်ပါတယ်။ သူခေတ်သူ့အခါက နာမည်အရမ်းကြီးခဲ့တဲ့ Purkinje ဟာဘယ်လောက် ကျော်ကြားခဲ့သလည်းဆိုရင် ကမ္ဘာအနှံ့က သူ့ဆီကို စာထည့်တဲ့ သူဟာ Purkinje Europe ဆိုပြီးရေးရင်ပဲ သူ့ဆီရောက်သွားတယ်တဲ့။
အဲဒီနှလုံးဝိုင်ယာကြိုးတွေက လျှပ်စစ်ဓာတ်လာမှ နှလုံးအောက်ခန်းကြွက်သားတွေက အလုပ်လုပ်နို်င်ြပီး တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ နှလုံးသားထဲမှာ လျှပ်စစ်မီးမလာလို့ကတော့ Cardiac Arrest နှလုံးကရပ်သွားတော့တာပါပဲ။လျှပ်စီးတာမူမမှန်ရင်လည်း နှလုံးရဲ့  အောက်ခန်းတွေ ကဆုန်ပေါက်ပြီး Ventricular Fibrillation ရရင်လည်း နှလုံးရပ်နိုင်ပါသေးတယ်။
ပုံမှန်နှလုံးခုန်နှုန်းက နားနေချိန်မှာ တစ်မိနစ်ကို ၆၀ ကနေ ၁၀၀ အထိ ရှိပါတယ်။လူတစ်ယောက် အိပ်ပျော်နေတဲ့အခါ နှလုံးခုန်နှုန်းက နှေးသွားတတ်တာဟာ ပုံမှန်ပါပဲ။ Beta-blocker လိုမျိုး နှလုံးဆေးတွေ သောက်ရလို့ နှလုံးခုန်နှုန်းနှေးသွားတာဟာ အတွေ့ များပါတယ်။ နှလုံးအထူးကုတွေအနေနဲ့ ဆေးသောက်နေတဲ့ လူနာတွေက နှလုံးခုန်နှုန်းတစ်မိနစ်ကို ၄၀ လောက်ရှိတာ မထူဆန်းပါဘူး။ အများစုက လူနာက နေကောင်းနေရင် ဘာမှ လုပ်စရာ မလိုပါဘူး။ နှလုံးခုန်နှုန်း နှေးတာတစ်ခုတည်းကို ကြည့်ပြီး ပြောလို့မရပါဘူး။
သာမာန်လူတွေ ကိုယ်လက်လှုပ်ရှားတဲ့အခါ နှလုံးခုန်နှုန်းက မြန်သွားတတ်ပါတယ်။ အဲဒါက ပုံမှန်ပါပဲ။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ အလုပ်ပိုပြီးလုပ်ရတဲ့အခါ သွေးက ကြွက်သားတွေမှာ ပိုပြီးလိုပါတယ်။ နှလုံးက ပိုပြီးလိုတဲ့ သွေးလှည့်ပတ်မှုကို သွေးခုန်နှုန်းမြန်မြန်ခုန်ပြီး ထိန်းပေးရပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း ထိန်းမထားနိုင်တော့ပဲ သတိလစ်နိုင်ပါတယ်။
Exercise ECG လို့ခေါ်တဲ့ လမ်းလျှောက်စက်ပေါ်မှာ လျှောက်ပြီး ECG ဆွဲရတဲ့ အခါမှာ ဆရာဝန်တွေက လူနာရဲ့  နှလုံးခုန်နှန်းကို ကြည့်ပါတယ်။ ၃ မိနစ်တစ်ခါ စက်ကပိုမြန်မြန်သွားသလို နှလုံးခုန်နှုန်းကလည်း တဖြည်းဖြည်း ပိုပြီး မြန်လာတတ်ပါတယ်။ ဆရာဝန်တွေက လူနာရဲ့  အသက်နဲ့ အညီ သတ်မှတ်ထားတဲ့ နှလုံးခုန်နှုန်းရောက်အောင် စောင့်ကြည့်လေ့ ရှိပါတယ်။
နှလုံးခုန်နှေးတိုင်းလည်း စိတ်ပူစရာ မလိုပါဘူး။Tour de France စက်ဘီးပြိုင်ပွဲမှာ ၅ ခါတိတိ ဗိုလ်စွဲဘူးတဲ့ Miguel Indurain ဆိုတဲ့ စပိန်လူမျိုး စက်ဘီးစီးချန်ပီယံဟာ သူနားနေတဲ့အချိန်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၂၈ ပဲရှိပါတယ်။
ဒီလောက်ဆိုရင်တော့ နှလုံးခုန်ခြင်းအကြောင်း တော်အတန်သိလောက်ပြီ ထင်ပါတယ်။ နောက်တော့ မှ နှလုံးကို နှိုးဆွပြီးလုပ်တဲ့ Stress Tests ဆေးစစ်ဆေးမှုတွေအကြောင်းလို ရေးပါဦးမယ်။
မြန်မာပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေ။
မြန်မာနှလုံးဖောင်ဒေးရှင်း
Source of picture http://classconnection.s3.amazonaws.com/754/flashcards/2034754/png/ch_9_pic_141349381898638.png
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။