သက်တန့်ချို
တစ်ခါတုန်းက ဘီစီ ၄၇၀ - ၃၉၀ လောက်တုန်းကပေါ့ ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးခ် ( Socrates ) ဆီ လူတစ်ယောက်ရောက်လာခဲ့တယ် ။ အဲဒီလူက မြင်မြင်ချင်းပဲ ဆိုကရေးတီးစ်ကို ပြောတယ် ။
“ ကျွန်တော်ခင်ဗျားဆီကို သတင်းတစ်ခုပြောချင်လို့လာခဲ့တာပါ ခင်ဗျားရဲ့မိတ်ဆွေတစ်ယောက်ဆီက သတင်းပါ အဲဒါကို ခင်ဗျားကိုပြောချင်လို့ပါ ”
အဲဒီအခါ ဆိုကရေးတီးစ်က လက်ကာပြပြီး “ ခဏလောက်နေပါဦး ” လို့တားလိုက်တယ် ။ ပြီးတော့ ဆိုကရေးတီးစ်ကဆက်ပြော...တယ် ။

“ ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆီက သတင်းကိုမပြောခင် ကျွန်တော်က အဲဒီသတင်းကိုကြားရဖို့အတွက်ခင်ဗျားကို မေးခွန်းသုံးခုမေးပါဦးမယ် ။ “ စံ ” သုံးခုဆိုပါတော့ဗျာ ။ ကဲ ပထမမေးခွန်းကတော့ အခုခင်ဗျားပြောတဲ့သတင်းကလုံးဝမှန်ကန်ပါတယ်လို့ ခင်ဗျား အာမခံနိုင်ပါသလားဖြေပေးပါ ”
အဲဒီတော့ ထိုလူကပြန်ဖြေတယ်။ “ ဟင့်အင်း လုံးဝမှန်တယ်လို့တော့ကျွန်တော်သေချာမပြောနိုင်ပါဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တခြားလူတစ်ယောက်ဆီက ကြားခဲ့ရတာပါ ”
“ ကောင်းပါပြီ ဒါဆို ဒုတိယ မေးခွန်းကိုဆက်မေးပါ့မယ် ပထမမေးခွန်းအဖြေကတော့ ဒီသတင်းမှန်လားမမှန်ဘူးလား ခင်ဗျားမသေချာဘူးပေါ့နော် နောက်မေးခွန်းကတော့ဒီလိုပါ ကျွန်တော့်မိတ်ဆွေဆီကသတင်းဟာ ကောင်းသတင်းလား ဆိုးသတင်းလားဆိုတာ ဖြေပေးပါ ”
ဒီတော့ အမေးခံရတဲ့လူကပြန်ဖြေတယ် ။ “ ကောင်းသတင်းထက် ဆိုးသတင်းကပိုများပါတယ် ဆိုးတဲ့သတင်းဆိုပိုမှန်ပါတယ် ”
“ ဒါဆိုရင်ခင်ဗျားပြောမယ့်သတင်းဟာ မှန်လားမမှန်လား မသေချာဘူး ၊ ဆိုးသတင်းလည်းဖြစ်နေတယ်ပေါ့နော် ကောင်းပြီ ဒါဆိုနောက်ဆုံးမေးခွန်းတစ်ခု နဲ့ထပ်ပြီးမေးပါဦးမယ် ။ ကဲ အခုခင်ဗျားပြောမယ့်သတင်းက ကျွန်တော့်အတွက်အကျိုးရှိတာပါသလား ကျွန်တော့်အတွက် အကျိုးယုတ်စေမယ့်အကျိုးမရှိစေမယ့်အရာတွေပါသလား ”
“ အကျိုးရှိတာတွေမပါပါဘူး ” လို့ ဟိုလူက တိုတိုတုတ်တုတ်ပြန်ဖြေတယ် ။
နောက်ဆုံးမေးခွန်းရဲ့အဖြေကိုလည်းကြားရော ဆိုကရေးတီးစ်က ပြုံးပြီးပြောလိုက်တယ် ။
“ ခင်ဗျားပြောမယ့်သတင်းဟာ မှန်မမှန်လည်းမသေချာဘူး အဆိုးသတင်းလည်းဖြစ်တယ် ကျွန်တော့်အတွက်လည်းအကျိုးရှိတာမပါဘူးဆိုတော့ ကျွန်တော့်အတွက် ဒီသတင်းကိုသိစရာမလိုအပ်တော့ပါဘူး ဒါကြောင့်မပြောပါနဲ့တော့ ” တဲ့ ။
==============================
သင်တို့ရော ကြားရတဲ့သတင်းစကားတစ်ခုကို
- မှန် ၊ မမှန် ( ကိုယ်တိုင်ကြားရတာလားတဆင့်ကြားရတာလား ကိုယ်တိုင်မြင်ရတာလား တဆင့်မြင်ရတာလား )
- ကောင်းသတင်းလား ၊ ဆိုးသတင်းလား
- အကျိုးရှိစေမယ့်သတင်းလား အကျိုးယုတ်စေမယ့်သတင်းလား
စတဲ့ “ စံ ” ၃ ချက်နဲ့ တိုက်ဆိုင်ကြည့်ကြရဲ့လား ။ အကယ်၍ သတင်းကလည်း မှန်မမှန်မသေချာဘူး ဆိုးတဲ့သတင်းလည်းဖြစ်တယ် အကျိုးလည်းယုတ်စေမယ်ဆိုရင်တော့ သင်တိုင်လည်းမကြားချင်သလို ကြားဖို့လည်းမလိုအပ်သလို သူတပါးကိုလည်း မပြောမိပါစေနဲ့ ။
သက်တန့်ချို
Thinking Concepts စာစုများထဲမှ ဘာသာပြန်သည် ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။