တိုးတက်တဲ့
တိုင်းပြည်နဲ့ မတိုးတက်တဲ့ တိုင်းပြည် ကြားမှာ ဘာတွေ ကွာသွားလဲဆိုတော့
အဲဒီ တိုင်းပြည်မှာ နေတဲ့ ပြည်သူတွေရဲ့ သက်သောင့်သက်သာ ရှိမှုတွေ
ကွာသွားတယ်လို့ ဆိုရမယ်။
မကြာခင် ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ ဒီနေ့ ကျောင်းလခ သွင်းဖို့အတွက် ကျောင်းသားရေးရာ ဌာနကို သွားခဲ့ပါတယ်။ အဲဒီမှာ ထုတ်စရာ စာရွက်စာတမ်းတွေကို ထုတ်ပြီး ကျောင်းလခ ငွေသွင်းဖို့ ဘဏ်ကို သွားခဲ့ရာကနေ စိတ်ကူးထဲမှာ ပေါ်လာတာလေးတွေကို ချရေးဖြစ်ပါတယ်။
ပထမဦးဆုံး ကျောင်းလခ သွင်းဖို့အတွက် သက်ဆိုင်ရာ ငွေစာရင်း စာရွက်ကို ထုတ်ရပါတယ်။ ဒါပေမယ့် အဲဒီ စာရွက်ကို ထုတ်ဖို့ ဘယ်သူ့ဆီကမှ တောင်းရတာ မဟုတ်ပါဘူး။ ကွန်ပျူတာကနေ တစ်ဆင့် မိမိတို့ရဲ့ ကျောင်း ၀က်ဘ်ဆိုက်ထဲကို ၀င်ပြီး၊ အဲဒီထဲမှာ ရှိတဲ့ ကိုယ့်ပရိုဖိုင်ကနေ သက်ဆိုင်ရာ ငွေစာရင်း စာရွက်ကို ထုတ်ရပါတယ်။ အဲဒီအတွက် ကိုယ့် ကိုယ်ပိုင် လက်ပ်တော့ကို အသုံးပြုနိုင်သလို ကျောင်းတွေ၊ အဆောင်တွေထဲမှာ တပ်ထားတဲ့ ကွန်ပျူတာတွေကိုလည်း သုံးနိုင်ပါတယ်။ ၀က်ဘ်ဆိုက်ထဲကနေ ကိုယ်လိုချင်တဲ့ စာရွက်ကို ဖွင့်ပြီး ပရင့် ခလုတ်ကို နှိပ်လိုက်ရင် လိုအပ်တဲ့ စာရွက် ထွက်လာပါတယ်။
ဒီနေ့တော့ တစ်ဆက်တည်း ကျောင်းဖွင့်ရင် တက်ရမယ့် ကိုယ်လျှောက်ခဲ့တဲ့ အတန်းတွေအတွက် လိုအပ်တဲ့ စာရွက်တွေနဲ့ လိုအပ်တဲ့အခါ သုံးဖို့ မဟာဘွဲ့ထောက်ခံစာရွက်၊ မဟာဘွဲ့အမှတ်စာရင်း၊ ပါရဂူတန်း အမှတ်စာရင်းစာရွက်တွေကိုပါ တစ်ခါတည်း ထုတ်လိုက်ပါတယ်။
ကျွန်မ မှတ်မိပါသေးတယ်။ တစ်ချိန်တစ်ခါတုန်းက ကိုယ့် ပညာရေးနဲ့ဆိုင်တဲ့ စာရွက်လေး တစ်ရွက်နှစ်ရွက် လိုချင်လို့ သက်ဆိုင်ရာကို သွားတဲ့အခါတိုင်း ဒီတစ်ခေါက်တော့ ဘာမှ အတိုအရှည် မပြောဘဲ ကိုယ်လိုအပ်တဲ့ စာရွက်ကလေးကို ချောချောမွေ့မွေ့နဲ့ အလွယ်တကူ ထုတ်မှ ထုတ်ပေးပါ့မလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ သွားခဲ့ဖူးတဲ့ နေ့ရက်တွေကိုပေါ့။
မရောက်ခင်မှာလည်း အဲဒီလို ရင်တထိတ်ထိတ်နဲ့ သွားခဲ့ရသလို၊ ရောက်သွားတဲ့ အခါမှာလည်း မလိုအပ်ဘဲ စကားတွေ အများကြီး ပြောပြီး ဟို စာအုပ်ဖွင့်၊ ဒီ စာအုပ်ဖွင့်၊ ဟိုနေရာ ထသွား၊ ဒီနေရာ ထသွားနဲ့ လေးငါးဆယ်မိနစ်နေမှ ပြန်ဝင်လာတဲ့ သက်ဆိုင်ရာ ၀န်ထမ်းတွေကို မျက်နှာချိုသွေးခဲ့ရတဲ့ နေ့ရက်တွေကိုပေါ့….။
နောက် ဘဏ်ကို ရောက်တော့လည်း အတူတူပါပဲ။ ဘဏ် အ၀င်ဝမှာကတည်းက ဘွတ်ကင် စာရွက်ကလေး ထုတ်ရတဲ့ စက်ကလေး ရှိတာကြောင့် ကိုယ့်အလှည့် ရဖို့ ခလုတ်ကလေး နှိပ်ပြီး ထွက်လာတဲ့ စာရွက်ကလေးကို ကိုင်ပြီး စောင့်နေလိုက်တယ်။ အရှေ့မှာ ဘယ်နှယောက် ရှိနေလဲ သိနိုင်သလို၊ ဘယ်နံပါတ်ပြီးရင် ကိုယ့်နံပါတ်လဲဆိုတာကို သိနေတာမို့ ဘယ်သူက ကျော်တက်သွားမှာကိုလည်း မစိုးရိမ်ရဘဲ အေးအေးဆေးဆေး ထိုင်စောင့်နေရုံပဲပေါ့လေ။ အချိန်တန်တော့ ဘဲလ်ကလေးကနေ တစ်ဆင့် ကိုယ့်နံပါတ်ကို ခေါ်ပါတယ်။
ဒီနေ့ ဒီဘဏ်မှာ လုပ်စရာတွေ များတာမို့ ကောင်တာမှာ ထိုင်ထိုင်ချင်း ဒီနေ့ လုပ်စရာ သုံးလေးခု ရှိကြောင်း ပြောလိုက်တော့ ၀န်ထမ်းမလေးက “ဟုတ်ကဲ့ပါ။ တစ်ခုချင်းကို ဖြည်းဖြည်းချင်း ပြောပါ။ အားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်”ဆိုပြီး ချိုပြုံးနေတဲ့ မျက်နှာလေး၊ ချိုသာနေတဲ့ အသံလေးနဲ့ ပြောခဲ့ပါတယ်။
အဲဒီတော့ ရောက်လာတဲ့ လူလည်း စိတ်ချမ်းသာရသလို ၀န်ထမ်းလည်း လိုအပ်တာကို တစ်ခုချင်း ဖြေရှင်း ၀န်ဆောင်မှု ပေးသွားတာမို့ နှစ်ဦးနှစ်ဘက် ကြည်ကြည်ဖြူဖြူနဲ့ အလုပ်တာဝန်တစ်ခုကို အောင်မြင်စွာ ပြီးဆုံးလိုက်နိုင်တယ်။
ကျွန်မ မှတ်မိပါသေးတယ်။ ပညာတော်သင်ဆု ရပြီး ကိုရီးယားနိုင်ငံကို ထွက်ရတော့မှာမို့ ပါတ်စပို့ လျှောက်ခဲ့တုန်းက တာဝန်ရှိ ၀န်ထမ်း ထိုင်နေတဲ့ အခန်းထဲက အပေါက်သေးသေးလေး ရှေ့မှာ လူတွေ တစ်ပုံကြီးနဲ့ ချွေးဒီးဒီးကျပြီး ဟိုလူက ကျော်တက်၊ ဒီလူက ကျော်တက်၊ အချင်းချင်း စကားတွေများကြ၊ ရန်တွေဖြစ်ကြနဲ့ လိုအပ်တာထက် မလိုအပ်တာတွေကြောင့် အချိန်တွေ ကုန်ပြီး လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေကိုပေါ့…။
လူအုပ်ကြားထဲမှာ တိုးဝှေ့ရင်း ဒီလောက် အစောကြီးကတည်းက ရောက်လာပြီး စောင့်နေခဲ့ရတာတောင် ကိုယ့်မျက်နှာကို တစ်ချက်ကလေးမှ စောင်းငဲ့မကြည့်ခဲ့တဲ့ ၀န်ထမ်းကြီးက ဒီနေ့အတွက် စာရင်းပိတ်လိုက်ပြီဆိုပြီး ပြောတော့ ရင်ထဲမှာ ဆို့နစ်ပြီး ငိုချမတတ်ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေကိုပေါ့…။
အတူတူပဲ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုရီးယားဌာနကြီး တစ်ခုမှာ ကျွန်မ အလုပ်လုပ်နေတုန်းက အဲဒီ ဌာနက ကိုရီးယားဝန်ထမ်း တစ်ယောက်က သူ့ရဲ့ ကိုရီးယားလိုင်စင်ကို မြန်မာလိုင်စင်နဲ့ ပြောင်းဖို့ ကူညီပေးပါဆိုလို့ ယဉ်မောင်းလိုင်စင်ရုံးကို သွားခဲ့တုန်းကပေါ့။ နိုင်ငံခြားသား ပါလာပြီး ကျွန်မတို့ကလည်း ဘာအပြစ်မှ မလုပ်ရပါဘဲ အစကတည်းက မျက်နှာကို ရှစ်ခေါက်ချိုးထားတဲ့ ၀န်ထမ်းအစ်မကြီး တစ်ယောက်ကြောင့် နိုင်ငံခြားသားကိုလည်း အားနာရ၊ မလိုအပ်ဘဲ ခက်ထန်ပြီး စကားရိုင်းတွေ ပြောတဲ့ အစ်မကြီးကြောင့် ဒေါသတွေ ထွက်ရနဲ့ အကုသိုလ်တွေ များခဲ့ရတဲ့ နေ့ရက်တွေ အများကြီး အများကြီး ရှိခဲ့ဖူးပါတယ်။
တကယ်တော့ ဒါတွေ အားလုံးက မလိုအပ်ဘဲ ဖြစ်နေရတဲ့ အပူသောကတွေပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ ဌာန တော်တော်များများမှာက အဲဒီလို အခက်အခဲတွေ အများကြီး ရှိနေတယ်ဆိုတာလည်း အမှန်ပါပဲ။ မဟုတ်ဘူးလို့ ပြောရင် အဲဒါဟာ ညာတာပဲ ဖြစ်ပါလိမ့်မယ်။ သက်ဆိုင်ရာ ဌာနတွေကို သွားရတဲ့ ပြည်သူတိုင်း တစ်နေရာမဟုတ် တစ်နေရာမှာ၊ တစ်နေ့မဟုတ် တစ်နေ့မှာတော့ ကျွန်မ ပြောတာတွေကို ခံစားခဲ့ရဖူးလိမ့်မယ်လို့ ပြောပါရစေ။
အခု ဒီစာကို ဖတ်နေကြတဲ့ လူတွေထဲမှာ ဌာနဆိုင်ရာက ၀န်ထမ်းများ ရှိကောင်းရှိခဲ့ရင် အခုဆိုရင် ကျွန်မကို “ဌာနတိုင်းတော့ အဲဒီလို မဟုတ်ပါဘူးဟဲ့”ဆိုပြီး တွေးနေပြောနေကြမလား မသိပါ။
ဟုတ်ကဲ့။ ဌာနတိုင်းလို့တော့ မဆိုလိုပါဘူးရှင်။ သို့သော် အချို့အချို့သော ဌာနများနဲ့ တော်တော်များများသော ဌာနတွေမှာ အဲဒီလိုတွေ ရှိတယ်လို့ ပြောရင်လည်း အမှားတော့ မဟုတ်ဘူးဆိုတာ လက်ခံနိုင်ကြမယ်လို့ ထင်ပါတယ်။ ပြီးတော့ အခုဆို ကျွန်မကို “အဲဒါက ကိုရီးယားဟေ့။ ဒါက ကိုရီးယား မဟုတ်ဘူး။ အဲဒီလို ခေတ်မီ စက်တွေလည်း မရှိသလို၊ စနစ်တွေလည်း မရှိဘူးလို့” ပြောနေကြပြီလား မသိပါ။
ဟုတ်ပါတယ်။ ကျွန်မ အပြည့်အ၀ ထောက်ခံပါတယ်။ တိုးမှ မတိုးတက်သေးတဲ့ နိုင်ငံမှာ ဒီလို ခေတ်မီ စနစ်တွေ စက်ကိရိယာတွေ မရှိသေးတာ ဘယ်လို ရင်ဘောင်တန်းနိုင်မလဲလေ….။
ဒါပေမယ့် အဲဒီလို ခေတ်မီ ကိရိယာတွေ မရှိဘဲနဲ့ရော လက်ရှိ အနေအထားထက် ပိုပြီး သာယာတိုးတက်အောင် လုပ်ကြည့်လို့ ရမယ့် နည်းလမ်းလေးများ မရှိနိုင်ဘူးလားလို့ ကျွန်မ တွေးကြည့်မိတယ်။
ရှိတယ်ရှင့်။ ဘာလဲဆိုတော့ စိတ်ဓာတ်!!။ စိတ်ဓာတ်တွေကို ပြောင်းလဲယူရင် တိုးတက်နေတဲ့ တိုင်းပြည်ကြီးတွေနဲ့ ရင်ဘောင်တန်းပြီး တစ်နေရာတည်း မဖြစ်နိုင်ရင်တောင် လက်ရှိ အခြေအနေတွေထက်တော့ အနည်းငယ် ပိုပြီး သာတဲ့ ပတ်ဝန်းကျင်သစ် တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်မကတော့ ယူဆပါတယ်။
အဓိကကတော့ လူသားချင်း စာနာမှုကို ပထမဦးစားပေးပြီး ကိုယ် တာဝန်ထမ်းဆောင်ရာ နေရာကို ရောက်လာတဲ့ ပြည်သူအပေါ် နွေးထွေးဖော်ရွေစွာ ဆက်ဆံတတ်ဖို့ လိုပါတယ်။ ကိုယ့်လူမျိုး အချင်းချင်းအပေါ် ဖေးမကူညီချင်တဲ့ စိတ်တစ်ခုကို ရှေ့ထားပြီး ဆက်ဆံရင် မိမိကိုယ်တိုင်နဲ့ မိမိရဲ့ အလုပ်ခွင်မှာ သာယာမှုကို ဖန်တီးယူနိုင်ပါလိမ့်မယ်။
ဒီအတွက် အားလုံးသော ဌာနတွေမှာ မဟုတ်ရင်တောင် ပညာတတ် အမျိုးသားကောင်းတွေ စုဝေးတဲ့ ပညာရေးဌာနတွေမှာတော့ ပိုပြီး အဲဒီလို ဖော်ရွေနွေးထွေးတဲ့ စိတ်ဓာတ်မျိုးတွေ ရှိဖို့ လိုတယ်လို့ မြင်မိပါတယ်။ ပညာရေးနယ်ပယ်မှာ ပညာရှာဖွေနေတဲ့ ကျောင်းသူကျောင်းသား အားလုံးကို မြေထောင်မြှောက်ပေးရမှာဟာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ မိဘပြည်သူတွေ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည် တိုးတက်ရေးမှာ ပညာရေးဟာ အဓိကကျပါတယ်။ ပညာရေးနယ်ပယ်က သာယာမှသာ တိုင်းပြည်လည်း သာယာလှပမှာ ဖြစ်ပါတယ်။
ဒီအတွက် ပညာရေးနယ်ပယ်မှာ တာဝန်ထမ်းဆောင်ကြတဲ့၊ ပညာသင်ယူကြတဲ့ အမျိုးသားကောင်း အားလုံးတို့ရဲ့ စိတ်ဓာတ်တွေ သာယာလှပကြဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖက်တည်း ကောင်းရုံနဲ့ ဘယ်အရာမှ ကောင်းကောင်းမွန်မွန်နဲ့ မပြီးမြောက်၊ မအောင်မြင်နိုင်ပါဘူး။ နယ်ပယ်အသီးသီးမှာ ရှိတဲ့ လူတိုင်း ကိုယ့်နေရာကနေ အကောင်းဆုံး ပါဝင်ဆောင်ရွက်ကြမှသာ သာယာလှပတဲ့ လူ့ပတ်ဝန်းကျင် တစ်ရပ် ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။
အဲဒီအတွက် နိုင်ငံအတွင်းမှာ ရှိတဲ့ ဌာနတိုင်းက ၀န်ထမ်း အသီးသီးရဲ့ ရင်းနှီးဖော်ရွေစွာ ပြောဆိုဆက်ဆံတတ်တဲ့ အမူအကျင့်နဲ့ စိတ်ဓာတ်ကလေးတွေကို မွေးမြူကြပြီး ကိုယ့် တိုင်းပြည်တွင်းက ပြည်သူတွေရဲ့ သက်သောင့်သက်သာ ရှိရေးကို အလေးထားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလိုပါတယ်။
အထူးသဖြင့် ဌာနများစွာထဲက ပညာရေးဌာနတွေမှာဆိုရင်တော့ ခေတ်မီ ပညာရေးဆိုင်ရာ ထောက်ပံမှုတွေ မရှိခဲ့သေးရင်တောင် ပညာရှာဖွေနေကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အရေးကို စနစ်တကျ၊ ဖော်ဖော်ရွေရွေနဲ့ ဆောင်ရွက်ကြပြီး မြေထောင်မြှောက်ပေးကြဖို့ လိုတယ်လို့ တိုက်တွန်းပါရစေ။
သူတစ်ပါး တိုင်းပြည်များထက် အများကြီး ခေတ်နောက်ကျ၊ အဆင့်မမီ ဖြစ်နေတဲ့ ဘ၀ကနေ အမြန် လွတ်ကင်းပြီး အခြေခံ ခိုင်မာပြီး၊ ၀န်းကျင် လှတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်သစ်တစ်ခု အလျင်အမြန် ဖြစ်ထွန်းလာပါစေလို့ ပြင်းပြင်းပြပြ မျှော်လင့်ရင်းဖြင့်…။
ကိုရီးယားနိုင်ငံရောက်
မြန်မာနိုင်ငံသူ တစ်ဦးဖြစ်တဲ့…
ချမ်းမြမြသော် (Kyung Hee University, Seoul, Korea)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။