စာရွက်ပေါ်က အမဲစက်လေးတစ်စက်။
တနေ့မှာ ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတွေကို စာမေးပွဲစစ်ပါတယ်။ ကျောင်းသားတွေရဲ့ စားပွဲခုံတွေမှာ မေးခွန်းစာရွက်တစ်ရွက်စီကို မှောက်ထားတယ်။
ပရော်ဖက်ဆာက ကျောင်းသားအားလုံး စားပွဲမှာ ထိုင်ပြီးကြတာနဲ့ မေးခွန်းကို လှန်ကြည့်လို့ ရပြီ။ အဲဒီမေးခွန်းပေါ်မှာ မြင်တွေ့တာကို ဘယ်လို ခံစားရတယ်ဆိုတာ ရေးပြကြပါ။ အချိန် ၁၅ မိနစ် ပေးမယ်လို့ ပြောလိုက်တယ်။
ကျောင်းသားတွေက မေးခွန်းကို လှန်ကြည့်လိုက်ကြတော့ စာရွက်အလယ်ခေါင်မှာ အမဲစက်လေးတစ်စက်ကိုပဲ တွေ့ရတယ်။ ဘာစာတစ်လုံးမှ မရေးထားဘူး။ ဒါပေမဲ့ ကျောင်းသားတွေက အမှတ်မရမှာစိုးလို့ ကြိုးစားပြီး တစ်ခုခု ရေးကြတယ်။
အချိန်စေ့သွားတော့ ပရော်ဖက်ဆာက သူတို့ ဖြေထားတဲ့ စာရွက်တွေကို ပြန်သိမ်းပြီး တရွက်ချင်း စစ်ကြည့်လိုက်တယ်။ အဖြေတွေအားလုံးကို ကြည့်ပြီးတာနဲ့ သူက ကျောင်းသားတွေကို အခုလို ပြောလိုက်ပါတယ်။
"အခု စစ်တာကို အမှတ်မပေးပါဘူး။ စိတ်မပူကြပါနဲ့။ မင်းတို့ အားလုံးဟာ စာရွက်ပေါ်က အမဲစက်လေးအကြောင်းကိုပဲ ရေးထားကြတယ်။ စာရွက်တရွက်လုံး အပြည့်နီးပါး ရှိနေတဲ့ အဖြူရောင်အကြောင်းကို ဘယ်သူမှ မရေးကြဘူး။
အမဲစက်လေးဟာ သေးငယ်လှပေမဲ့ လူ့စိတ်ကို လွှမ်းခြုံသွားတယ်။ဒီလိုပဲ ပြဿနာလေးတစ်ခုဟာလဲ သေးငယ်ပေမဲ့ သတိမထားရင် စိတ်ကို တချိန်လုံး လွှမ်းမိုးနေမယ်။ အဲဒါကိုပဲ တွေးရင်း စိတ်ပူပန်နေမယ်။ ငါဟာ ကံဆိုးတဲ့လူပဲ ဆိုပြီး ညီးတွားနေကြလေ့ရှိတယ်။ ပြဿနာကိုပဲ အာရုံထားနေကြတယ်။
ဒီတော့ သူဟာ မိမိပါတ်ဝန်းကျင်မှာ ရှိနေတဲ့ သာယာလှပတဲ့ စမ်းချောင်းလေး၊ မြက်ခင်းစိမ်းစိမ်းလေးတွေ၊ နေခြည်ဖြာတဲ့ မနက်ခင်းလေး၊ နေဝင်ဆည်းဆာချိန်လေးတွေ၊ လှပတဲ့ ပန်းပွင့်လေးတွေ၊ သံသာသာတေးသီဆိုနေကြတဲ့ ငှက်ကလေးတွေ၊ အပြစ်ကင်းစင်တဲ့ ကလေးတွေရဲ့ ရယ်မောသံတွေ၊ အပြုံးလေးတွေ၊ လူတွေရဲ့ ကြင်နာမှုတွေ၊ ဖေးမကူညီကြတာတွေ၊ ချစ်ခြင်းမေတ္တာတွေကို မမြင်တတ် မခံစားမိဘူး။
အဲဒီလို မိမိပြဿနာကိုပဲ အချိန်ပြည့်အာရုံထား စိတ်ညစ်နေမယ်၊ သောကရောက်နေမယ်၊ ပါတ်ဝန်းကျင်ရဲ့ ကောင်းတာလေးတွေကို မမြင်တတ် မခံစားတတ်ဘူးဆိုရင် အဲဒီလူရဲ့ဘဝမှာ ဘယ်တော့မှ စိတ်ချမ်းသာမှုကို ရမှာမဟုတ်ဘူး။ အမြဲတမ်း စိတ်ဆင်းရဲနေမှာပဲ"တဲ့။
ဗန်းမော်သိန်းဖေ
၁၀-၀၇-၂၀၁၆
တနေ့မှာ ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတွေကို စာမေးပွဲစစ်ပါတယ်။ ကျောင်းသားတွေရဲ့ စားပွဲခုံတွေမှာ မေးခွန်းစာရွက်တစ်ရွက်စီကို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။