ရှုံးနိမ့်တာ ဘယ်သူ့ကြောင့်လဲ။
လူ့ဘဝမှာ အလုပ်လုပ်ရင်း ရှုံးနိမ့်မှုဆိုတာ ကြုံတွေ့ရမှာ ဓမ္မတာပါ။ အရှုံးနဲ့ မကြုံတွေ့တဲ့သူဟာ ဘာမှမလုပ်တဲ့လူပဲ ဖြစ်ပါလိမ့်မယ်။
လူအများစုဟာ အရှုံးနဲ့ ကြုံတွေ့တဲ့အခါ ဘယ်လိုပြောကြသလဲ။
- "ကံမကောင်းလွန်းလို့ ဒီလိုဖြစ်ရတာပါ"
- "ငါ့မှာ လုပ်ဖေါ်ကိုင်ဖက်ကောင်း မရှိလို့ပါ"
- "ငါ့လက်ထဲမှာ ငွေအလုံအလောက် မရှိလို့ပေါ့ကွာ"
- "ငါ့ဘော့စ်က ငါပြောတာမှ နားမထောင်တာကိုး"
- "ငါ့ကို အလုပ်တွေ အများကြီးခိုင်းထားတော့ ဒါကိုအာရုံမစိုက်နိုင်ဘူး"
- "အစိုးရက လုပ်သင့်တာကို မလုပ်ဘူးလေ"
- "ငါ့ဖေါက်သယ်တွေက ဘက်လိုက်ပြီး တခြားဆိုင်တွေမှာ အားပေးကြတာကိုး"
ကဲ၊ အခု အောင်မြင်သူတွေက အရှုံးနဲ့ ကြုံတွေ့တဲ့အခါ ဘယ်လိုပြောကြသလဲ။
- "ငါ သတိလွတ်သွားလို့ ဖြစ်ရတာ။ နောက်ကို ဒီလို မဖြစ်အောင် သတိထားတော့မယ်"
- "ငါ ဒီအလုပ်ကို မကျွမ်းကျင်လို့ ဖြစ်သွားတာ။ ငါ ကျွမ်းကျင်အောင် စာတွေဖတ်မယ်၊ သင်တန်းတက်မယ်"
- "ငါ့ဝန်ထမ်းတွေ မခြေမငံ ဆက်ဆံလို့ ဖေါက်သယ်တွေနည်းသွားပြီ။ ငါ့မှာ တာဝန်ရှိတယ်။ ငါ့ဝန်ထမ်းတွေကို ဈေးဝယ်တဲ့ ဖေါက်သယ်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ရှင်းပြမယ်။ သင်တန်းပေးမယ်"
- "ငါ ဝယ်ထားတဲ့ ရှယ်ယာတွေ ဈေးထိုးကျသွားပြီ။ ငါက စတော့တို့၊ ရှယ်ယာတို့အကြောင်း ဘာတစ်လုံးမှမသိပဲ စတော့ပွဲစား ပြောသမျှယုံမိတာကိုး။ ငါ စတော့အကြောင်း သေချာလေ့လာမှ ဖြစ်တော့မယ်"
အပေါ်ကဥပမာ ရေးပြထားတာလေးတွေကို ဖတ်ကြည့်ပြီး လူအများစုနဲ့ အောင်မြင်သူတွေရဲ့ အရှုံးနဲ့ ကြုံတွေ့တဲ့အခါ သူတိုရဲ့ တုံ့ပြန်မှုဟာ မတူကွဲပြားဘူးဆိုတာကို သတိထားမိပါရဲ့လား။
လူအများစုက သူတို့ ရှုံးနိမ့်မှုနဲ့ ကြုံရတာ ကံကြောင့်၊ သူများကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ အစိုးရကြောင့်ဆိုပြီး (သူကိုယ်တိုင်ကလွဲလို့) အားလုံးကို အပြစ်ပုံချကြတယ်။
အောင်မြင်သူတွေကတော့ ကျရှုံးတာ သူ့ကြောင့်၊ သူ့မှာ တာဝန်ရှိတယ်လို့ ခံယူတယ်။
အပြစ်တင်ပုံ မတူညီတဲ့ အကြောင်းတွေကြောင့် ဘာအကျိုးရလဒ်တွေ ဘာဖြစ်လာသလဲ။
လူအများစုဟာ သူများကိုပဲ အပြစ်တင်ပြီး သူတို့ကြောင့်ဆိုတာ ဝန်မခံဘူး။ ဒါကြောင့် သူတို့ကိုယ်တိုင်ရဲ့ အမှားကို မမြင်ဘူး။ အမှားကို မမြင်တော့ မပြင်တော့ဘူးပေါ့။ နောက်တစ်ခါလဲ ဒီအမှားတွေကြောင့် ကျရှုံးအုန်းပါပဲ။ အရှုံးတွေနဲ့ ထပ်ခါထပ်ခါ ကြုံရင်းနဲ့ နာလန်မထူတော့ဘူး။ စိတ်ဓါတ်ကျလာတယ်။ ကြိုးစားလည်း ကျရှုံးမှာပဲဆိုတဲ့ စိတ်စွဲသွားပြီ။ နောက်ဆုံးတော့ ငါဘာလုပ်လုပ် အောင်မြင်မှာ မဟုတ်ဘူးဆိုပြီး ဘာမှဆက်မလုပ်တော့လို့ အမှားနည်းသွားတယ်။ ဘာမှ မလုပ်တော့လည်း ဘာမှကို ဖြစ်မလာတော့ဘူး။
အောင်မြင်သူတွေကတော့ ကျရှုံးမှုနဲ့ ကြုံရင် သူဘာမှ ထိန်းချုပ်မရတဲ့၊ ဘာမှ လုပ်မရတဲ့ တခြားလူတွေ၊ အခြေအနေတွေ၊ အစိုးရကို အပြစ်မတင်ပဲ ငါမတတ်ကျွမ်းလို့ ၊ ငါညံ့လို့ဆိုတာ ဝန်ခံတယ်။ ဘာမှားသလဲဆိုတာ သူ့တို့ သေသေချာချာ ပြန်သုံးသပ်တယ်။ အမှားကို ပြင်တယ်။ နားမလည်တာကို တတ်ကျွမ်းကျင်အောင် လုပ်တယ်။ အဲဒီတော့ နောင်ဆက်လုပ်တဲ့အခါ အမှားနည်းလာတယ်။ နောက်ဆုံးမှာ အောင်မြင်မှု ရလိုက်တယ်။
သင် ဘဝမှာ အရှုံးနဲ့ ကြုံတွေ့လာရင် ကိုယ်ဘာမှ လုပ်မရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို အပြစ်တင်မယ့်အစား ငါ့ကြောင့်ဖြစ်တာဆိုတဲ့ တာဝန်ယူတဲ့ စိတ်ဓါတ်မွေးကြည့်ပါ။ သင့်ဘဝမှာ ထူးထူးခြားခြား တိုတက်ပြောင်းလဲမှုတွေ မြင်တွေ့လာရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၅-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။