အတွေးအမြင် သဘောထား ကြီးရင့်မှု
-------------------------- ------------
“သင် ၏ ရန်သူ ကို သတိပြုပါ။ သူသည် သင် ၏ ချို့တဲ့ချက် ကို ပထမဆုံး မြင်သူဖြစ်သည်။” ဟူသော စကား ရှိပါသည်။ အတိုက်အခံ ဖြစ်နေသူက ထောက်ပြလိုက်သော မိမိပျော့ကွက်ကို မြင်လိုက်လျှင် မိမိကိုယ်မိမိ အချိန်မှီ ပြင်ဆင်နိုင်သည့်အတွက် အကျိုးကျေးဇူး ကြီးမားကြောင်း ပြဆိုသော စကား ဖြစ်ပါသည်။
လူလိမ္မာ တို့သည် သူတစ်ပါး ၏ အမှားမှ သင်ခန်းစာ ရယူနိုင်ကြ၏။
လူမိုက် တို့ကား မိမိကိုယ်တိုင် မှားမှ သင်ခန်းစာ ရယူနိုင်ကြ၏။
ပို၍ မိုက်မဲသော သူတို့သည်ကား မိမိကိုယ်တိုင် မှားပါလျက် သင်ခန်းစာ မယူတတ်ကြကုန်။
လူငယ့်ဇွဲ နှင့် ကျွန်ပညာ
------------------------
သူတကာတွေက ကိုယ့်ထက် ခြေလှမ်း ငါးဆယ်လောက် ကြောနေပြီး ဖြစ်သည်ကို အသိအမှတ် ပြုထားရပါမည်။ သူတို့ကလည်း ရပ်နေမည် မဟုတ်။ ရှေ့ကို လှမ်းနေမည်သာ။
သူတို့က တစ်လှမ်းလှမ်းချိန်တွင် ကိုယ်ကလည်း တစ်လှမ်းတည်းသာ လှမ်းနေမည် ဆိုပါက ခြေလှမ်း ငါးဆယ် ထာဝရ ကွာနေမည်သာ ဖြစ်သည်။
သူတို့တစ်လှမ်းမှာ ကိုယ်က သုံးလေးလှမ်းလောက် လှမ်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မည်။
ရိုးဖြောင့်မှု အရင်းအနှီး
-----------------------
အထက်တန်း ကျလိုလျှင် အောက်တန်းစား စိတ်ဓာတ်မျိုး ကို မမွေးပါနှင့်။
မလိမ့်တပတ် လုပ်ခြင်း၊ နှစ်ပေါက် တစ်ပေါက် ရိုက်ခြင်း ဆိုသည့် လုပ်ရပ်မျိုးမှာ အောက်တန်းစား စိတ်ဓာတ်မျိုး ဖြစ်သည်။ မည်သည့် အခါမျှ မမွေးပါနှင့်။ ယောင်လို့မျှ မတွေးသင့်ကြပါ။
“လည်သည်” ဟူသော ဂုဏ်မျိုးကို မမက်သင့်ပါ။
“ကျွမ်းကျင်သည်” ဟူသော ဂုဏ်မျိုးသာ မက်သင့်ပါသည်။
(ဆရာကြီးအောင်သင်း၏ ဆုံးမစကားများ)
--------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။