Nine Nine Sanay @ နိုင်းနိုင်းစနေ
ဒီရက်ပိုင်း တရုတ်အင်တာနက်သုံးသူတွေကြားမှာ သတင်းနှစ်ခုနဲ့ပတ်သက်တဲ့ ဝေဖန်ရေးတွေဟော့နေတယ်။
ပထမတစ်ခုက အမေရိကန်ကိုလာလည်တဲ့ တရုတ်လူမျိုး ၄ယောက် အယ်ရီဇိုးနားပြည်နယ်မှာ ကားတစ်စီးနဲ့ ကိုယ်တိုင်မောင်းပြီးသွားလည်တာ ဘယ်အကွေ့မှာ stop ဆိုင်းဘုတ်ပြထားတာကို ခဏမရပ်ဘဲ မောင်းလို့ တည့်တည့်လာတဲ့ဘတ်စ်ကားနဲ့တိုက်ပြီး ၄ယောက်လုံး ပွဲချင်းပြီးသွားတဲ့ သတင်းနဲ့ပတ်သက်တာ။
ဒုတိယတစ်ခုက ပီကင်း သားရိုင်းဘေးမဲ့တိရစ္ဆာန်ဥယျာဉ်မှာ မိန်းမက ယောက်ျားကားမောင်းတာကိုနှေးလို့ဆိုပြီး သူကိုယ်တိုင်ကားမောင်းဖို့ ယောက်ျားနဲ့အငြင်းပွားပြီး ကားပေါ်ကအဆင်းမှာ ကျားဆွဲခံလိုက်ရတယ်။
သူ့ကိုလာကယ်တဲ့ အမေလား ယောက္ခမလားမသိတဲ့ အမျိုးသမီးက ကျားကိုက်လို့နေရာမှာတင်သေသွားပြီး အဲဒီမိန်းမကိုယ်တိုင်ကတော့ အရေးပေါ်ခန်းရောက်နေတဲ့သတင်းနဲ့ ပတ်သက်တာ။
သူတို့အဖြစ်ကို ကိုယ်ချင်းစာသနားကြပေမယ့် တရုတ်အင်တာနက်သုံးစွဲသူအများကတော့ ဒါဟာ စည်းကမ်းလိုက်မနာလို့၊ ကိုယ်ထင်တိုင်းလုပ်လို့ ပေးဆပ်လိုက်ရတဲ့အရာလို့ဆိုတယ်။
ပထမဦးဆုံး သားရိုင်းတိရစ္ဆာန်ဥယျာဉ်အကြောင်း ပြောရရင် အများပြည်သူဝင်ရောက်လေ့လာဖို့ ဖွင့်ထားတဲ့သားရိုင်းတိရစ္ဆာန်ဥယျာဉ်က လာရောက်ကြည့်ရှုသူတွေကို တိရစ္ဆာန်တွေရဲ့တကယ့် သဘာဝအရိုင်းအစိုင်းတွေ တွေ့မြင်ဖို့ဖြစ်တယ်။ ဥယျာဉ်တွင်းမှာ ကင်းလှည့်ယာဉ်တွေရှိပေမယ့် သွားရောက်ကြည့်ရှုသူတွေကို ကားပေါ်ကမဆင်းရ၊ ကိုယ့်တာဝန်ကိုယ်ယူလို့တောင် လက်မှတ်ထိုးရတယ်။ စည်းကမ်းချက်ကို လိုက်မနာဘဲ ငါလုပ်ချင်သလိုလုပ်မယ်၊ ငါအဆင်ပြေသလို လုပ်မယ်၊ ငါကြိုက်သလို လုပ်မယ်ဆိုပြီး ဥပဒေစည်းကမ်းကို လိုက်မနာခဲ့ဘူး။ ကားပေါ်ကမဆင်းရဆိုတာကို "ဘေးမှာ ကျားမှမတွေ့တာ ငါခဏလေးဆင်းတာပဲ" ဘာဖြစ်လဲပေါ့။
ဒါဟာ "စည်းကမ်းလိုက်နာတယ်ဆိုတာ ရဲကို လုပ်ပြတာ၊ ရဲမရှိတဲ့နေရာမှာ ငါကြိုက်သလို ငါလုပ်မယ်..စည်းကမ်းကိုမလိုက်နာလည်း ဘယ်သူ့မှ ငါ့ကိုမတွေ့ဘူး၊ ဘယ်သူ့ကိုမှ မထိခိုက်တာ ကိစ္စမရှိဘူး" ဆိုတဲ့လော့ဂျစ်ဖြစ်တယ်။ ဆိုင်းဘုတ်က သူထောင်ချင်သလိုထောင်ထားပါစေ... ငါ့စိတ်ထဲလုံခြုံတယ်၊ ကြိုက်တယ်၊ လုပ်လို့ရတယ်ထင်ရင်လုပ်မှာ ဆိုတာမျိုးတွေက တရုတ်လူမျိုးတချို့ရဲ့အတွေးတွေဖြစ်တယ်။ ဒီလိုအတွေးမျိုး အရိုးစွဲနေတဲ့လူတွေဟာ အမေရိကားကိုရောက်လာတဲ့အခါ ကိုယ့်တိုင်းပြည်မှာလုပ်ခဲ့သလို လုပ်လို့ရနိုင်မယ်လို့ထင်ခဲ့တယ်။
အမေရိကားမှာ အနေကြာတဲ့သူတစ်ယောက်က တရုတ်ပြည်ပြန်တုန်း ကားမောင်းဖြစ်တော့ အဲဒီကကားမောင်းသူတွေဟာ သူ့ထက်ငါအပြိုင် လမ်းလုမောင်းကြလို့ ကားမောင်းရတာကြောက်မိကြောင်းပြောတယ်။ ဘယ်ညာကွေ့တဲ့အချက်ပြမီးကိုမပြာဘဲ ကွေ့ချင်သလိုကွေ့.. သူ့ရှေ့ကို ငါလုဝင်လို့ရရင် သူအရှိန်လျော့သွားမယ်၊ ငါ့ကို တိုက်ရဲမှာမဟုတ်ဘူးလို့ ထင်ကြတယ်။ စည်းကမ်း ဥပဒေဆိုတာ ဘယ်ရောက်သွားမှန်းတောင် မသိဘူးလို့ဆိုတယ်။
အမေရိကားမှာ ကျောင်းလာတက်တဲ့ တရုတ်ကျောင်းသားတွေ ကိုယ်တိုင်ကားမောင်းရင်း ကားတိုက်ကြတဲ့နှုန်းဟာ တစ်နှစ်ထက်မြင့်တက်နေပါတယ်။ ငါပိုက်ဆံရှိတယ် ဘာဖြစ်လဲပေါ့...။ လမ်းကကျယ်၊ လမ်းကကောင်းတော့ အထူးသဖြင့် မြို့ပြနဲ့ဝေးတဲ့နေရာတွေမှာ ကားလည်းနည်း၊ လူလည်းနည်း၊ ရဲကားလည်းမတွေ့တော့ မောင်းချင်သလို မောင်းကြတယ်။ အမေရိကားကို ရောက်လာကြတဲ့ တရုတ်တော်တော်များများက တရုတ်ပြည်မှာနေထိုင်ခဲ့တဲ့အကျင့်အတိုင်း Stop ဆိုင်းပြထားတယ်ဆိုပေမယ့် ဘေးမှာရဲလည်းမတွေ့၊ မသိမသာ ဖြတ်မောင်းသွားတာမျိုးတွေ၊ လမ်းဆုံကို ကိုယ်ကနောက်မှရောက်ပေမယ့် ရှေ့ရောက်တဲ့ကားထက်အရင်ဦးဆုံး ဖြတ်မောင်းလိုက်တာမျိုးတွေ အမြဲရှိနေခဲ့တယ်။ စည်းကမ်းလိုက်မနာတော့ အခန့်မသင့်ရင် ကိုယ်တိုင် ဒါမှမဟုတ် အပြစ်မဲ့သူတွေ အသက်ပေးလိုက်ရတာပါပဲ။
တရုတ်ပြည်မှာဖြစ်ခဲ့တာမို့ တရုတ်တွေက သူတို့နိုင်ငံသားကို ဝေဖန်ကြတယ်။ ဒီလိုဆို မြန်မာပြည်မှာရော... ကီလို ၈ဝထက် ပိုမမောင်းရ၊ မီးနီဖြတ်မမောင်းရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ၊ အတက်ယာဉ်ကို ဦးစားပေးပါ၊ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါ...... ဒါတွေဟာလည်း အလှရေးပြထားသလိုပါပဲ။ အန္တရာယ်သေးရင် သေးသလောက်၊ ကြီးရင်း ကြီးသလောက် ပေးဆပ်လိုက်ကြရတာပါပဲ။ မီးနီဖြတ်မမောင်းရဆိုတဲ့နေရာမှာ ဖြတ်မောင်းတော့ တိုက်ပေါ့။ ကွမ်းတံတွေးမထွေးရဆို ထွေးတော့ နေရာတကာနီနီရဲရဲနဲ့ ညစ်ပတ်ပေါ့။ စည်းကမ်းဥပဒေဆိုတာ အလှပြဆိုင်းဘုတ်မှမဟုတ်တာ .... အရေးမပါဘူးလို့ ဘယ်သူပြောမလဲ...
#နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။