Myanmar B2B Management Magazine
အစိုးရက စီးပွားရေးမူဝါဒထုတ်ပြန်
*************************************
အစိုးရသစ်က သက်တမ်းလေးလခန့်အကြာ ဇူလိုင် ၂၉ မှာ စီးပွားရေးမူဝါဒကို အောက်ပါအတိုင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ
၁။ ပွင့်လင်းမြင်သာပြီးကောင်းမွန်တောင့်တင်းသည့်ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့်ဘဏ္ဍာရေးအရင်း အမြစ်များတိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်။
၂။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ
ပိုမိုအောင်မြင်စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိ သောလုပ်ငန်းများကိုပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင်အလုပ်အကိုင်ရရှိရေးနှင့်စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပံ့ပိုးကူညီပေးရန်။
၃။ ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်။
၎။ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စသည့်
အခြေခံစီးပွားရေးအဆောက်အအုံများလျင်မြန်စွာ တိုးတက်လာစေရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် Data ID Card System ၊ Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်။
၅။ ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအားလုံး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေးဆောင်ရွက်ရန်။
၆။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာ ကဏ္ဍ ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍချိန်ခွင် လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်။
၇။ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင် လိုသည့်စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှပ်နှံမှုများ တိုးမြှင့်ရန် အတွက် မူဝါဒများသီးခြားရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်။
၈။ အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေ ရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုရရှိလာစေရေး ဆောင်ရွက်ရန်။
၉။ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက်
လိုက်လျောညီထွေဖြစ်စေမည့် မြို့ပြများ တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအဆင့်မြှင့်တင်ရန်
တို့အပြင် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတိုးချဲ့ဖော်ထုတ်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်။
၁၀။ နိုင်ငံတော်၏၀င်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ်ထူထောင် ၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်။
၁၁။ တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာတိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင် စေသည့် အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေသောနည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန်။
၁၂။ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်းသာမက အခြားဒေသများအတွင်း၌ လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသောအခြေအနေများကို ဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရန်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။