Bamaw Thein Pe
အောင်မြင်မှုကို သာယာနေရင် ကျရှုံးမှာပဲ။
တကယ့်ဖြစ်ရပ်မှန်လေးတစ်ခုကို ပြောပြချင်ပါတယ်။
၁၉၆၈ ခုနှစ်လောက်မှာ ကမ္ဘာ့လက်ပါတ်နာရီ ဈေးကွက်ကို အုပ်စိုးနေတာ ဘယ်နိုင်ငံကလဲ။ ကမ္ဘာမှာ အကောင်းဆုံး နာရီတွေ ထုတ်လုပ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံပါ။ အဲဒီအချိန်ထိ အနှစ် ၆၀ ကြာ ကမ္ဘာ့နာရီဈေးကွက်ကို ကြီးစိုးနေတာ ဆွစ်နာရီတွေပါ။ အချိန်မှန်ပြီး အကြမ်းခံတဲ့ နာရီဝယ်ချင်သူဟာ Rolex, Omega စတဲ့ ဈေးကြီးတဲ့ ဆွစ်နာရီကိုပဲ ဝယ်ကြပါတယ်။

ဆွစ်နာရီထုတ်လုပ်သူတွေကလဲ သူတို့နာရီကို ပိုကောင်းအောင်၊ ဒီဇိုင်းလှအောင်
အမြဲ ကြိုးစားနေကြတယ်။ နောက်ဆုံး ရေနက်ထဲထိ ဝတ်နိုင်တဲ့ နာရီတွေကို
တီထွင်ခဲ့ကြတယ်။ ဆွစ်နာရီတွေကို ဘယ်နိုင်ငံက နာရီမှ မယှဉ်နိုင်ခဲ့ပါဘူး။
၁၉၆၈ ခုနှစ်မှာ ကမ္ဘာမှာ ရောင်းရတဲ့ နာရီအလုံးပေါင်းရဲ့ ၆၅ ရာခိုင်နူန်းကို ဆွစ်နာရီတွေ ဖြစ်ကြပါတယ်။ နာရီရောင်းရငွေပေါ်မှာ အမြတ်ဟာလဲ ၈၀ ရာခိုင်နူန်း ဖြစ်နေတယ်။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်မှာ ရောင်းရတဲ့ နာရီအလုံးပေါင်းဟာ ၁၀ ရာခိုင်နူန်းအထိ ကျဆင်းသွားပါတယ်။ နာရီရောင်းရငွေပေါ်မှာ အမြတ်ဟာလဲ ၂၀ ရာခိုင်နူန်းအောက် ကျဆင်းသွားတယ်။
ဘာဖြစ်လို့လဲ။ ဆွစ်နာရီတွေရဲ့ ပစ္စည်းအရည်အသွေးကျသွားလို့လား။ အရည်အသွေး မကျတဲ့ အပြင် ပိုတောင် ကောင်းလာပါသေးတယ်။ ဒါဆို ဘာကြောင့်လဲ။
၁၉၆၇ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံက သုတေသနအဖွဲ့ဟာ အီလက်ထရောနစ်ကွတ်ဇ်နာရီ တစ်မျိုးကို တီထွင်လိုက်ကြပြီး ဆွစ်နာရီထုတ်လုပ်သူများကို ဖိတ်ခေါ်ပြသကြတယ်။ ဘယ်သူကမှ စိတ်မဝင်စားကြဘူး။ဘယ်ယာရင်၊ ခွေးသွားစိပ်၊ စပရင်စတဲ့ စက်ပစ္စည်းအစိပ်အပိုင်းမပါပဲ အီလက်ထရောနစ်ပစ္စည်းနဲ့ ဘက်ထရီလေးပဲပါတဲ့ နာရီကို ကလေးကစားစရာပစ္စည်းတစ်ခုလို သဘောထားကြလို့ပါ။ ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးလို့လဲ ထင်ကြေးပေးကြတယ်။
နောက်တနှစ်ကြာတော့ ဆွစ်သုတေသနအဖွဲ့က ကမ္ဘာ့နာရီပြပွဲမှာ အဲဒီအီလက်ထရောနစ်ကွတ်ဇ်နာရီကို ပြထားတယ်။ အဲဒီမှာ ဂျပန်နိုင်ငံက ဆီကိုကုမ္ပဏီက နာရီကို တစ်ချက်ကြည့်လိုက်တယ်။ နောက်ဘာဖြစ်သွားသလဲ။ အများ သိကြပါတယ်။ ဆီကိုကုမ္ပဏီက ဆီကို (Seiko) အီလက်ထရောနစ်နာရီတွေ ထုတ်လုပ်လိုက်တယ်။ ဈေးသက်သာပြီး လှပတဲ့ အီလက်ထရောနစ် နာရီတွေ အရမ်းရောင်းရတယ်။ ၁၉၆၈ ခုနှစ်မှာ ဂျပန်နာရီတွေဟာ နာရီဈေးကွက်ရဲ့ ၁ ရာခိုင်နူန်းပဲ ရှိနေခဲ့ရာ ၁၉၈၀ ခုနှစ်မှာ ဆီကိုနာရီတစ်ခုထဲတင် ကမ္ဘာ့နာရီဈေးကွက်ရဲ့ ၃၃ ရာခိုင်နူန်းကို ပိုင်စိုးလာခဲ့တယ်။
ဆွစ်ဇာလန်မှာ နာရီတွေ မရောင်းရတော့လို့ နာရီစက်ရုံတွေအများကြီး ပိတ်ပစ်လိုက်ရတယ်။ အလုပ်သမားထောင်ပေါင်းများစွာလည်း အလုပ်ပြုတ်ကုန်ကြတယ်။ ဆွစ်ဇာလန်လို နိုင်ငံအသေးလေးအတွက် ကမ္ဘာပျက်သလို ဖြစ်သွားတယ်။ နိုင်ငံ့စီးပွားရေးလည်း အကြီးအကျယ် ထိခိုက်သွားခဲ့တယ်။
ဒီအဖြစ်အပျက်ဟာ စီးပွားရေးလုပ်နေသူတွေအတွက် သင်ခန်းစာယူစရာပါ။ မိမိအောင်မြင်နေတယ်ဆိုပြီး ကျေနပ်နှစ်သိမ့် သာယာမနေပါနဲ့။ ပတ်ဝန်းကျင်အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေပြီ လိုအပ်ရင် လိုအပ်သလို စီမံဆောင်ရွက်နေသင့်ပါတယ်။
ဗန်းမော်သိန်းဖေ
၂၂-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။