Sai Kham Leng with Yin Yin and 6 others.
#Listening Skill တိုးတက်စေဖို့အတွက် ...
1. ပထမဦးစွာမိမိနှင့်ကိုက်ညီမည့် အကြောင်းအရာကိုရွေးချယ်ပါ၊ စတင်လေ့လာသူ(Beginner)များ အတွက် ၂ - ၃ မိနစ်ခန့်သာ ကြာမြင့်သောအကြောင်းအရာများကို ရွေးချယ်သင့်ပြီး အတော်အတန် လေ့လာထားသူ(Intermediate) များအတွက် ၃ - ၅ ခန့်ကြာမြင့်သော အကြောင်းအရာများကို ရွေးချယ်ပါ။ ရွေးချယ်ထားသောအကြောင်းအရာများသည် စာသားအဆင်သင့်ပါရှိရန် လိုအပ်သည်၊ သို့မှသာနားလည်မှု (understanding) အတိုင်းအတာကို ပြန်လည် စစ်ဆေးနိုင်မည်။
2. စတင်လေ့ကျင့်သောအခါ စာသားကိုမကြည့်ဘဲ အကြောင်းအရာတစ်ခုလုံး
အစအဆုံးတစ်ကြိမ် ဂရုစိုက် နားထောင်ပါ၊ နားထောင်စဉ်တွင် ဘာသာပြန်ရန်
မကြိုးစားဘဲ နားလည်ရန်သာ ကြိုးစားပါ၊ ၎င်းအတိုင်း (၃)
ကြိမ်ခန့်ဆက်တိုက်နားထောင်ပါ။
3. အကြမ်းအားဖြင့်နားလည်သောအခါ စကားစုတစ်ခုတိုင်းတွင် ခဏရပ်ပြီးလိုက်ဆိုပါ၊ လိုက်ဆိုသည့် စကားလုံး(သို့မဟုတ်) စကားစုကိုဘာသာမပြန်ပါနှင့်၊ နားကကြားသည့်အတိုင်းသာ အတတ်နိုင်ဆုံး ပီသအောင်ကြိုးစားပါ။
4. စကားလုံးတစ်လုံး၊ စကားစုတစ်ခုကိုအတိုင်းအတာတစ်ခုအထိနားလည်လျှင် ဝါကျတစ်ကြောင်းစီကို အထက်ပါနည်းအတိုင်း လိုက်ဆိုလေ့ကျင့်ပြီး ဝါကျတစ်ကြောင်းစီကို မှတ်မိသမျှချရေးကြည့်ပါ။ ၃ - ၅ ကြိမ်ခန့် လေ့ကျင့်လျှင် လေ့ကျင့်နေသောအကြောင်းအရာ၏ စာကြမ်းတစ်ခုရလာမည်။
5. အကြောင်းအရာတစ်ခုလုံးကို ရရှိလာသောစာကြမ်းဖြင့် အစအဆုံးထပ်နားထောင်ပြီး လိုအပ်သည် များကို ထပ်မံဖြည့်စွက်ပါ။
6. မူရင်းစာသားဖြင့် ရရှိထားသောစာကြမ်းကို တိုက်ပြီးစစ်ဆေးကြည့်ပါ။ နားလည်မှု(understanding) အတိုင်းအတာကို တွေ့ရလိမ့်မည်။ အချို့သောစကားလုံးများသည် နားကကြားသည်နှင့် အမှန်တကယ် ပါရှိသည်မှာ ကွဲလွဲနိုင်သည်၊ အချို့သောစကားလုံးများမှာ မူရင်းစာသားကို ဖတ်ကြည့်သောအခါ သိသော်လည်း နားထောင်စဉ် နားလည်ရန်အခက်အခဲရှိသည်ကို တွေ့ရမည်။ စကားလုံးအသစ်များကို အဘိဓာန်တွင်ရှာဖွေကြည့်ရှုပါ။
7. ဆက်လက်ပြီး မူရင်းစာသားဖြင့် တစ်ကြိမ်ထပ်မံနားထောင်ပါ၊ နားထောင်နေစဉ် အသံထွက်များကို အနီးစပ်ဆုံးတူညီရန် ကြိုးစားလိုက်ဆိုပြီး (၃) ကြိမ်ထက်မနည်းလေ့ကျင့်ပါ။
8. နောက်ဆုံးအဆင့် အနေဖြင့် ပထမဆုံးလေ့ကျင့်စဉ်ကအတိုင်း စာသားကိုမကြည့်ဘဲ အစအဆုံး နားထောင်ပါ၊ စတင်စဉ်အချိန်ထက် ပိုမိုနားလည်လာသည်ကိုတွေ့ရလိမ့်မည်။ လေ့ကျင့်စဉ် အထူး အရေးကြီးသည်မှာ လုံးဝဘာသာမပြန်ပါနှင့်၊ အသံ၏သဘောတရားကို ဂရုစိုက်ကာ နားလည်ရန်သာ ကြိုးစားပါ။
9. အောင်မြင်စွာလေ့ကျင့်ပြီးဆုံးသောအခါ ပစ်မထားပဲမှတ်မိနေစေရန် တစ်ပတ်ခန့်အကြာတွင် ပြန်လည် နားထောင်ပါ၊ ရရှိလာသောနားလည်မှု(understanding) မှ စကားလုံး(word)၊ ဝေါဟာရ(vocabulary)၊ ဝါကျ(sentence) များ ကိုယ်တိုင်တည်ဆောက်ပြီး ပတ်ဝန်းကျင်တွင် အလျှင်းသင့်သလို အသုံးပြုပါ။
အထက်ဖော်ပြပါ နည်းများအတိုင်း တစ်နေ့အကြောင်းအရာတစ်ခုနှုန်းဖြင့် နေ့စဉ် ဆက်လက်လေ့ကျင့်ပါ၊ အောင်မြင်မှုတစ်ခုကိုနေ့ချင်းညချင်းမရနိုင်သလို ကျွမ်းကျင်မှု (skill) ကိုလည်း တစ်ရက်တည်း၊ တစ်နေ့တည်းမရနိုင်သောကြောင့် အဖန်တလဲလဲလေ့ကျင့်ရန် လိုအပ်သည်။
မည်သည့်ကိစ္စတွင်မဆို " သိ-ရှိ-နားလည်-လက်ခံ-လိုက်နာ-ကျင့်သုံး "ဟူသည့်အစီအစဉ်ကို သတိထားပါ။ ကိစ္စတစ်ခုခုကို သိလည်းသိပါသည်၊ ၎င်းနှင့်ပတ်သက်သော ဗဟုသုတလည်းရှိပါသည်၊ နားလည်း နားလည်ပါသည်၊ လက်လည်း လက်ခံပါသည်၊ အရေးကြီးသည်မှာလိုက်နာ-ကျင့်သုံးရန်သာ ဖြစ်ပါသည်။ ဤအကြောင်းအရာကို ဖတ်ရှုပြီးရလိုက်သည်မှာအသိ(Knowledge)သာဖြစ်ပြီးအမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှု (Skill)ရရှိရန် အကြိမ်ကြိမ်လေ့ကျင့်မှု(practice) အထူးလိုအပ်ပါသည်။ သီအိုရီကို သိရှိယုံမျှဖြင့် မလုံလောက်ပါ၊ ဥပမာ- ရေကူးနည်းကို သိသော်လည်း ရေကူးရန် မဖြစ်နိုင် သောကြောင့် ရေထဲဆင်းပြီးအမှန်တကယ် လေ့ကျင့်မှာသာလျှင် ရေးကူးတတ် မည်ဖြစ်သည်။
" practice makes perfect " ဟူသောစကားအတိုင်း လေ့ကျင့်ကျွမ်းကျင်အောင်ပွဲဆင် နိုင်ကြပါစေ ။
Aung KO OO UMK

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။