ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
#ကော်ပီစာချုပ်နဲ့_ကမ္ဘာကျော်သွားသူ
သူများတွေ ဦးနှောက်သုံးပြီး တီထွင်ထားတာကို ကော်ပီကူးယူခြင်းဟာ မလုပ်သင့်တဲ့ ကိစ္စပါ။ သိက္ခာရှိသော အလုပ်လည်း မဟုတ်ပါ။ ဒါပေမဲ့ တချို့ကိစ္စလေးတွေကျတော့လည်း ကော်ပီကူးယူသင့်ရင် ယူရပါတယ်။
Virgin Group ပိုင်ရှင် ဘီလျံနာသူဋ္ဌေးကြီး ရစ်ချတ်ဘရင်ဆန်ရဲ့ ကော်ပီကူးယူခဲ့ပုံလေးပါ။
သူဟာ Virgin Music ဆိုတဲ့ တေးသံသွင်းစတူဒီယို ထူထောင်ပြီး သိတ်မကြာခင်မှာ Mike Oldfied မိုက်အိုးလ်ဖီးဆိုတဲ့ ဂီတပညာရှင်လေးတစ်ယောက်ကို တွေ့လိုက်တယ်။ မိုက်ရဲ့ တကိုယ်တော် တီးခတ်ထားတဲ့ တူရိယာမျိုးစုံကို စုပေါင်းအသံသွင်းထားတဲ့ တိပ်ခွေကို နားထောင်ပြီး အရမ်းသဘောကျသွားတဲ့ ရစ်ချတ်က သူ့Virgin Music ကနေ မိုက်နဲ့ သီချင်းခွေတွေ ထုတ်ဖို့ စာချုပ်ချင်တယ်။
ခက်တာက ရစ်ချတ်ဟာ စတူဒီယို ထူထောင်တာ မကြာသေးတော့ စာချုပ်တစ်ခုကို ဘယ်လို ပြင်ဆင်ရေးသားရမယ်ဆိုတာကို မသိဘူး။ ရှေ့နေငှါးပြီး ရေးခိုင်းဖို့ကလည်း သူ့မှာ ပိုက်ဆံမတတ်နိုင်ဘူး။
ဒီတော့ သူဘာလုပ်သလဲ။ သူနဲ့ ရင်းနှီးတဲ့ အမျိုးသမီးအဆိုတော် Sandy Denny စင်ဒီဒင်နီဆီက Island Records စတူဒီယိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ငှားယူလိုက်တယ်။ အဲဒီစာချုပ်အတိုင်း အတိအကျ စာရိုက်လိုက်ပြီး "Island Records" နေရာတွေမှာ "Virgin Music" စာလုံးကို အစားထိုးလိုက်တယ်။ "စင်ဒီဒင်နီ" နေရာတွေမှာ "မိုက်အိုးလ်ဖီး" စာလုံးကို အစားထိုးလိုက်တယ်။
အဲဒီစာချုပ်နဲ့ မိုက်ကို Virgin Music ရဲ့ ပထမဆုံးတူရိယာပညာရှင်အဖြစ် ပွဲထုတ်ပြီး Tubular Bells ဆိုတဲ့ ဓါတ်ပြားခွေကို ၁၉၇၃ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိလိုက်တယ်။ အဲဒီဓါတ်ပြားခွေဟာ အင်္ဂလန်မှာ ချပ်ရေ ၁၃ သန်းထိ ရောင်းရတယ်။ မိုက်ဟာ ချက်ခြင်း ကမ္ဘာကျော်ဖြစ်သွားသလို ရစ်ချတ်ရဲ့ Virgin Music ကလည်း ဗြိတိန်ပေါင် သန်းပေါင်းများစွာ အမြတ်ရသွားခဲ့တယ်။
ဂီတပညာရှင် မိုက်တစ်ယောက်ကတော့ သူ့ကို ကမ္ဘာကျော်သွားစေခဲ့တဲ့ စာချုပ်ဟာ သူများဆီက ကူးထားမှန်း မသိရှာပါဘူး။
ဗန်းမော်သိန်းဖေ
၁၉-၁၀-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။