#ဈေးဝယ်ရင်း_ကုသိုလ်ရှာပါ
တစ်နေ့မှာ ကျနော်ဟာ မိန်းမက ပန်းသီးဝယ်ခိုင်းလိုက်လို့ အိမ်ကနေ ခတ်လှမ်းလှမ်းမှာ ရှိတဲ့ ကုန်တိုက်တစ်ခုကို လမ်းလျှောက်သွားလိုက်တယ်။ အိမ်နဲ့ သိတ်မဝေးလှတဲ့ လမ်းဘေးနေရာ နေပူကြဲကြဲအောက်မှာ ထီးလေးဆောင်းရင်း ပန်းသီးတွေကို တောင်းတစ်လုံးမှာ ထည့်ပြီး ထိုင်ရောင်းနေတဲ့ အသက် ၈၀ အရွယ် အဖွားအိုတစ်ယောက်ကို တွေ့လိုက်မိတယ်။
ကျနော်လည်း ကုန်တိုက်ကို အဝေးကြီး သွားစရာမလိုအောင်လို့ အဖွားကြီးဆီက ပန်းသီးဝယ်မလို့ ဈေးမေးလိုက်တယ်။
"အမေကြီး ပန်းသီးတွေ ဘယ်ဈေးလဲဗျ"
"တစ်ကီလိုမှ ၇ ဒေါ်လာထဲပါ သားရယ်"
"ဟာ အမေကြီးကလည်း ကျနော် ဟိုခတ်လှမ်းလှမ်းက ကုန်တိုက်မှာ တစ်ကီလိုကို ၅ ဒေါ်လာနဲ့ ဝယ်နေကျပါဗျ။ ၅ ဒေါ်လာပဲ ထားလိုက်ပါလား။ ၂ ကီလိုတောင် ဝယ်မှာမို့ပါ"
"မရလို့ပါ သားရယ်။ ၅ ဒေါ်လာဆိုရင် အမေ ရှုံးသွားမှာပါ။ သား ၂ ကီလို ယူမယ်ဆိုရင် ၆ ဒေါ်လာနဲ့ ပေးမယ်လေ"
"၅ ဒေါ်လာ မရရင်လည်း မယူတော့ပါဘူးလေ"
၅ ဒေါ်လာနဲ့ ဝယ်နေကျဖြစ်တဲ့ ကုန်တိုက်ကိုပဲ လျှောက်လာခဲ့တယ်။ ကုန်တိုက်မှာ ပန်းသီး ၂ ကီလိုကို ရွေးလိုက်ပြီး ငွေရှင်းကောင်တာမှာ ငွေသွားရှင်းတယ်။ အရောင်းကောင်တာစာရေးက ပြောတယ်။
"အကို ပန်းသီး ၂ ကီလိုအတွက် ဒေါ်လာ ၂၀ ကျပါတယ်"
"ဟာ ဟုတ်ရဲ့လားကွာ။ အရင်က တစ်ကီလိုမှ ၅ ဒေါ်လာပဲ ပေးရတယ်။ ငါ ဒီမှာ အမြဲတမ်း ဝယ်နေကျပါ။ ၅ ဒေါ်လာဈေးပဲ ထားလိုက်ပါကွာ"
"ဟုတ်ပါတယ် အကို။ ဒီမနက်ကပဲ ပန်းသီးတွေ ဈေးတက်သွားလို့ပါ။ ဈေးကတော့ လျှော့ပေးဖို့ မဖြစ်နိုင်လို့ တောင်းပန်ပါတယ်ဗျာ။
"ဒါပေမဲ့ မင်းတို့ ဆိုင်တွေက ချက်ခြင်းပဲ ဈေး ၂ဆ တက်သွားတယ်ဆိုတာတော့ လွန်တာပေါ့ကွာ"
ကျနော် သူနဲ့ စကားအချီအချ ပြောနေတာကို မြင်သွားတဲ့ ဆိုင်မန်နေဂျာက အနားရောက်လာပြီး ဈေးနူန်းက ကုမ္ပဏီရုံးချုပ်က သတ်မှတ်ထားတာမို့ ပြင်လို့မရကြောင်း တောင်းပန်စကားပြောပါတယ်။ ဒါပေမဲ့ ကျနော် ပန်းသီးတွေကို မဝယ်တော့ပါဘူး။
ကျနော် ကုန်တိုက်က ထွက်လာပြီး အဖွားကြီးဆီ ပြန်လာတယ်။ အဖွားကြီးက ကျနော့်ကို မှတ်မိပါတယ်။
"ငါ့သား ပန်းသီး ဝယ်မယ် မဟုတ်လား။ အမေ ၂ ကီလို ချိန်လိုက်မယ်နော်။ တစ်ကီလို ၆ ဒေါ်လာဈေးနဲ့ပဲလေ"
"ဟုတ်ကဲ့။ ၂ ကီလို ဝယ်မှာပါ။ ဒါနဲ့ အမေကြီးကို အရင်က ဒီမှာ ဈေးရောင်းတာ မတွေ့ဖူးပါဘူး"
"ဟုတ်ပါတယ် သားရယ်။ မတွေ့ဖူးဆို အမေလည်း တစ်ခါမှ ဈေးမရောင်းဖူးဘူးလေ"
"ဟင် ဒါဆို အခု ဘာလို့ ဈေးရောင်းရတာလဲ"
"ဒီလိုပါ သားရယ်။ အမေ့ ယောက်ျားက မြို့ထဲမှာ သစ်သီးအစုံရောင်းတဲ့ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ အတော်လေး ရောင်းကောင်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက သူ ရုတ်တရက် လေဖြတ်သွားပြီး ကိုယ်တခြမ်းသေသွားတယ်။ ဆေးရုံတက်ကုရတယ်။ ဆေးကုခပေးစရာမရှိလို့ သူ့ဆိုင်ကို ရောင်းလိုက်ရတယ်။ ဆိုင်ရောင်းလို့ ရတဲ့ငွေလည်း သူ့ဆေးကုတာနဲ့ ကုန်သွားပြီ။ အမေတို့မှာ သားသမီးကလည်း မရှိတော့ အမေ့ယောက်ျားကို အိမ်မှာ ထားခဲ့ပြီး စားဖို့သောက်ဖို့ ရှာရအောင် အမေကိုယ်တိုင် ဈေးလာရောင်းနေရတာပါကွယ်"
ကျနော့်စိတ်ထဲမှာ စောစောက ကုန်တိုက်မှာ ဈေးဝယ်တာကို သတိရမိလိုက်တယ်။ ဆိုင်ကြီးတွေမှာ ဈေးဝယ်ရင် သူတို့ပြောတဲ့ ဈေးနဲ့ပဲ ဝယ်ရတယ်။ ဈေးဆစ်ပိုင်ခွင့် မရှိဘူး။ လမ်းဘေးမှာ တောင်းလေး၊ ဘန်းလေးတွေနဲ့ ဈေးရောင်းနေရရှာတဲ့ မရှိဆင်းရဲသားတွေဆီမှာ ဈေးဝယ်တာကျတော့ အသေဆစ်တတ်တယ်။ ငါလုပ်တာ မှန်ရဲ့လား၊ တရားမျှတမှု ရှိရဲ့လားလို့ စဉ်းစားနေမိတယ်။
အဖွားကြီးပြောလိုက်တဲ့ "ရပြီ သားရေ"ဆိုတဲ့ အသံကြားမှ ကျနော် သတိပြန်ဝင်လာတယ်။ အဖွားကြီးက ပန်းသီးအထုပ်ကို လှမ်းပေးတယ်။ ကျနော်က ပိုက်ဆံ ၁၂ ဒေါ်လာ ထုတ်ပေးလိုက်တယ်။ အဖွားကြီးက
"ကျေးဇူးတင်လိုက်တာ သားရယ်။ အခုမှ ဈေးဦးပေါက်တော့တယ်"
"အမေကြီးရေ ခဏလေး နေအုံးနော်။ ဒီမှာ ဒေါ်လာတစ်ရာ ယူထားလိုက်ပါ။
"မပေးပါနဲ့ သားရယ်။ အမေ သူများ အလကား ပေးတာကို မယူတတ်လို့ပါ"
"မဟုတ်ဘူး အမေကြီး။ ကျနော် အလကား ပေးတာ မဟုတ်ပါဘူး။ ဒီပိုက်ဆံနဲ့ မနက်ဖြန်ကနေ စပြီးသစ်သီးအစုံ ဝယ်ပြီး ဒီနေရာမှာပဲ လာရောင်းပါ။ ကျနော် နေ့တိုင်း လာအားပေးပါမယ်"
"ကျေးဇူးပါ သားရေ။ အမေ့ဆီက သစ်သီးတွေ လာဝယ်ရင် အမေ ပိုက်ဆံ မယူဘူးနော်။ သားပေးထားတဲ့ ဒေါ်လာတစ်ရာထဲက နှိမ်လိုက်ပေါ့ကွယ်"
ကျနော် အဖွားကြီးဆီက ထွက်လာတော့ စိတ်ထဲမှာ ကြည်နူးမှုတစ်ခု ခံစားလိုက်ရလိုက်တယ်။ နောက်နေ့တွေကျတော့ ရုံးက အပေါင်းအသင်းတွေကို အဖွားကြီးအကြောင်း ပြောပြပြီး သူ့ဆီမှာ အသီးတွေ ဝယ်ယူအားပေးဖို့ တိုက်တွန်းမိတယ်။ သူတို့လည်း အဖွားကြီးဆီမှာ နေ့တိုင်း အသီးတွေ ဝယ်ပြီး အားပေးကြတယ်။ ကျနော့် သူ့ဆိုင်နားက ဖြတ်သွားတိုင်း ပြုံးပျော်နေရှာတဲ့ အဖွားကြီးကို မြင်ရလို့ လောကကြီးအတွက် ငါတတ်နိုင်တာလေးတစ်ခုတော့ လုပ်ပေးနိုင်ခဲ့ပြီဆိုတဲ့ အသိနဲ့ ကြည်နူးဝမ်းသာနေမိတယ်။
ကုန်တိုက်ကြီးတွေမှာ၊ ဈေးဆိုင်ကြီးတွေမှာ ဆိုင်ပိုင်ရှင်ကြီးတွေ ချမ်းသာသထက် ချမ်းသာအောင် ဈေးဝယ်ကြမယ့်အစား ပစ္စည်းတူချင်း ရောင်းနေတဲ့ မရှိဆင်းရဲသားတွေရဲ့ ဆိုင်လေးတွေမှာ ဝယ်ယူအားပေးဖို့ မသင့်ပေးဘူးလား၊ ဈေးဝယ်ရင်း ကုသိုလ်လေး မရနိင်ဘူးလားဆိုတဲ့ အတွေးလေးတစ်ခု စာဖတ်သူတွေကို ရစေချင်လို့ပါ။
ဗန်းမော်သိန်းဖေ
၃၁-၁၀-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။