ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos — with Bamaw Thein Pe.
ဘီလျနာသူဋ္ဌေးကြီးဂျက်မားရဲ့ ဟောပြောပွဲတစ်ခုမှာ လူငယ်တစ်ယောက်က သူ့ကို မေးလိုက်ပါတယ်။ "အခွင့်အလမ်းကို အသုံးချတတ်ရင် ကြီးပွားနိုင်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းကို ဘယ်လိုရှာရမှာလဲ ခင်ဗျာ"တဲ့။
ဂျက်မားက ခုလို ပြန်ဖြေလိုက်ပါတယ်။ " အခွင့်အလမ်းကို တွေ့ချင်ရင် လူတွေရဲ့ စကားကို နားထောင်ပါ။ လူတွေရဲ့ မကျေနပ်သံ၊ ညီးတွားသံတွေကြားမှာ အခွင့်အလမ်းဆိုတာ ရှိတယ်။ ပြဿနာတွေ ဖြစ်နေရင် အဲဒီကြားမှာ အခွင့်အလမ်း ရှိတယ်"တဲ့။
၂၀၀၂ ခုနှစ်မှာ
တရုတ်နိုင်ငံမှာ SARS ဆားစ်ရောဂါဖြစ်လို့ လူပေါင်း ၈၀၀ ကျော် သေဆုံးပြီး လူ
၈,၀၀၀ ကျော်ဟာ ဆားစ်ရောဂါဝေဒနာ ခံစားကြရတယ်။ စက်ရုံ၊ ကုမ္ပဏီ၊ ကျောင်းတွေ
ပိတ်လိုက်ပြီး လူတွေဟာ အပြင် မထွက်ရဲကြတော့ဘဲ အိမ်ထဲမှာပဲ နေကြတယ်။
တကယ့်ပြဿနာ အကြီးကြီးပါ။ လူတွေဟာ အပြင်မထွက်ရဲလို့ တစ်ယောက်နဲ့ တစ်ယောက်
ဆက်သွယ်ပြီး ဆားစ်ရောဂါအခြေအနေကို မေးမြန်းစုံစမ်းဖို့ အိမ်တွေမှာ
တယ်လီဖုန်းတွေ အလုအယက် တတ်ဆင်ကြတယ်။ မိုဘိုင်းဖုန်းတွေ ဝယ်ကိုင်ကြတယ်။
အပြင်မထွက်ရဲတာကြောင့် အပျင်းပြေစေဖို့ အိမ်မှာ အင်တာနက်လိုင်းတွေ
တပ်ဆင်ကြတယ်။ ဈေးဝယ်မထွက်ရဲလို့ e-commerce ကနေ လိုချင်တဲ့ ပစ္စည်းကို
မှာယူဝယ်ကြတယ်။ ဆားစ်ရောဂါ ပြဿနာကို အခွင့်အလမ်းအဖြစ် အသုံးချလိုက်ကြတဲ့
တရုတ်ပြည်က တယ်လီဖုန်းကုမ္ပဏီတွေ၊ အင်တာနက်ကုမ္ပဏီတွေနဲ့ e-commerce
အင်တာနက်နဲ့ ပစ္စည်းအရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အကြီးအကျယ်
အကျိုးအမြတ်တွေ ရသွားကြတယ်။
မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် အစိပ်လောက်က ရန်ကုန်မြို့မှာ မီးခဏခဏ ပျက်တယ်။ အခုတော့ ရန်ကုန်မှာ မကြာခဏမီးပျက်တာ ရိုးသွားပေမယ့် အဲဒီအချိန်က မီးမှန်မှန်ရနေရာက မီးပျက်နေလို့ လူတွေဟာ ညီးတွားကြတယ်။ မကျေနပ်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ အဲဒီ အသံတွေကို ဝမ်းသာအားရနဲ့ နားထောင်နေကြသူတွေက တီထွင်သူတွေနဲ့ စီးပွားရေးသမားတွေပါ။ တီထွင်သူတွေက မီးပျက်ရင် မီးအားသွင်းထားတဲ့ ဘက်ထရီအိုးကနေ လျှပ်စစ်ပြန်ထုတ်နိုင်တဲ့ အင်ဗါတာတွေ တီထွင်ထုတ်လာကြတယ်။ အများကြီး ရောင်းရတယ်။ စီးပွားရေးသမားတွေက တရုတ်ပြည်က အင်ဗါတာတွေ၊ အိမ်သုံးမီးစက်လေးတွေ အများအပြား သွင်းယူပြီး ပြန်ရောင်းချလို့ အမြတ်တွေ ရသွားကြတယ်။
ဒါကြောင့် အခွင့်အလမ်းရှာတွေ့ချင်ရင် လူတွေရဲ့ မကျေနပ်သံ၊ ညီးတွားသံတွေကို သေချာနားထောင်ပါ။ ယနေ့လူတွေ မကျေနပ်နေတာ ရန်ကုန်မြို့မှာ ကားပါကင်ထိုးလို့ မရတဲ့ ပြဿနာ၊ မီးခဏခဏပျက်တဲ့ ပြဿနာ၊ တနေ့တခြား တိုးလာနေတဲ့ ခိုးမှု လုယက်မှု လူသတ်မှုစတဲ့ ဒုစရိုက်မှုတွေ၊ ကားလမ်းပိတ်တာ၊ ဘတ်စ်ကားကြပ်တာစတဲ့ မကျေနပ်သံတွေပါ။ စီးပွားရေးသမားတွေက ဒါတွေကို အခွင့်အလမ်းအဖြစ် အသုံးချကြပါလိမ့်မယ်။ စောင့်ကြည့်ပါ။
တလောက ဖေ့ဘုတ်မှာ မိမိကိုယ်မိမိ ကာကွယ်နိုင်တဲ့ လက်ကိုင်လျှပ်စစ်ကျင်စက်လေးတွေ ရောင်းဖို့ ကြော်ငြာတာတွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တနေ့တခြားတိုးလာနေတဲ့ လုယက်မှုတွေနဲ့ အမျိုးသမီးတွေကို လက်ရောက်စော်ကားတဲ့ သတင်းတွေကြောင့် ရောင်းသူက အခွင့်အလမ်းအဖြစ် အသုံးချလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၂၅-၁၀-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။