“ချစ်ရင် … ခိုင်းပါ”
************************** ************************** ************************** **
မိဘ ဆိုတာ ကိုယ့် သားသမီး နဲ့ ပတ်သက်လာရင် ကလေး ဘယ် အရွယ် ပဲ ဖြစ်နေပါစေ အတတ်နိုင်ဆုံး လုပ်ပေးချင်ကြတယ်၊ ကိုယ့်မှာ မရှိရင်တောင် ချေးငှားပြီး ပေးကမ်း ချင်ကြတဲ့ သူတွေပါ။
မြန်မာပြည်မှာ တချို့ ကလေးတွေ ၁၀ တန်း လောက် ရောက်နေပေမယ့် အမေ က ထမင်း ခွံ့ ကျွေးတာမျိုးတွေ မကြာခန တွေ ဖူးလို့ တခြား နိုင်ငံက မေမေ တွေ ထက် စာရင်မြန်မာ မေမေ တွေက ပိုပြီး တောင် လုပ်ပေးကြတယ် လို့  ထင်တာပဲ။
ကိုယ့်သားသမီး ကို ချစ်တာ၊ အစစ အရာရာ လုပ်ပေးတာ တွေက အပြစ်လဲ မဟုတ်၊ လုပ်ပေးသူရော မြင်ရသူတွေ ရော စိတ်ချမ်းသာစရာပါ။ ဒါပေမယ့် ၂၁ ရာစု ကလေး ထိန်းနည်း အရတော့ အဲဒီနည်းဟာ သားသမီးကို ချစ်ရာ မရောက်ပဲ နှစ်ရာ ရောက်နေပါတယ်တဲ့။
ဆက်ပြီး အငြင်း မပွားခင် ဒီမေးခွန်းလေး အရင်ဖြေကြည့် ကြ ပါဦး။
“အကြောင်း အမျိုးမျိုးကြောင့် ခွဲခွာကြရတဲ့ အခါ ကိုယ့် သား သမီး ကို ဘယ်လို လူမျိုး အဖြစ် ထားခဲ့ချင်သလဲ?” အဖြေက ရွေးစရာ ၂ ခု ပေးမယ်။
(၁) မလုပ်တတ် မကိုင် တတ်၊ လောက ကြီး အလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ..အဖေ အမေ ကို တမ်းတပြီး အားငယ်နေတဲ့ ဘ၀ နဲ့  ထားခဲ့ချင်လား …. ဒါမှမဟုတ်
(၂) ကိုယ့် တာဝန်ကို ယူနိုင်ပြီး လောကဓံရဲ့  ဆူကြုံ နိမ့်မြင့် သဘော ကို အခြေ မပျက် ရင်ဆိုင်နိုင်တဲ့ သူဖြစ်စေချင်သလား …။
အင်း ကျွန်မတို့ တွေ သားသမီးတွေ နဲ့ ခွဲချင်သည် ဖြစ်စေ၊ မခွဲချင်သည် ဖြစ်စေ တနေ့ နေ့ မှာ မလွှဲမသွေခွဲခွာကြရမှာ တော့ အသေချာပဲနော်။ တစ်စက္တန့် လေးမှ မဝေးချင်ပေမယ့် လိုအပ်ရင် သူတို့  တိုးတက်ကြီးပွားဖို့ အတွက် အဝေးကို ပို့ သင့်ရင် ပို့  ရဦးမယ်။
ကိုယ့်ကလေး ကို နံပါတ် (၁) အမျိုးအစား မျိုး ဖြစ်စေချင်တယ် ဆိုရင် အစစ အရာရာ အကုန်လိုက်လုပ်ပေးပါ။ နံပါတ် (၂) အမျိုးအစား မျိုး ဖြစ်စေချင်တယ် ဆိုရင်တော့ .. ငယ်ငယ် ကတည်းက ခိုင်းသင့်ပါတယ်။
နန်းတော်လို ခမ်းနားတဲ့ အိမ်ကြီးမှာ ကလေး ကို ကလေးထိန်းတွေ၊ ဖိုးဖိုးဖွားဖွားတွေနဲ့ ထား၊ ကလေး ကို ဖူးဖူးမှုတ် လိုတိုင်းရ အောင် အားလုံး က အလိုလိုက်၊ တခြား ကလေးတွေနဲ့ ပေးမဆော့၊ တခြား ဘာ အလုပ် မှ မခိုင်းပဲ ထားတဲ့ အခါ အချိန် တစ်ခု အထိတော့ ထားလို့ ရပါလိမ့်မယ်။
အဲဒီ ကလေးလေး ကျောင်းစတက်တဲ့ အခါ သူများနဲ့ မပေါင်းတတ်၊ သူ လိုချင် သမျှ ကို လုံးဝ အငိုမခံပဲ ရနေကျ ဘ၀ ကနေ တကယ့် ကမ္ဘာ အစစ် တစ်ခု မှာ ခွဲဝေမျှဖို့ ၊ ကိုယ့်ဘာသာ တာဝန်ယူတတ်ဖို့ စတာတွေ နဲ့ ရင်ဆိုင်ရတဲ့အခါ သူ့ အတွက် ခက်ခဲလှပြီ။ တချို့  ကလေးက အချိန်တိုတို အတွင်း အလိုက်အထိုက် နေတတ်သွားကြပေမယ့် သေရာပါ လူရာမ၀င်တော့ တဲ့ လူတွေ လဲ ရှိတယ်။ ကိုယ်တွေ့ ပါ။ ဒါကြောင့် ကလေးတွေ ကို လူပီသစွာ ကြီးပြင်းနိုင်ဖို့ မိဘတွေ အနေနဲ့  နံဘေးမှာ ထွက်ရပ်ပေးသင့်ရင် ရပ်ရပါမယ်။ ခိုင်းသင့်ရင် ခိုင်းရပါမယ်။
အမေက အဲဒီလို ၂၁ ရာစု ကလေးပြုစုပျိုးထောင်ရေး စာတွေ သုသေသနတွေ ဖတ်ပြီး လက်တွေ့  ပြန်ကျင့်သုံး ကြည့်တာမို့  သမီး လုလု လေးခမျာ မချောင်ရှာဘူး။ သမီး ကို သည်းသည်းလှုပ်ချစ်တဲ့ အဖေလဲ မချောင်ဘူး။ အမေ ကတော့ မိန်းမကြမ်းကြီး အဖြစ်ခံရတာပေါ့ရှင်။
ကလေး တွေ ရဲ့ သင်ယူမှု၊ နားလည်မှု စွမ်းအား က တစ်ယောက်နဲ့ တစ်ယောက် မတူလို့ ဘယ်အရွယ်မှာ ဘာသင်ပါလို့ ပြောဖို့ မလွယ်ပါဘူး။
သမီး လုလု ၁၇ လ အရွယ်မှာ ပြောရင် နားလည် သလိုလို ရှိလို့  သူ့  အတွက် diaper (ဆီးခံ) လဲ ပေးတဲ့ အခါတိုင်း ဆီးခံကို အမှိုက်တောင်းထဲ သွားထည့် ဖို့  ခိုင်းကြည့်ပါတယ်။ သူ့  လက် ကို ဆွဲပြီး အမေက အိမ်သာထဲက အမှိုက်ပုံးဆီ ကို ခေါ်သွား၊ အဖုံးဖွင့်ပြီး လွှင့်ပစ်ပြတယ်။ ၂ ခါ လောက် လုပ်ပြတဲ့ အခါ သူတတ်သွားပြီ။ နောက်တော့ ဆီးခံလဲပေးတိုင်း သူ့ ကို ခိုင်းစရာမလိုတော့ပဲ ညစ်ပေနေတဲ့ ဆီးခံ ကို လက်ဖြန့် တောင်းတယ်၊ တခါတလေ ဆီးခံက စိုလွန်း၊ လေးလွန်းနေတော့ သူ့ လက်လေးနဲ့ မနိုင့်  တနိုင် မ သွားရတဲ့ အခါ အဖေ ဖြစ်သူက မနေနိုင်ဘူး။ လုပ်ပေး ချင်တယ်။ အမေက မလုပ်ဖို့ မျက်နှာရိပ်နဲ့  တားရတယ်။
လွယ်လိုက်တာ လို့ တော့ မတွေး လိုက်ပါနဲ့ ဦး မေမေတို့ ရေ။ အခက်ခဲ တွေလဲ ရှိပါတယ်။ အစပိုင်းမှာ .. သူစားပြီး သား မုန့် လေးတွေ၊ အိမ်က တီဗီ control တွေ ကို လဲ အဲဒီ အိမ်သာ အမှိုက်ပုံးထဲ သွားထည့်တတ်လို့  ပြန်ပြင်ပေး ရတယ်။ ဧည့်သည်လာလို့ အိမ်သာတက်နေလဲ သူ ဆီးခံ လွှင့်ပစ်ရမှာနဲ့  တိုက်ဆိုင်နေရင် အိမ်သာတံခါး ကို အတင်း ဖွင့်ခိုင်းပြီး ရ အောင် သွား ပစ်တာမျိုး လဲ ရှိတယ်။
နောက်တစ်ခုက .. အမေ တံပျက်စည်းလှဲတာကို သူက စိတ်ဝင် စား သလို လာ လာ ကြည့်လို့  သမီးလုပ်မလား ဆိုပြီး ပေးလုပ်ကြည့်တာ၊ သူက ပျော်ပြီး ခနခန တံမျက်စည်း ထ လှဲပါတော့တယ်။ အိမ်မှာတင် မက ၊ အသိအိမ်တွေ သွားလို့  တံမျက်စည်းတွေ့ ရင် လဲ စလှဲပြီ၊ နောက်ဆုံး (ပုံမှာမြင်တဲ့ အတိုင်း) စူပါမားကက်တွေ သွားတဲ့ အ ခါ ထောင်ထားတဲ့ တံမျက်စည်းတွေ တွေ့ တိုင်း လှဲပါတော့တယ်။
တခြား ဈေးဝယ်သူတွေ က ၀ိုင်းကြည့်ကြ၊ သူ့ ကို တားရင် သူက အော်ငိုနဲ့ ကျွန်မ ချွေးပြန်ရတဲ့ အချိန်တွေ လဲ ရှိပါတယ်။ အဲလို ချွေးပြန်ချိန် ဆို သူ့ အဖေ ကတော့ "ကဲ ဘယ်နှယ့်ရှိစ၊ ၂၁ ရာစု ခေတ်သစ် မေမေကြီး" ဆိုပြီး မေးငေါ့တယ်။
အခုတော့ သမီးလေး က ၂၁ လ၊ သူ့ ဘာသာ ထမင်းစား၊ သွားတိုက်၊ သူ့ ဆီးထုပ် အီးထုပ်လေး ကို သူ ပစ်တတ်ပြီ၊ ကစားပြီးလို့  အရုပ်တွေ ကို ပြန်သိမ်းတဲ့ အခါ ကူတတ်ပြီ၊ အဖေ က စာဖတ်မျက်မှန် လို လို့  ယူပေးပါဦး ဆိုပြီး (တမင်တကာ) အကူညီ တောင်း သလို နဲ့  ခိုင်းတဲ့ အခါ ပြုံးပြုံး နဲ့ ယူပေးတတ်ပြီ။ အပြင်က ပြန်လာရင် ရှူးဖိနပ် ကို ဖိနပ်စင်ပေါ် သွားတင်တတ်ပြီ .. ဆိုတော့ ၂၁ ရာ စု မေမေ က “တွေ့ လား ဖေကြီး” လို့  လက်မ ပြန်ထောင်ပြရတဲ့ အချိန်ပေါ့ရှင်။
ကလေးတွေ ရဲ့ သင်ယူနိုင်စွမ်း၊ နားလည်နိုင်စွမ်း က ကျွန်မတို့ ထင်တားတာ ထက် အများကြီးသာပါတယ်။ ဒါကြောင့် ကလေး ဘယ်လောက်ပဲ ငယ်ငယ် သူ့ အတွက် အန္တရယ်လဲမရှိ၊ သူလဲ စိတ်ဝင်စားပုံပြတယ်၊ လုပ်နိုင်မယ့် ဟာမျိုး ဖြစ်တယ် ဆိုရင် စမ်းကြည့်ပါ လို့ တိုက်တွန်းချင်ပါတယ်။
သူ့ ဘာသာ စားခိုင်းတာ၊ အ၀တ်စားတွေ ချွတ်တတ် ၀တ်တတ်အောင် လုပ်ပေးခိုင်းတာ၊ ကစားပြီး ရင် ပြန်သန့်  ရှင်းခိုင်းတာ၊ အမေနဲ့ အိမ်အလုပ်တွေ ကူခိုင်း တာ … စသဖြင့် နိုင်ရာဝန် လေး ထမ်းပါစေ။ အချစ်တွေ နဲ့  ခိုင်းပြီး၊ အခက်ခဲဖြစ်နေရင် အသာယာ ပြန်ပြင်ပေးရင်းနဲ့  ကိုယ့်ဘာသာ မှီခိုနိုင်တဲ့ စိတ်ထားမျိုးလေး ငယ်ကတည်းက ထည့်ပေးကြည့်ပါ မေမေတို့ ရေ။
အသုံးဝင်မယ်ထင်တဲ့ နည်းအချို့ ပါ။
၁) အကူအညီတောင်း သလို နဲ့ ခိုင်းကြည့်ပါ။
ကလေးတွေက ကူညီချင်စိတ်ရှိတယ်။ ကူညီခွင့်ရတာကို ကျေနပ်ကြတယ်။ ဒါကြောင့် မေမေ့ ကို ကူပါဦး ဆိုပြီး ခိုင်းကြည့်ပါ။
မိဘတွေ ကို အိမ်သား တွေ ကို ကူညီပေးခြင်း အားဖြင့် သူ့ စိတ်ထဲမှာ လူရာဝင်တယ်လို့ ခံစားရတယ်။
ငါလုပ်နိုင်တယ်၊ ငါ ကူညီ လိုက်ရတယ် ဆိုပြီး ကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်စေတယ်။ (ကိုယ်လဲ သက်သာတာပေါ့ရှင်း)
၂) မလုပ်တတ်သေးခင် နည်းပြပေးပါ။
“မေမေ ပန်းသီးစားချင်တယ်” လို့ ပြောရင် “ပန်းသီး စားဖို့ တူတူ လုပ်ကြမယ်။ သမီးလာ… ဒီပန်းသီး ကို ဒီလို ရေနဲ့  အရင် စင်အောင် ဆေးကြစို့ ” စသဖြင့် ကလေး မဆေးနိုင်သေးရင်တောင် အသီး ကို စားဖို့  ရေဆေးရမယ် ဆိုတဲ့ အသိ လေး ၀င်အောင် သင်ပေးလို့ ရတယ်။
ထမင်းစားပြီးလို့ ပန်းကန် မဆေးတတ်သေးပေမယ့် ညစ်ပေနေတဲ့ ပန်းကန်တွေ ကို ရေဆေးစင်ပေါ် သွားထားခိုင်းတာမျိုး က စပြီး သင်ပေးလို့ ရတယ်။
၃) ချီးကျူးပါ ဒါပေမယ့် အပြုမူတိုင်း အတွက် ဆုတွေ မပေးနဲ့ ။
မိဘ ချီးကျူးတဲ့ လုပ်ရပ်တွေ ကို ကလေး တွေ က ထပ်ခါ ထပ်ခါ လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အပြုမူကောင်း တိုင်း အတွက် ဆုချနေရင် ကလေး က ဆုကို မျှော်ကိုးတတ်လာပြီး၊ မိဘ တွေ မပေးနိုင်တဲ့ အခါ ဆက်မလုပ် ချင်တတ်ကြတော့ဘူး။ မိဘနဲ့ မဟုတ်ပဲ တခြား လူကြီးတွေ ရှေ့ မှာ သွားလုပ်လို့ ဆုမရတဲ့ အခါ ကလေးက ခေါင်းရှုပ်သွားတတ်တယ်။ ဒါကြောင့် တချို့  အပြုမူ ကို ချီးကျူး စကား နဲ့ ပဲ အသိမှတ်ပြုပေးပြီး တချို့  လုပ်ရပ်ကို တော့ ဆုချ သင့်ပါသတဲ့။
သူတို့ ကိုယ် သူတို့ တာဝန်ယူရမယ့် ဟာမျိုး၊ လုပ်သင့် လို့ လုပ်တဲ့ ဟာမျိုး ဆို ဆုချတာမျိုး မလုပ်ပဲ ချီးကျူး စကား နဲ့ လုံလောက်ပါတယ် လို့ ပညာရှင်တွေ က ဆိုတယ်။
“ဟယ် ငါ့သမီးက ညစ်ပတ်တဲ့ အ၀တ်စားတွေ ကို အ၀တ်လျှော်မယ့် ခြင်း ထဲ ထည့်ထားတယ်။ လိမ်မာလိုက်တာ” လို့ ချီးကျူးစကား ဆိုခြင်း က သူတို့ အတွက် အားဆေးတစ်ခွက်ပါ။ ဆုချဖို့ မလိုပါဘူးတဲ့။
၎) အစီစဉ်လိုက် လုပ်တတ်အောင် ကျင့်ပေးပါ။
ကလေးတွေ ဟာ အပြောင်းအလဲ ကို ချက်ခြင်း လက်မခံတတ်ဘူး။ အသစ် တစ်ခုခု မလုပ်ခင် သူတို့ ကို ကြို ပြီး ပြောပြထားတာမျိုး လုပ်ရပါတယ်။
တနေ့ တာ လုပ်ဆောင်ရမယ့် ဟာတွေ ကို အစီစဉ်လိုက် ဥပမာ အိပ်ယာထ၊ မျက်နှာသစ် သွားတိုက် စတဲ့ အကျင့် တွေ ကို ငယ်ကတည်း က ပုံမှန် လုပ်ပေးသင့်တယ်။
၅) အကျိုးဆက်တွေ ကို သင်ပေးပါ၊ တခါလေ သူတို့ ဘာသာ သိပါစေ။
သူတို့ လေးတွေ မလုပ်လိုက်လို့ (ဒါမှမဟုတ်) လုပ်လိုက်လို့ ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုး တွေ ကို နားလည်အောင် လွှတ်ထားသင့်ရင် လွှတ်ထားပါတဲ့။
ဥပမာ ကျောင်း အားလပ်ချိန်မှာ ဘောလုံးကန်ရတာ ကြိုက် တဲ့ သားက သူ့ ရူးဖိနပ် ကို မနက် ကျောင်းသွားခါနီးမှာ ထည့်ဖို့ ပျင်းရင် (ကိုယ်က အရမ်း ထည့်ပေးချင်နေတောင်မှ မထည့်ပေးပါနဲ့ ) ရူးဖိနပ် မပါလို့ အဲဒီနေ့ မှာ သူဘောလုံး မကန် ရတော့တဲ့ အခါ..ကလေးက သူရူးဖိနပ်ပါမှ ဖြစ်မယ် ဆိုတာ ကောင်းကောင်း နားလည်သွားပါမယ်တဲ့။ မမေ့အောင် သတိပေးလို့ တော့ ရတယ်၊ အလိုက်တသိ မထည့်ပေးဖို့  ပြောတာပါ။
၆) သိပ်ပြီး မြင့်မြင့် မားမား မမျှော်မှန်းနဲ့ ။
၂ နှစ် မပြည့်သေးတဲ့ သမီးက တံမျက်စည်းလှဲ တာ ဘာပြောင်မှာလဲ ရှင်။ တခါတလေ ပိုတောင် ပွသွားသေး။ ဒါပေမယ့် သူ့ အရွယ်လေး နဲ့  သူလုပ်နိင်သလောက် လှဲကျင်းပေးတာကို ပဲ ကျေနပ်ရပါတယ်။
၅ နှစ် အရွယ်လေးကို အိပ်ယာခင်း ခိုင်းလို့ တွန့်  ကြေ နေရင် အပြစ်မပြောနဲ့ ၊ မရီနဲ့ ။ နောက် တကြိမ် မှ အိပ်ယာကို ဘယ်လို ခင်းရသလဲ ဆိုတာ ပြန်ခင်းပြပါ။
ဒီနည်းတွေ ကတော့ ၂၁ ရာစုမေမေတွေ သုံးကြတဲ့ နည်း ထောင်ပေါင်းများစွာထဲက ကျွန်မ မှတ်မိသမျှ၊ သုံးမိသမျှတွေပါ။
အကြောင်းရာ တိုက်ဆိုင်နေလို့ ပြောပါရစေ။ ကျွန်မ အသိ အကိုကြီး တစ်ယောက် ဟာ အခု အသက် ၅၅ လောက်ရှိပြီ၊ သူ့ မိဘ က ၇၀ ကျော်တွေ။ (ကျွန်မနဲ့ ခင်တဲ့သူ တွေ အဲဒီ အကို ကြီး က ဘယ်သူဆိုတာ သိကြပါတယ်)
အခုထိ အမေ က ထမင်းစားတော့မယ် ဆိုရင် ဟင်းနွေးပေးရတုန်း၊ ပြင်ပေးရတုန်း။ သူ့  အလုပ်က ရုံးတစ်ခု မှာ ကျွန်ပျူတာထဲ စာရင်းသွင်းရတဲ့ အလုပ် ဆိုတော့ သူ့ မှာ လူတွေ အများကြီးနဲ့ ပြောဆို ဆက်ဆံခွင့်လဲမရှိ၊ သူကိုယ်တိုင်ကလဲ အပေါင်းသင်းမထားဘူး။
အမေကလဲ သန်သန်မာမာ လုပ်နိုင်တုန်းက အကုန်လုပ်ပေးရတာတွေ သူ့ သားက သူ့ ကို အားကိုးတကြီးရှိတာကို အမြဲ ကျေနပ်ခဲ့တဲ့ မိခင်ပါ။ အခု အသက်ကြီးလာပြီး သူကိုယ်တိုင် ချူချာလာတော့ အရင်ကလို မလုပ်ပေးနိုင်တဲ့ အခါ ပြသနာကစပြီ။ သားလုပ်သူက ကြက်ဥတောင် မကြော်တတ်တဲ့သူ၊ သူစားပြီးသား ပန်းကန်လဲ အမေပဲ ဆေးနေကြ။
မိဘတွေ နေမကောင်းလို့ ဆေးခန်းသွားရမှာမျိုး၊ အစိုးရရုံး သွားပြီး လစဉ် ရတဲ့ ထောက်ပံ့ကြေးတွေ၊ ကျန်းမာရေး အာမခံတွေ စသဖြင့် နဲ့  ပတ်သက်တာတွေ ကို တခါမှ လိုက်မလုပ်ပေးခဲ့သူ။ ကျွန်မ တို့  သူငယ်ချင်း တစ်စု လဲ လူကြီးတွေ ကို သနားတော့ အလှည့်ကျ သွားပြီး လုပ်ပေးကြရတယ်။ ဘယ်သူမှ မအားတဲ့ အခါမျိုးဆို လူကြီးတွေ ခမျာ သူတို့  ဘာသာ သွားကြရရှာတယ်။ လမ်းတောင် အနိုင်နိုင် လျှောက်နေရတဲ့ အဖေ လုပ်သူက နှင်းတွေ ထဲ ခက်ခက်ခဲခဲ သွားလာရလဲ သူက အေးဆေးပဲ။ လိုက်မလုပ်ပေးဘူး။ မလုပ်ပေးချင်တာထက် လုပ်ပေးတဲ့ အကျင့် မရှိတဲ့ အတွက် သူ့ ကိုယ်သူ ယုံကြည်မှု မရှိတော့ တာမျိုးပါ။
အရင်ပတ်က သူ့ အမေ နေမကောင်းတော့ ကျွန်မ ကို ဖုန်းဆက်ပြီး ငိုသံကြီး နဲ့ ပြောရှာတယ်။ “သား ငယ်ငယ်တုန်းကတည်း က မခိုင်း ခဲ့ မိတာ အရမ်း နောင်တရတယ်၊ ခုတော့ အန်တီ့ မှာ … အသေမဖြောင့်နိုင်ပါဘူး ကွယ်” တဲ့။
ဒါကြောင့် ကိုယ့်သား သမီး ကို တကယ် ချစ်ရင် ငယ်ကတည်း က ခိုင်းကြပါ ရှင် …
မေတ္တာဖြင့်
မစုဥာဏ် (N&N မိသားစု)
အောက်တိုဘာ လ (၇) ရက်၊ ၂၀၁၆ခု
**************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။