ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၁၆)
#ရှုံးနိမ့်မှုများလေ_တိုးတက်လေပါ
လူရဲ့ သဘာဝက တစ်ခုခုလုပ်လို့ ရှုံးနိမ့်သွားရင် သူများတွေရဲ့ ကဲ့ရဲ့ရှုတ်ချတာကို မခံချင်ဘူး။ ဒါကြောင့် အရှုံးနဲ့ ရင်မဆိုင်ချင်ဘူး။ ဒါပေမဲ့ ရှုံးမှာ ကြောက်ပြီး ကစားပွဲတစ်ခုကို ဝင်မပြိုင်ရင် ရှုံးတာနဲ့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝင်မပြိုင်ရင် အနိုင်မရဘူး။ အနိုင်မရဘူးဆိုတာ ရှုံးတာနဲ့ အတူတူပါပဲ။
လူဆိုတာ ကလေးဘဝတုန်းက အရှုံးဆိုတာကို မကြောက်ခဲ့ပါဘူး။ တနှစ်သားအရွယ်
ကလေးငယ်ဟာ လမ်းလျှောက်ဖို့ ခြေတစ်လှမ်း စလှမ်းတယ်။ ကြမ်းပြင်ပေါ်
လဲကျသွားတယ်။ သူ ငိုတယ်။
ဒါပေမဲ့ ပြန်ထပြီး ခြေလှမ်းလှမ်းပြန်တယ်။ လဲကျပြန်တယ်။ ပြန်ထတယ်။ နောက်တော့ မလဲကျပဲ ခြေတစ်လှမ်း စလှမ်းနိုင်လာတယ်။ ၂ လှမ်း မြောက်မှာ လဲကျပြန်တယ်။ ငိုတယ်။ ပြန်ထပြီး ထပ်လျှောက်တယ်။ နောက်တော့ ၃ - ၄ လှမ်း လျှောက်ရင်း လမ်းလျှောက်တတ်သွားတယ်။ မကြာခင် ပြေးတောင် ပြေးနိုင်လာတယ်။
ကလေးဟာ ကြီးလာတဲ့အခါ မိဘက ပြောကြတယ်။
“သား ဒီနေ့ ကျောင်းမှာ အပြေးပြိုင်ပွဲ ရှိတယ်ဆို။ နိုင်အောင် ပြေးနော်။ သား ပထမဆုရပြီး ပြန်လာရင် အမေနဲ့ အဖေတို့က ဆုထပ်ပေးအုံးမယ်။ ပထမ မရရင်တောင် အနည်းဆုံး တတိယဆုလောက်တော့ ရအောင်လုပ်။ အဲဒါလောက်မှ ရမလာရင်တော့ အမေတို့ သားကို မချစ်တော့ဘူး”
ဒီစကားလေးတွေ ကြားရတဲ့ ကလေးဟာ ကြီးလာတဲ့အခါမှာ အရှုံးဆိုတာကို ရင်မဆိုင်ရဲတော့ဘူး။ အရှုံးဆိုတာ ရှက်စရာကြီးပါလားလို့ ထင်လာတယ်။ အနိုင်အရှုံးမသေချာရင် ရှုံးမှာ ကြောက်ပြီး ဘာမှ မလုပ်တော့ဘူး။ မစွန့်စားရဲတော့ဘူး။
အောင်မြင်သူတွေကတော့ အရှုံးကို မကြောက်ကြဘူး။ မကြောက်ရုံတင်မက အရှုံးကို ကြိုဆိုကြသေးတယ်။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ အစိပ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြတယ်။
သောမတ်စ်အယ်ဒီဆင်ဟာ သိပ္ပံတီထွင်မှုပေါင်းများစွာ လုပ်ခဲ့လို့ တီထွင်ပညာရှင်ကြီးလို့ ထင်ရှားကျော်ကြားခဲ့ပါတယ်။ အဲဒီတီထွင်မှုတွေထဲက လူပြောအများဆုံး တီထွင်မှုက လျှပ်စစ်မီးလုံး တီထွင်ခဲ့ခြင်းပါ။ သူဟာ မီးလုံးမှာ သုံးဖို့ လျှပ်စစ်ဖြတ်စီးရင် အလင်းရောင်ထွက်နိုင်တဲ့ သတ္တုနန်းကြိုးမျှင်ရဖို့အတွက် သတ္တုတွေကို တစ်မျိုးစမ်းကြည့်လို့ မရရင် နောက်တစ်မျိုး စမ်းကြည့်ပြန်တယ်။ လပေါင်းအတော်ကြာ သတ္တုအမျိုးပေါင်း တစ်ထောင်ကျော်ကို စမ်းသပ်ကြည့်ပြီး နောက်ဆုံး တန်စတင်းသတ္တုနဲ့ကျမှ အောင်မြင်သွားပြီး လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့တယ်။
အဲဒီလျှပ်စစ်မီးလုံးကို တီထွင်လိုက်နိုင်လို့ အမေရိကန်နိုင်ငံမှာ သူ့နာမည်ဟာ အရမ်းကျော်ကြားသွားတယ်။ အမေရိကန်သတင်းစာကြီးတစ်စောင်ရဲ့ သတင်းထောက်တစ်ယောက်က သူ့အကြောင်းကို ဆောင်းပါးရေးချင်လို့ အယ်ဒီဆင်ကို လာတွေ့ပြီး အင်တာဗျူးလုပ်တယ်။ သတင်းထောက်က သူ့ကို ခုလို မေးလိုက်တယ်။
"မစ္စတာ အယ်ဒီဆင်အနေနဲ့ စမ်းသပ်မှုပေါင်း ၁,၀၀၀ ကျော် ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ”
အယ်ဒီဆင်က ခုလို ပြန်ပြောတယ်။
"ငါ အကြိမ်တစ်ထောင် ရှုံးနိမ့်ခဲ့တာ မဟုတ်ဘူးကွ။ လျှပ်စစ်မီးလုံးအတွက် သုံးလို့ မရတဲ့ သတ္တုအမျိုးပေါင်း တစ်ထောင်ကျော်ကို ရှာဖွေတွေ့ခဲ့တာပါ”တဲ့။
အဲဒါက ဘာကို ပြောချင်တာလဲဆိုတော့ အောင်မြင်သူတွေဟာ တစ်ခုခုကို ကြိုးစားလို့ မအောင်မြင်တာကို ရှုံးနိမ့်သွားတယ်လို့ မယူဆကြဘူး။ မအောင်မြင်တာကို စမ်းသပ်မှုတစ်ခုလို့ပဲ ယူဆကြတယ်။ သူတို့ရဲ့ အဘိဓါန်မှာ “အရှုံး”ဆိုတဲ့ ဝေါဟာရ မရှိဘူး။ စမ်းသပ်မှုကို နည်းတစ်မျိုးနဲ့ လုပ်လို့ မအောင်မြင်ရင် နောက်တစ်နည်း ပြောင်းပြီး စမ်းသပ်ကြတယ်။ အောင်မြင်တဲ့အထိ နည်းတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းလဲစမ်းသပ်ကြတယ်။
အောင်မြင်ကျော်ကြားသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ သူတို့ရဲ့အထုပ္ပတိတွေကို ဖတ်ကြည့်လိုက်ရင် တစ်ကြိမ်ထဲနဲ့ အကြီးအကျယ် အောင်မြင်သွားသူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ သူတို့ဟာ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေနဲ့ ကြုံခဲ့ရသူတွေချည်းပါပဲ။ အဲဒီစာအုပ်တွေကို မဖတ်ကြည့်ဖူးသူတွေကတော့ အောင်မြင်သူတွေဟာ တစ်ကြိမ်ထဲနဲ့ အောင်မြင်သွားတယ်၊ ကံကောင်းသူတွေလို့ ထင်ကြတယ်။ ဘီလ်ဂိတ်၊ ဝါရင်ဘတ်ဖက်၊ မတ်ခ်ဇူကားဘတ်၊ ဂျက်မားစတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေဟာ သူတို့ဘဝတစ်သက်တာမှာ တစ်ခါမှ အရှုံးနဲ့ ရင်မဆိုင်ခဲ့ရဘူးလို့ သင် ထင်နေရင် အကြီးအကျယ် မှားသွားပါလိမ့်မယ်။
ကြိုးစားပါ။ ကျရှုံးပါ။ မကြာခဏ ကျရှုံးပါ။ ဒါပေမဲ့ ကျရှုံးပြီးတိုင်း ပြန်ထပါ။ အဲဒီလို အရှုံးတွေနဲ့ ကြုံတိုင်း သင်ခန်းစာ ယူပြီး ဆက်ကြိုးစားသူဟာ ပိုပြီးတော်လာတတ်ကြတယ်။ အတွေ့အကြုံ ရင့်ကျက်လာတယ်။ သူတို့သာ အောင်မြင်သူ ဖြစ်လာကြမှာပါ။ တစ်ခါ နှစ်ခါလောက် ရှုံးနိမ့်သွားလို့ စိတ်ပျက်လက်လျှော့သွားသူဟာ ဘယ်တော့မှ အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါ။
အချုပ်အားဖြင့် ပြောရရင် အောင်မြင်ကြီးပွားချင်ရင် စွန့်စားရဲရမယ်။ စွန့်စားလို့ အရှုံးနဲ့ ကြုံလာရင် သင်ခန်းစာယူပြီး မိမိလိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်ကြိုးစားရပါမယ်။ တစ်သက်မှာ တစ်ခါသာ ရတဲ့ လူ့ဘဝမှာ ရှုံးနိမ့်မှာကို ကြောက်လို့ မစွန့်စားရဲရင် ချို့ချို့ငဲ့ငဲ့ဘဝနဲ့ပဲ လူ့ဘဝကို ကုန်ဆုံးသွားမှာကို သတိပြုစေချင်ပါတယ်။အသက်ကြီးလာတဲ့အခါကျမှ သားသမီးတွေက “အဖေဟာ ငယ်ငယ်တုန်းက မစွန့်စားရဲခဲ့လို့ ငါတို့ အခုလို ဆင်းဆင်းရဲရဲ နေနေရတာပေါ့ကွာ” လို့ အပြောမခံရပါစေနဲ့။
ဗန်းမော်သိန်းဖေ
၂၆-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။