Yoyarlay added 2 new photos.
ဆေးလိပ်၊ အရက်မသောက်ဖူးတဲ့ အမေရိကန်သမ္မတသစ်
စည်းကမ်း လိုက်နာတတ်ဖို့ လိုနေသေးတယ်ဆိုပြီး မိဘတွေက အသက် ၁၃ နှစ်အရွယ်မှာ စစ်တပ်စာသင်ကျောင်းကို ပို့ခဲ့သူဟာ အခုချိန်မှာတော့ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါပြီ။ သူကတော့ နိုဝင်ဘာ ၈ ရက် သမ္မတ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့တဲ့ ဒေါ်နယ်ထရမ့်ပါပဲ။
''အမေရိကကို တစ်ကျော့ပြန် ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်မယ်''ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ကို ရောက်ရှိပြီး မကြာခင်မှာ သူ့ရဲ့ အစိုးရအဖွဲ့အတွက် ရွေးချယ်မှုကို အထက်လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။
အိမ်ဖြူတော်ဝက်ဘ်ဆိုက်မှာလည်း အိုဘားမားရဲ့ မူဝါဒတွေကို ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်မှု အစီအစဉ်သစ်တွေနဲ့ အစားထိုးခဲ့ပါတယ်။ အိုဘားမားရဲ့ မူဝါဒတွေကို ပယ်ဖျက်ဖို့ ကြိုးစားနေတဲ့ ဒေါ်နယ်ထရမ့်ဟာ
လောလောဆယ်တော့ Obamacare ဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ပစ်မှတ်ထားနေပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပြီးလို့ ပရိသတ်တွေနဲ့ စကားပြောရာမှာ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင် သွားမယ်လို့ ကတိပြုခဲ့ပြီး အခြားနိုင်ငံတွေက အမေရိကန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ဖျက်ဆီးတာမျိုး မဖြစ်အောင် ကာကွယ်သွားမယ်လို့ ဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ သြစတြေးလျ၊ နယူးဇီလန်တို့ အပါအ၀င် ကမ္ဘာ့နိုင်ငံ အချို့မှာ Women's March ဆိုတဲ့ လမ်းလျှောက်ချီတက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ဝါရှင်တန်မြို့မှာ လုပ်မယ့်ပွဲကိုတော့ လူ ၂ သိန်း ပါဝင်လိမ့်မယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ ခြိမ်းခြောက်ခံရနိုင်တဲ့ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ သာတူညီမျှဖြစ်မှုနဲ့ အခြားကိစ္စတွေအတွက် အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ သိရပါတယ်။
ဖခင်ထံက အမွေအများအပြား ရခဲ့တဲ့ အိမ်ခြံမြေသူဌေး ဒေါ်နယ်ထရမ့်ဟာ ၁၉၈၇ ခုနှစ်က ရီပတ်ဗလစ်ကန် တစ်ဦးအဖြစ် နိုင်ငံရေးလောကကို ၀င်ရောက်ခဲ့တာပါ။ လက်ရှိအချိန်မှာ ရီပတ်ဗလစ်ကန် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ်ကနေ သမ္မတ ရွေးကောက်တင်မြှောက်ခံရတဲ့
ဒေါ်နယ်ထရမ့်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ကြား ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေ အများစုက ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်လို့ သူလည်း ဒီမိုကရက်တစ်ဘက်ကို စိတ်ယိုင်သွားခဲ့တာပါ။ နောက်မှ သူ့နှလုံးသားထဲမှာ ရီပတ်ဗလစ်ကန်ပါတီပဲ ရှိတယ်ဆိုပြီး ပါတီပြောင်းလာခဲ့တာပါ။
ဒေါ်နယ်ထရမ့်က ဆေးလိပ်၊ အရက် မသောက်ဖူးသလို မူးယစ်ဆေးဝါးလည်း မသုံးစွဲခဲ့ဖူးပါဘူး။ သူ့အတွက် သူ့အစ်ကိုက သင်ခန်းစာရစရာပါ။ ဒေါ်နယ်ထရမ့်ရဲ့ အစ်ကို ဖရက်ဒ်ဟာ အရက်ကို စွဲလမ်းခဲ့ရာကနေ အသက်ဆုံးရှုံးခဲ့ရပြီး မသေခင်မှာ ဖရက်ဒ်က ဒေါ်နယ်ထရမ့်ကို အရက် မသောက်ဖို့ သတိပေး
ခဲ့ပါတယ်။ သူကိုယ်တိုင် အရက်မသောက်ပေမယ့် ဒေါ်နယ်ထရမ့်က ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဗော့ကာအရက် ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဗော့ကာက လူကြိုက်မများလို့ ၂၀၁၁ ခုနှစ်မှာ ထုတ်လုပ်မှု ရပ်နားခဲ့ရပါတယ်။
စီးပွားရေးသမား တစ်ဖြစ်လဲ နိုင်ငံရေးသမား ဒေါ်နယ်ထရမ့်ကို ရုပ်သံနာမည်ကျော်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ ဟောလိဝုဒ်ရဲ့ Walk of Fame မှာ ဂုဏ်ပြုကြယ်ပွင့်ရရှိထားသူပါ။ NBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ The Apprentice ဂိမ်းကစားပွဲ အစီအစဉ် ထုတ်လုပ်သူအဖြစ် ဟောလိဝုဒ်ရဲ့ Walk of Fame မှာ ဂုဏ်ပြုကြယ်ပွင့်ရခဲ့တာပါ။
ဒေါ်နယ်ထရမ့်ဟာ လက်ရှိဇနီးသည် မီလာနီယာမတိုင်ခင် အိမ်ထောင်နှစ်ဆက်ရှိခဲ့ဖူးပြီး ဆလိုဗက်ကီးယား မော်ဒယ်တစ်ဦးဖြစ်တဲ့ မီလာနီယာနဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။ မီလာနီယာနဲ့ လက်ထပ်တော့ သူ့အသက် ၅၈ နှစ်ရှိပါပြီ။
Nz (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။