ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
#နှလုံးသားအလှပြိုင်ပွဲ
ရွာတစ်ရွာရဲ့ မြေကွက်လပ်တစ်ခုမှာ စုရုံးနေကြတဲ့ ရွာသားတွေရှေ့မှာ လူငယ်လေးတစ်ယောက်ဟာ သူ့ရင်ဘတ်ထဲက နှလုံးကို ဆွဲထုတ်ကိုင်မြှောက်ပြလိုက်ပြီး သူ့နှလုံးသားဟာ ဒီရွာမှာ အလှဆုံးပဲလို့ အော်ပြောလိုက်တယ်။ ရွာသားတွေက သူ့နှလုံးကို ကြည့်လိုက်တယ်။ ဟုတ်တယ်။ အနာအဆာကင်းပြီး ကြည်လင်တဲ့ပန်းရောင်သွေးကြောလေးတွေနဲ့ ပုံမှန် ခုန်နေတဲ့ နှလုံးကို တွေ့ကြလို့ သူ့နှလုံးသားဟာ ဒီရွာမှာ အလှဆုံးပဲလို့ သဘောတူလိုက်ကြတယ်။
အဖိုးအို
တစ်ယောက်ဟာ လူအုပ်ထဲကနေရုတ်တရက် ရှေ့ကိုထွက်လာပြီး လူငယ်နားမှာ
သွားရပ်လိုက်တယ်။ ပြီတော့ သူက လူငယ်ကို "လူလေး မင်းနှလုံးက
ငါ့နှလုံးသားလောက် မလှပါဘူးကွာ" လို့ ပြောလိုက်တယ်။ လူငယ်ရော ရွာသားတွေပါ
အဖိုးအိုရဲ့ နှလုံးကို ကြည့်လိုက်ကြတယ်။ သူ့နှလုံးမှာ အမာရွတ်တွေ ပွနေတယ်။
တချို့နေရာမှာ အသားစကို ထုတ်ယူပြီး အသားပြန်ဖြည့်တဲ့ အသားစဟာ
အရွယ်မတူတာကြောင့် ဖြည့်တာကွက်တိမဖြစ်လို့ မျက်နှာပြင်ဟာ မညီမညာဖြစ်နေတယ်။
ဖြည့်တဲ့ အသားစဟာ နဂိုအသားစနဲ့ အရောင်မတူတာကြောင့် အရောင်ကွဲတွေ ဖြစ်နေတယ်။
တချို့နေရာမှာကျတော့ အသားစကို ဖဲ့ထုတ်ပြီး ပြန်မဖြည့်နိုင်လို့
အပေါက်လေးတွေ ဖြစ်ပြီး သွေးစို့ကျန်နေတယ်။ အသားစတွေ မညီမညာ၊ အဖါတရာ အပြည့်၊
အပေါက်လေးတွေဘလဗွ၊ သွေးစတွေနဲ့ အဖိုးအိုရဲ့ နှလုံးကို ကြည့်ပြီး
ရွာသားတွေက သူ့ကို "အဖိုး လာမနောက်ပါနဲ့ဗျာ" လို့ ဝိုင်းအော်ကြတယ်။
လူငယ်ကလည်း လှပလွန်းလှတဲ့ သူ့နှလုံးကို ရုပ်ပျက်ဆင်းပျက် ကြည့်ရဆိုးတဲ့ နှလုံးနဲ့ လာမနိုင်းယှဉ်ပါနဲ့လို့ အဖိုးအိုကို ပြောလိုက်တယ်။ အဖိုးအိုက လူငယ်ကို ခုလို ပြန်ပြောလိုက်တယ်။
- "ဟုတ်ပါတယ်။ မင်းရဲ့ နှလုံးဟာ အပြင်ပန်းအနေနဲ့ အရမ်းလှပါတယ်။ ဒါပေမဲ့ ငါ့နှလုံးသားနဲ့ လဲမလားလို့ မေးလာရင် ငါ လုံးဝမလဲနိုင်ဘူးကွာ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့နှလုံးသားက ပိုအဖိုးတန်လို့ပါ။ နှလုံးသားပေါ်က အမာရွတ် အနာတိုင်းဟာ သူများတွေကို ပေးလိုက်တဲ့ အချစ်မေတ္တာတွေပါ။ သူတို့ကို ငါ့အချစ်ကို ပေးချင်တဲ့အခါ ငါ့နှလုံးသားက အသားစလေးကို ဖဲ့ပေးလိုက်တယ်။ တချို့ကလည်း သူတို့နှလုံးသားစလေးကို ပြန်ပေးကြတယ်။ အဲဒါလေးတွေကို ပဲ့သွားတဲ့ ငါ့နှလုံးက အပေါက်လေးမှာ ပြန်ဖြည့်လိုက်တယ်။ ငါပေးတာထက် သေးတာကို ပြန်ပေးလာရင် အပေါက်ကို အသားပြည့်အောင် မဖြည့်နိုင်လို့ အဲဒီမှာ အသားချိုင့်နေတယ်။ တချို့ပြန်ပေးတဲ့ အသားစကျတော့ ပိုကြီးနေလို့ ဖြည့်တာ ပိုပြီး အသားခုံးထနေတယ်။ ဒါကြောင့် ငါ့နှလုံးသားမျက်နှာပြင်ဟာ မညီမညာ အဖုအထစ်တွေ ဖြစ်နေတာပေါ့ကွာ။ တချို့ကျပြန်တော့ ငါ့နှလုံးသားစလေးကို ယူပြီး အစားပြန်မပေးကြဘူး။အဲဒီတော့ နှလုံးသားက အပေါက်လေးတွေဟာ ဖြည့်စရာ မရှိလို့ သွေးစို့ပြီး အနာမကျက်ဘူး။ အနာမကျက်တော့ နာကျင်တာပေါ့ကွာ။ နာကျင်ပေမယ့် ငါ သူတို့ကို အချစ်တွေ ပေးလိုက်ပါလားဆိုတဲ့ အသိကြောင့် ငါ ကျေနပ်ပါတယ်။ တနေ့ သူတို့ သတိတရနဲ့ သူတို့နှလုံးသားအစလေးတွေကိုအစားပြန်လာပေးမယ်လို့ ငါ မျှော်လင့်နေမိပါတယ်။"
လူငယ်ဟာ အဖိုးအို စကားပြောတာကို နားထောင်ရင်း ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။ အဖိုးအိုရဲ့ စကားဆုံးတာနဲ့ လူငယ်ဟာ သူ့အနားကို သွားလိုက်တယ်။ ပြီးတော့ သူ့နှလုံးသားကနေ အသားစလေးကို ဖဲ့ပြီး အဖိုးအိုကို ပေးလိုက်တယ်။ အဖိုးအိုဟာ တုန်ယင်တဲ့ လက်နဲ့ ယူပြီး သူ့နှလုံးမှာ ကပ်လိုက်တယ်။ ပြီးတော့ အဖိုးအိုလည်း သူ့နှလုံးသားက အသားစလေးကို ဖဲ့ပြီး လူငယ်ကို ပြန်ပေးလိုက်တယ်။ လူငယ်လည်း ဝမ်းသာအားရ လက်နဲ့ ယူပြီး စောစောက အသားဖဲ့လိုက်လို့ အပေါက်ဖြစ်သွားတဲ့နေရာမှာ ဖြည့်လိုက်တယ်။ အရောင်မတူ မညီမညာတဲ့ သူ့နှလုံးက အသားစကို တချက်ကြည့်လိုက်တယ်။ ပြီးတော့ သူဟာ အလွန်ကျေနပ်တဲ့ ပီတိအပြုံးနဲ့ ပြုံးရင်း အဖိုးအိုကို ကြင်ကြင်နာနာ လက်တွဲပြီး လူအုပ်ဆီက ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားတယ်။
နှလုံးသားအလှပြိုင်ပွဲမှာ သူတို့နှစ်ယောက်စလုံး အနိုင်ရလိုက်ကြပါတယ်။
ဗန်းမော်သိန်းဖေ
၂၀-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။