Bamaw Thein Pe added 2 new photos.
တနေ့မှာ ရွာတစ်ရွာကို သားသားနားနား ဝတ်ထားတဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ဆိုင်ထဲက ရွာသားတွေကို သူ မျောက်ဝယ်ချင်လို့ ဒီရွာကို ရောက်လာကြောင်းနဲ့ မျောက်တစ်ကောင်ကို ငွေကျပ်တစ်သောင်းပေးမယ်လို့ ပြောလိုက်တယ်။ အဲဒီသတင်းဟာ ချက်ခြင်း ရွာထဲကို ပျံ့နှံသွားတယ်။
ရွာသားတွေဟာ သူတို့ရွာနားက တောထဲမှာ မျောက်တွေ ပေါများတာကို သိလို့ သူတို့လုပ်နေတဲ့ စိုက်ပျိုးရေးအလုပ်တွေကို ပစ်ထားပြီး မျောက်သွားဖမ်းကြတယ်။ နေ့စဉ် လူတစ်ယောက်ကို ၂ ကောင် ၃ ကောင်လောက်စီ ဖမ်းလာကြလို့ တပတ်အကြာမှာ ဟိုလူဟာ မျောက်တစ်ကောင်ကို တစ်သောင်းကျပ်နဲ့ မျောက်အကောင်ပေါင်း တစ်ထောင်နီးပါး ဝယ်ပြီးသွားပါပြီ။ ဟိုလူလည်း မျောက်တွေကို ကားနဲ့ တင်ယူပြီး ရွာက ထွက်သွားတယ်။ တောထဲမှာလည်း မျောက်တွေ အတော်ရှားသွားပြီ။
ရွာသားတွေလည်း သူတို့ရဲ့ စိုက်ပျိုးရေးအလုပ်တွေကို ပြန်လုပ်ကြတယ်။
တပတ်နေတော့
အဲဒီလူ ရွာကို ပြန်ရောက်လာတယ်။ ဒီတခါ မျောက်တစ်ကောင်ကို ငွေနှစ်သောင်း
ပေးဝယ်မယ်တဲ့။ ရွာသားတွေလည်း သူတို့အလုပ်တွေကို ပစ်ပြီး တောထဲမှာ
မျောက်သွားဖမ်းကြပြန်တယ်။ တပတ်လောက်ကြာတော့ဟိုလူလည်း မျောက်အကောင်
ရာချီပြီး တစ်ကောင် ကျပ်နှစ်သောင်းနူန်းနဲ့ ဝယ်ပြီး ရွာက ထွက်သွားပြန်တယ်။
နောက်တပတ်ကြာတော့ မျောက်တစ်ကောင်ကို ၃ သောင်းကျပ် ပေးဝယ်မယ်ဆိုပြီး အဲဒီလူရောက်လာပြန်တယ်။ ရွာသားတွေလည်း တောထဲသွားပြီး မျောက်သွားရှာကြပြန်တယ်။ ဒါပေမဲ့ တောထဲမှာ မျောက်တွေ ကုန်သလောက် ဖြစ်နေလို့ ရွာသားတွေ မျောက်တွေ ရှာမတွေ့တော့ဘူး။ ဒါနဲ့ သူက ရွာသားတွေကို သူ မြို့ပေါ်ကို ခဏသွားအုံးမယ်။ နောက်တပတ်ကြာရင် ပြန်လာမယ်။ ပြန်လာရင် မျောက်တစ်ကောင်ကို တစ်သိန်းပေးဝယ်မယ်လို့ ပြောပြီး ရွာကထွက်သွားတယ်။
ရွာသားတွေအားလုံး အချင်းချင်းတိုင်ပင်ကြတယ်။ မျောက်တစ်ကောင်ကို တစ်သိန်းဆိုတာ မက်မောစရာကြီး။ မျောက် ၁၀ ကောင်ရောင်းလိုက်ရင် ငွေ ၁၀ သိန်း။ ငွေတစ်သန်းရမယ်။ လယ်စိုက်တာ တစ်နှစ်လုံး နွားနဲ့ ကျုံးရုံးလုပ်တာတောင် ငွေ ၁၀ သိန်းမရဘူး။ ဒါပေမဲ့ ခက်တာက တောထဲမှာ မျောက်ကို လုံးဝရှာလို့ မရတော့ဘူး။ သူတို့ ဘာလုပ်ရမှန်းမသိ အကျပ်ရိုက်နေကြတယ်။
ရွာထဲကို မျောက်တွေ အများကြီး တင်လာတဲ့ ကားကြီးတစ်စီးနဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက အရင်လူကို သိကြောင်း၊ သူဟာ မျောက်တွေနဲ့ ဆေးဖေါ်စပ်ပြီး နိုင်ငံခြားကို ဆေးတွေပို့နေကြောင်း၊ သူ မကြာခင်ပြန်လာရင် မျောက်တွေကို တစ်ကောင်တစ်သိန်းပေးဝယ်မှာ သေချာကြောင်း ပြောပြီး သူ့မှာ မျောက်အကောင်တစ်ထောင်လောက် ပါလာလို့ တစ်ကောင်ကို ၇ သောင်းနဲ့ ရောင်းပေးနိုင်ကြောင်း၊ သူ့မှာ ငွေအရေးတကြီး ချက်ခြင်းလိုနေလို့ ရောင်းရတာဖြစ်ကြောင်း ပြောပြတယ်။ သူ့ဆီက မျောက်တွေကို ဝယ်ထားလိုက်ရင် ဟိုလူလာရင် တစ်ကောင်ကို တစ်သိန်းနဲ့ ပြန်ရောင်းနိုင်တာမို့ မျောက်တစ်ကောင်ကို ၃ သောင်းမြတ်မှာ ဖြစ်ကြောင်း၊ မျောက် ၁၀ ကောင် ဝယ်ထားရင် တပတ်အတွင်း ငွေ ၃ သိန်းမြတ်မယ်လို့ ပြောပြတယ်။
ရွာသားတွေလည်း သူ့ဆီက မျောက်တွေအားလုံးကို အလုအယက် ဝယ်လိုက်ကြပြီး ပထမလူအလာကို စောင့်နေကြတယ်။ တပတ်လည်း ပေါ်မလာ၊ ၂ ပတ်လည်း ပေါ်မလာပါ။
ရွာသားတွေ မသိလိုက်တာက ပထမလူနဲ့ ဒုတိယလူ နှစ်ယောက်စလုံးဟာ ရွာတကာလှည့်ပြီး မျောက်ဝယ်မယ်၊ ခွေးဝယ်မယ်ဆိုပြီး လိမ်နေကြတဲ့ လူလိမ် ၂ ယောက်ဆိုတာပါ။
၂ လ ကြာတော့ တစ်ရွာလုံး မျောက်တွေ သောင်းကျန်း၊ မျောက်သံတွေ ဆူညံနေလို့ ရွာဘုန်းကြီးကျောင်းက ဆရာတော်ပြောတာနဲ့ မျောက်တွေကို တောထဲ ပြန်လွှတ်လိုက်ကြရတယ်။
အင်း၊ ရွာသားတွေခမျာ စာမဖတ်ကြတော့ စဉ်းစားဆင်ခြင်ဉာဏ်နည်းကြတာပေါ့။
ဗန်းမော်သိန်းဖေ
၂၆-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။