shared by MaMa on 26/01/17 - myanmarlatestnews.com - Personals
ရှေးအခါက ဟတ်ဆန်လို့ခေါ်တဲ့ ဆရာကြီးတစ်ဦးရှိခဲ့တယ်။ တစ်နေ့ သူသေဆုံးခါနီးမှာ လူတစ်ယောက်က “ဆရာကြီးခင်ဗျား … ဆရာကြီးရဲ့ ဆရာက ဘယ်သူပါလဲ”လို့ မေးလိုက်တယ်။
အဲဒီအခါ သူက “အခုတော့ နောက်ကျသွားပြီ၊ ငါက သေတော့မယ်၊ ပြောဖို့ အချိန်မရှိတော့ဘူး”လို့ ဖြေတယ်။ ဒါပေမဲ့ မေးသူက လက်မလျှော့ဘူး။ “နာမည်လေးပဲ ပြောပါ၊ ရပါတယ်၊ ဆရာကြီးက အသက်ရှင်နေပါသေးတယ်၊ အသက်လည်း ရှူနေသေးတယ်၊ စကားလည်း ပြောနေပါသေးတယ်၊ နာမည်လေးတော့ ပြောနိုင်မှာပါ”လို့ ဆိုပြန်တယ်။
“ဒါက ပြောဖို့ မလွယ်ဘူး၊ ဘာလို့လဲဆိုတော့ ငါ့မှာ ဆရာတွေက ထောင်သောင်းချီရှိတယ်၊ နာမည်လေးပဲ ပြောရင်တောင် လတွေ နှစ်တွေချီပြီး ကြာလိမ့်မယ်”လို့ ဆရာကြီးက ပြောလိုက်တယ်။ ဒါပေမဲ့ မေးသူက နောက်မဆုတ်ဘူး။ “ဒါဆိုရင် ဆရာကြီးရယ် … သုံးယောက်လောက်တော့ ပြောပြပါ”လို့ဆိုပြန်တယ်။
ဒါနဲ့ ဆရာကြီးက “ကဲ … ဒါဆိုလည်း ငါ ပြောပြမယ်၊ ငါ့ရဲ့ ပထမဆုံးဆရာကတော့ သူခိုးတစ်ယောက်ကွဲ့၊ တစ်ခါတုန်းက ငါဟာ ကန္တာရထဲမှာ လမ်းပျောက်သွားတယ်။ ဒီလိုနဲ့ ခြေဦးတည့်ရာသွားရင်း ရွာတစ်ရွာကို ရောက်သွားတယ်။ ငါရောက်တဲ့အချိန်က နောက်ကျနေတော့ ဆိုင်တွေလည်း အကုန်ပိတ်နေပြီ။ တည်းခိုခန်းတွေလည်း ပိတ်ကုန်ပြီ။ လမ်းမပေါ်မှာ လူတစ်ယောက်မှ မတွေ့တော့ဘူး။ ငါလည်း လူတစ်ယောက်တလေများ တွေ့မလားလို့ လိုက်ရှာတာပေါ့။ တစ်နေရာမှာ အိမ်တစ်အိမ်ကို မြေအောက်ကနေ ဖောက်ထွင်းဝင်ဖို့ ကျင်းတူးနေတဲ့လူတစ်ယောက်ကို တွေ့ခဲ့တယ်။
ငါလည်း တစ်ညလောက်တည်းခိုဖို့ ဘယ်မှာ ရနိုင်မလဲလို့ မေးလိုက်တာပေါ့။ ဒီတော့ သူက ကျွန်ုပ်က သူခိုးတစ်ယောက်ပါ။ သင်က သူတော်စင်ဆရာကြီးတစ်ဦးနဲ့တူတယ်နော်၊ သင်ရဲ့ အဝတ်အစားနဲ့ အနေအထားကို ကြည့်တာနဲ့ သိပါတယ်၊ အင်း … ဒီည တည်းခိုဖို့တော့ ဘယ်မှာမှ မရနိုင်တော့ဘူး။ ဒါပေမဲ့ သင်သာ သူခိုးတစ်ယောက်နဲ့ အတူနေနိုင်မယ်ဆိုရင် ကျွန်ုပ်အိမ်မှာ လိုက်နေပါလို့ ပြောတယ်။
ခဏတော့ ငါလည်း တွေဝေသွားတယ်။ နောက်တော့လည်း ပြန်တွေးလိုက်တယ်။ သူခိုးကတောင်မှ ငါ့ကို မကြောက်ရင် ငါလိုလူက သူခိုးကို ဘာဖြစ်လို့ ကြောက်နေသင့်သလဲပေါ့။ တကယ်တော့ သူဟာ ငါ့ကို ကြောက်သင့်တာလေ။ ဒီလိုနဲ့ ငါလည်း သူခိုးနဲ့လိုက်သွားပြီး သူ့အိမ်မှာ တစ်လလောက် နေဖြစ်သွားတယ်။
သူက သူခိုးဆိုပေမဲ့ အရမ်းခင်မင်စရာကောင်းပါတယ်။ အဲဒီမှာ ညတိုင်းညတိုင်း ငါ့ကို လာပြောတဲ့စကားရှိတယ်။ အဲဒါကတော့ “ကဲ အခု ကျွန်ုပ် အလုပ်သွားပါတော့မယ်၊ ကောင်းကောင်းအနားယူလိုက်ပါဦး၊ တရားထိုင်၊ ဆုတောင်း၊ သင်လည်း သင့်အလုပ် သင်လုပ်နေပေါ့”လို့ ပြောတာပါ။ သူ ပြန်လာပြီဆိုရင်လည်း ငါက “ဒီနေ့ည ဘာတွေ ရခဲ့လဲ”လို့ မေးတတ်တယ်။
အဲဒီအခါတိုင်းမှာ သူပြောတာလေးကို ငါ သဘောကျတယ်။ “ဒီနေ့ညတော့ ဘာမှ မရခဲ့ပါဘူး။ ဒါပေမဲ့ မနက်ဖြန် ထပ် ကြိုးစားကြည့်ရသေးတာပေါ့”တဲ့။ သူ့ပုံစံက ခိုကိုးရာမဲ့တဲ့ မျှော်လင့်ချက်မဲ့တဲ့အနေအထား တစ်ခါမှ မတွေ့ရဘူး။ တစ်လလုံးလုံး ဘာမှ မပါဘဲနဲ့ သူ ပြန်ပြန်လာရတယ်။ ဒါပေမဲ့ သူက ပျော်နေတာပဲ။
“အင်း … မနက်ဖြန် ထပ်ကြိုးစားလိုက်ပါဦးမယ်၊ မနက်ဖြန်ကျရင်တော့ အဆင်ပြေသွားမှာပါ၊ ကျွန်ုပ်ကိုလည်း ဆုတောင်းပေးပေါ့၊ ဒီလောက်သနားစရာလူကို အကူအညီပေးဖို့ မြတ်စွာဘုရားထံ ဆုတောင်းပေးပေါ့”
လို့ ပြောလေ့ရှိတယ်။
ဒီလိုနဲ့ ငါဟာ သူခိုးနဲ့တွေ့ပြီး နောက်ပိုင်းမှာ တရားကို နှစ်ပေါင်းများစွာ တရစပ် အားထုတ်တယ်။ ဒါပေမဲ့ ဘာအသိအမြင်မှ မရဘူး။ ဘာတရားထူးမှ ပေါ်မလာဘူး။ ငါ အကြိမ်ကြိမ် ကြိုးစားတိုင်း မအောင်မမြင် ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေ အကြီးအကျယ် ကျလာတယ်။ မျှော်လင့်ချက်မဲ့သလိုလည်း ဖြစ်လာခဲ့တယ်။ ဒီအသုံးမကျ အဓိပ္ဗာယ်မရှိတဲ့ တရားအားထုတ်နေတာတွေအားလုံးကို စွန့်လွှတ်ပစ်လိုက်တော့မယ်လို့လည်း တွေးမိခဲ့တယ်။ ဘုရားဆိုတာလည်း မရှိဘူး။ ဒီဆုတောင်းခြင်းဆိုတာတွေလည်း အရူးအနှမ်းအလုပ်တွေပဲ။ တရားအားထုတ်တယ်ဆိုတာလည်း မှားနေတဲ့အရာကြီးပဲ။ ငါ အဲဒီလိုတွေ တွေးလာခဲ့တယ်။
ဒါနဲ့ တစ်နေ့မှာတော့ ငါဟာ သူခိုးပြောခဲ့တာလေးတွေကို သွားအမှတ်ရမိတယ်။ “မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားလေးပါ။
ဒီလိုနဲ့ ငါ တစ်ရက်ထပ်ပြီး ကြိုးစားကြည့်လိုက်တယ်။ သူခိုးလိုလူမှာတောင်မှ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ ပြည့်ဝနေသေးရင် ငါလည်း အနည်းဆုံးတော့ တစ်ရက်လောက် ထပ်ကြိုးစားကြည့်သင့်တယ်ပေါ့လေ။ ဒါပေမဲ့ တစ်ရက်ကြိုးစားလိုက်တယ်။ မရဘူး။ ဒါပေမဲ့ သူခိုးပြောသလို မနက်ဖြန်တော့ ရမှာပါ၊ ထပ်ကြိုးစားကြည့်တာပေါ့ဆိုတဲ့စကားလေးကို ကြားယောင်ပြီး တစ်ရက်ပြီးတစ်ရက် ယုံကြည်ချက်တွေနဲ့ ဆက်လက်ကြိုးစားဖြစ်ခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ငါ လိုချင်တဲ့ တရားထူးကို ရရှိလာခဲ့တယ်။ တရားထူးရလိုက်တာနဲ့ ငါ ရှိတဲ့နေရာကနေ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ သူခိုးရှိရာအရပ်ကို မှန်းဆပြီး ငါ ဒူးတုပ်အရိုအသေပြုလိုက်တယ်။ အဲဒီသူခိုးဟာ ငါ့ရဲ့ ပထမဆုံးဆရာသခင်ပါပဲ။
ငါ့ရဲ့ ဒုတိယဆရာကတော့ ခွေးတစ်ကောင်ပါ။ တစ်နေ့မှာပေါ့လေ။ ငါ ရေအရမ်းဆာနေခဲ့တယ်။ ဒါကြောင့် မြစ်ကမ်းဘေးကို သွားခဲ့တယ်။ ငါ ရေသောက်မယ်လုပ်တော့ ခွေးတစ်ကောင် ငါ့နားကို ရောက်လာတယ်။ အဲဒီခွေးကလည်း ရေအလွန်ဆာနေပုံပဲ။ သူက ဆာဆာနဲ့ ရေသောက်မယ်ဆိုပြီး မြစ်ထဲကို ခေါင်းငုံ့လိုက်တယ်။ ရေထဲမှာ ခွေးနောက်တစ်ကောင်ပေါ်လာတယ်ထင်ပြီး သူ့အရိပ်ကိုသူ ကြောက်သွားတယ်။ ဟောင်တယ် ဟောင်တယ် … ဆက်တိုက်ကို ဟောင်တော့တာ။ သူ ဟောင်လိုက်ရင် မြစ်ထဲက ခွေးကလည်း လိုက်လိုက်ဟောင်နေတာကိုး။ ဒါကြောင့် သူကလည်း ဆက်ဟောင်နေတော့တာ။ ဒါပေမဲ့ သူ တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရတယ်။ ရေကလည်း အလွန်ဆာနေပြီကိုး။
ဒါနဲ့ သူဟာ ရေထဲကို ခုန်ချပစ်လိုက်တယ်။ သူ ခုန်ချလိုက်တော့ နောက်ခွေးတစ်ကောင်လို့ ထင်တဲ့အရာက ပျောက်ကွယ်သွားတာပေါ့။ သူဟာ ရေကို အဝသောက်တယ်။ ရေကူးတယ်။ ရာသီဥတုကလည်း နွေရာသီကိုး။ ဒါကို ငါက ကြည့်နေခဲ့တယ်။ ငါ အသိတစ်ခု ရလိုက်တယ်။ တစ်ခုခုကို သိပ်ကြောက်နေရင် အဲဒီထဲကို ခုန်ချပစ်လိုက်ဖို့ဆိုတဲ့ အသိအမြင်ပဲ။
ငါ တရားအားထုတ်တော့ အသိရခက်တဲ့ နက်နဲတဲ့ သိမှုနယ်ပယ်ရဲ့အလွန် (မသိမှုနယ်ပယ်)ကို ရောက်တော့မယ်ဆိုတာကို ငါ သိတယ်။ မြင်တယ်။ ဒါပေမဲ့ အဲဒီအခါတိုင်းမှာ ခွေးက သူ့အရိပ်သူ ကြောက်နေသလို ငါလည်း ကြောက်ခဲ့တယ်။ အဲဒီနယ်ပယ်ကို သွားဖို့ တည်းတည်းလေးပဲ ရှိတော့တာ။ ဒါပေမဲ့ ကြောက်အားလန့်အားနဲ့ နောက်ပြန်ဆုတ်ပစ်ခဲ့တယ်။ နောက်ပိုင်းမှာ ငါ ခွေးရဲ့ဖြစ်ပုံလေးကို သွားသတိရမိတယ်။ ခွေးတောင်မှ အကြောက်တရားကို ဖြေရှင်းနိုင်သေးတာ ငါက ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ဒါနဲ့ တစ်နေ့မှာ မသိမှုနယ်ပယ်ထဲကို ခုန်ချပစ်လိုက်တယ်။ ခုန်ချလိုက်တာနဲ့ မသိမှုနယ်ပယ်က ပျောက်ကွယ်ပြီး နောက်မှာ ကျန်ရစ်နေခဲ့တော့တယ်။ ဒါကြောင့် ခွေးက ငါ့ရဲ့ ဒုတိယဆရာသခင်ပါ။
တတိယမြောက်ဆရာသခင်ကတော့ ကလေးငယ်တစ်ယောက်ပါ။ တစ်ခါက ငါ မြို့တစ်မြို့ကို ရောက်တော့ ကလေးတစ်ယောက်ကို တွေ့တယ်။ သူက မီးညှိထားတဲ့ ဖယောင်းတိုင်လေးကို ကိုင်လို့ပေါ့။ သူက ဗလီကို သွားနေတာ။ ငါလည်း ကလေးကို စနောက်ချင်တာနဲ့ “ဖယောင်းတိုင်ကို မင်းကိုယ်တိုင် ထွန်းတာလား”လို့ မေးလိုက်တော့ သူက “ဟုတ်ကဲ့”တဲ့။ “ဖယောင်းတိုင်က မထွန်းခင်မှာ မီးက မရှိဘူး။ မင်းကိုယ်တိုင် ထွန်းကာမှ မီးကပေါ်လာတာဆိုတော့ အဲဒီမီး ဘယ်ကလာသလဲဆိုတာ မင်းသိရမှာပေါ့၊ ဒါကြောင့် ဆိုပါဦး … ဖယောင်းတိုင်မီးက ဘယ်က ရောက်လာတာလဲ”လို့ မေးလိုက်တယ်။
အဲဒီမှာ ရုတ်တရက် ကလေးက ရယ်မောလိုက်ပြီး ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပစ်လိုက်တယ်။ ပြီးတော့ “ကဲ … ခင်ဗျားပြော … အခု ခင်ဗျားကြည့်နေတုန်း ပျောက်သွားတဲ့မီးက ဘယ်ရောက်သွားတာလဲ”လို့ မေးတယ်လေ။ အဲဒီမှာ ငါလည်း အံ့သြသွားတယ်။ ငါ့အတ္တတွေ ရုတ်တရက် တစ်စစီ ကွဲကြေပျက်စီးကုန်တော့တယ်။ ငါ့အသိစိတ်အလျဉ်တွေလည်း ကွဲကြေကုန်သလို ခံစားလိုက်ရတယ်။ ငါ ရှာဖွေဆည်းပူးထားတဲ့ အသိဉာဏ်ဗဟုသုတတွေလည်း လွင့်ပြယ်ကုန်တော့တယ်။ ဒါကြောင့် ဒီကလေးက ငါ့ရဲ့ တတိယဆရာသခင်ဖြစ်လာတော့တာပဲ။
(၂)
ဇာတ်လမ်းက စဉ်းစားစရာတွေ အများကြီးပါ။ လေးနက်တဲ့အရာတွေလည်း ပါတယ်။ ဒါပေမဲ့ အဲဒီလေးနက်တာတွေကို စာဖတ်သူကိုယ်တိုင် အတွေးပွားဖို့အတွက်ပဲ ထားလိုက်မယ်။ အားလုံးလက်လှမ်းမီနိုင်မယ့် သင်္ခန်းစာလေးကိုပဲ ယူရအောင်။
အထက်ပါဇာတ်လမ်းလေးကို ဖတ်ပြီး အဲဒီဆရာကြီးလို စိတ်ထားမျိုးရှိရင် တစ်လောကလုံး ဆရာတွေချည်းပါပဲလား။ ရိုးသားခြင်း၊ နှိမ်ချခြင်း၊ အကောင်းမြင်ခြင်း … ဒါတွေက လူ့လောကကြီးကို သာယာလှပစေပါလားဆိုတာ နားလည်မိတယ်။
(၃)
ဆရာကြီးရဲ့ လေးစားကြည်ညိုဖွယ်စိတ်ဓာတ်အပြင် သူခိုး နေ့စဉ်ပြောလေ့ရှိတဲ့ “မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားလေးကလည်း နားထဲမှာ စွဲကျန်နေရစ်တယ်။
မနက်ဖြန်ကျရင် အဆင်ပြေမယ်လို့ ယုံကြည်နေတဲ့စိတ်က နေ့သစ်တိုင်းအတွက် အားအင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။ မနက်ဖြန်တွေကို မကြောက်ဖို့၊ မနက်ဖြန်တိုင်းမှာ ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေ ရှိနေတယ်ဆိုတာကို ယုံကြည်လိုက်ဖို့ပါ။
မနက်ဖြန်တိုင်းအတွက် မျှော်လင့်ခြင်းလေးတွေကိုယ်စီ ရှိနေကြမယ်ဆိုရင် ဘဝမှာ တွေဝေနေစရာ ဘာများ ရှိဦးမလဲ။
မူရင်းဇာတ်လမ်း – အိုးရှိုး
အရှင်ကုသလသာမိ(အတည်မဲ့)
http://www.searchmyanmar.com/link/comment/cid/55820
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။