ဂီတအကြောင်း သောင်းပြောင်းထွေလာ
မောမြေမှ ဂီတကြယ်တစ်ပွင့် (သို့မဟုတ်) စိုင်းထီးဆိုင် (အပိုင်း တစ်)
#ပို့စ်ကိုအကုန်ဖတ်ပါ
၁၉၆၈ ခုနှစ်၊ မြန်မာ့ဂီတသစ် အားယူမွေးဖွားလာတော့မည့်အချိန် (သို့မဟုတ်) ဂီတသစ်၊ ဂီတဟောင်း ပဋိပက္ခ၊ သမရိုးကျ ရှေးရိုးမယ်လိုဒီနှင့် နိုင်ငံတကာ ကမ္ဘာ့ဂီတ မြန်မာပြည်သို့ ကူးလူးစိမ့်ဝင်လာသည့်ကာလ၊ တစ်နည်း မိခင်ဂီတနှင့် မွေးစားဂီတတို့ ပေါင်းစည်းစပ်နွယ်လာမှု ဂီတသမိုင်း အလှည့်အပြောင်းတွေ မြန်ဆန်လာသည်။ ၆၆၊ ၆၇ ခုနှစ်တွင် အနောက်တိုင်းဂီတတွေ ဟိုတစ်စဒီတစ်စ စဝင်ရောက်လာပြီး New Music Renesance ပြန်လည် မွေးဖွားဆန်းသစ်လာသောခေတ်ဟု ခေါ်ဆိုနိုင်သည်။
ထိုခေတ် လူငယ်တစ်ချို့တွင် အတွေးစတွေ ပွင့်လင်းလာသည်။
လက်လှမ်းမှီသမျှ လေ့လာကြသည်။ အနောက်တိုင်း ကမ္ဘာ့ဂီတတွေထဲမှာ ဘာတွေ
သီဆိုထားကြသလဲ။ သူတို့၏ ရင်ဖွင့်သံ၊ အချစ်၊ ကြေကွဲမှု၊ အလွမ်းအဆွေး၊
နာကျင်ထိခိုက်မှု၊ ပျော်ရွှင်မှု၊ နှစ်သိမ့်မှု၊ အားရဝမ်းသာမှု၊
အမှတ်တရ အောက်မေ့ဖွယ် နေ့ရက်များ၊ မွေးနေ့၊ အသုဘနေ့ စသည့်
ခံစားမှုများမှ ခံစားပေါက်ကွဲ သံစဉ်များအထိ ဂီတအမျိုးအစား ရသများစွာ
စုံစုံလင်လင် ထွက်ပေါ်လာသည်။ ဆိုကရေးတီး ဆိုသည့်အတိုင်း ဆိုကြ၊ ကကြ၊
ရေးကြ၊ တီးကြဖြင့် ဂီတ အတောင်အလက်တွေ စုံလင်
အားကောင်းလာတော့သည်။
မြန်မာပြည်တွင်လည်း ထိုနည်းတူပင် ယဉ်ကျေးမှု ဂီတတွေ ပျံ့လွင့်လာမှုကို ကြိုဆိုကြသည်။ နွေးထွေးကြသည်။ သူတို့၏ သံစဉ် အသစ်များကို ခံစားနှစ်ခြိုက်လာကြသည်။ နစ်မျောစီးဝင်ရင်း သူတို့လို ဂီတတွေ ဖန်တီးချင်လာကြသည်။ စမ်းသပ်အားယူကြပြီး ပစ္စည်းက မစုံ၊ စက်ပစ္စည်းတွေက အပြည့်အစုံမရှိ၊ ဂီတတူရိယာများလည်း အင်အားနည်းနေသေးသည်။ ဝါသနာတူသူချင်း၊ လူငယ်တစ်စု တောင်ကြီးမှာ လာဆုံကြသည်။ ထိုစဉ်က ၁၉၆၈၊ ၆၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မတိုင်မီ တစ်လကျော်အလို၊ အားလုံး လူငယ် အထက်တန်းကျောင်းသားတွေ ဖြစ်သည်။ စာရေးသူနှင့် ညီအစ်ကို တစ်ဝမ်းကွဲတော်သူ မောရစ် (ယုလွင်) က အ.ထ.က (၇) မှ၊ ကျွန်တော်က အ.ထ.က (၁) မှ၊ သူငယ်ချင်းသုံးယောက်၊ တယော ကိုညို၊ ဂစ်တာထွန်းရွှေ (ကရင်ကြီး) နှင့် ကျွန်တော်၊ အ.ထ.က (၅) မှ စောသိန်းဝင်း (နောက်ပိုင်း The Wild Ones Band တွင် ပင်တိုင်အဆိုရှင် ဖြစ်လာသူ) အ.ထ.က (၄) မှ ပွဲတော်အတွက် ကိုမောရစ်က မိတ်ဆက်ပေးသော လူငါးယောက်နှင့် စတင် ဆုံဆည်းခဲ့ကြသည်။ သူတို့မှာ ကိုတင်ဦး၊ ကိုညွန့်မောင်၊ မောင်တီး (ခ) ငတီး၊ ရဲမောင်နှင့် အိဝါ (တရုတ်) တို့ ဖြစ်သည်။ တောင်ကြီး တန်ဆောင်တိုင်ပွဲအတွက် သီချင်းတွေ တိုက်ကြသည်။ တိုင်းရင်းသား သီချင်းများ၊ တရုတ်၊ ကုလားသီချင်းများ၊ အနောက်တိုင်း သီချင်းများ စုံလင်သည်။ ထမင်းမေ့ဟင်းမေ့ ရူးသွပ်ခြင်းတွေ ဂီတနှင့် ဖြေဖျော်ခဲ့ကြသည်။ ကျောင်းစာထဲ သိပ်စိတ်မဝင်စားကြ။
အထက်က စတင်တွေ့ဆုံ သိကျွမ်းရသူမှာ ကိုတင်ဦး၊ နောင်တွင် ငယ်ပေါင်း ကျောင်းနေဖက်တွေက သူ့ကို (သွားခေါ) ဟု ခေါ်သည်။ နှုတ်ခမ်းမွေးရေးရေးနှင့် သွားနည်းနည်းခေါ်သည်။ သူကတော့ ကိုတင်ဦး (ရှမ်းအမျိုးသား) နောင်တွင် စိုင်းထီးဆိုင် အမည်ဖြင့် ဂီတစင်မြင့်ပေါ် ရောက်လာသူဖြစ်သည်။ သူ့ဇာတိက လင်းခေးမြို့မှ။ နောက်တစ်ဦးက ညွန့်မောင် (ဂစ်တာနှင့်တယော) နှစ်မျိုးတီးသူ။ သူကနောက်ပိုင်း ရှမ်းသီချင်း၊ ချစ်ဇနီးအေး၊ တောင်ပြာတန်းနဲ့ ကျောပိုးအိတ်၊ ရှမ်းသံဝဲဝဲ သီချင်းများနှင့် အောင်မြင်လာသူ ညွန့်မောင် (သို့မဟုတ်) စိုင်းဆိုင်မောဝ်။ နောက်တစ်ယောက်က ရဲမောင် (အင်းသား)၊ ဒရမ်ရဲမောင်ဟုခေါ်သည်။ သူကား မရှိတော့။ အနှစ်သုံးဆယ် ကျော်ခဲ့ပြီ၊ နောက်တစ်ဦး ငတီး (လစ်ဖ်တီး) ဟုခေါ်သည်။ ယခုမရှိတော့။ နှစ်ဦးလုံး ကွယ်လွန်ခဲ့ကြပြီ။ ကရင် ထွန်းရွှေကြီးကတော့ ယနေ့တိုင် တောင်ကြီးမှာ ရှိနေသေးသည်။ သူက မေးရိုးကားကား၊ မုတ်ဆိတ်နှင့် ပြုံးပြုံးနေတတ်သည်။ ကျွန်တော် မယ်ဒလင်နှင့် ဘာဂျာတီးမှုတ်လျှင် ဂစ်တာကြီးလွယ်ပြီး အိမ်ရောက်လာတတ်သည်။ စိုင်းထီးဆိုင်အတွက် ပညာပံ့ပိုး ဖြည့်ဆည်းပေးခဲ့သော ဆရာတစ်ပိုင်း ဖြစ်ခဲ့သည်။ နောက်တစ်ဦးက အ.ထ.က (၅) ဂန္ဓီကျောင်းမှ စောသိန်းဝင်း။ သူက ဆက်တိုက်ထွက်လာသော ထိုခေတ်က ဗိုလ်ထီး စီးရီးတွင် ဆက်တိုက် ပါဝင်လာခဲ့သူဖြစ်သည်။ စောကြီးတစ်စော ကျန်သေးသည်။ သူက စောဂျက်ဆင် (ခ) ကျွဲကြီး။ ဘေ့စ်တီးခတ်သူ။ အေးဆေးတည်ငြိမ်သူ၊ စကားနည်းသူ၊ တစ်ခါတရံ အားပါးတရ သီချင်းဆို ရယ်မောတတ်သူ။ ကျွန်တော်နှင့် တော်တော်တွဲဖြစ်ခဲ့ကြသည်။ သူ့အကြောင်း (ဗီသိုဘင် မုန်တိုင်းပုံရိပ်များနှင့် ပြင်သစ်ပန်းချီသစ် တော်လှန်သူ ပေါ်ဂေါ်ဂင် (အရောင်သစ်) စတင်ခဲ့သူ၊ သူတို့နှစ်ဦးကြားမှ ဆင်တူသော ဘဝကြေကွဲ ရုပ်ပုံများဖြင့် နေထိုင်သွားခဲ့သူအဖြစ် ကျွန်တော် ရေးရဦးမည်။) ယခု သူမရှိတော့။ တောင်ကြီးမြို့၏ အရိုးထိအေးစက်သော နှင်းမုန်တိုင်းကြားထဲမှာ သူအိပ်စက်နားနေရာ၊ ရေအေးကွင်း ရပ်ကွက်မှ ဘုရားရှိခိုးကျောင်းလေးမှာ ဂစ်တာတစ်လက်၊ သူချစ်သော စာအုပ်စာပေအချို့၊ အရက်ပုလင်းအချို့နှင့် စောင်ပါးပါးလေး တစ်ထည်ဖြင့် ရှမ်းပြည်နယ် ဆောင်းညကြီးထဲမှာ သူကွယ်လွန်သွားရှာပြီ။ နောက်မှ သူဖြတ်သန်းခဲ့သော ဂီတအနုပညာ အစိတ်အပိုင်း ရုပ်ပုံတစ်ချို့ကို နောင်တွင် ဆက်လက်ဖော်ပြပါဦးမည်။
၁၉၅၅ - ၆၀ ခုနှစ်က ကျွန်တော် မန္တလေးမှာ နေသည်။ ဖခင်မှာ အလုပ်ပြောင်းသဖြင့် တောင်ကြီးမှာ ခေတ္တ (ကလေးဘဝ) နေခဲ့စဉ်က ဖြစ်ပါသည်။ ထိုစဉ်က ဆရာမြို့မငြိမ်း (မြို့မတီးဝိုင်း) စတင် ရှင်သန်အားကောင်းနေချိန် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာပြည်တွင် ဆရာမြို့မငြိမ်းသည် ပထမဆုံးသော မြန်မာသံစဉ်နှင့် ကမ္ဘာ့သံစဉ်များကို ပေါင်းစပ်ဆန်းသစ် တီထွင်ခဲ့သော ဂီတဖခင် တစ်ဦးဖြစ်သည်။ The First Birth Of Symphony And Orchestra ဖြစ်ပြီး၊ သံစုံတီးဝိုင်းကို အစပျိုး ဖန်တီး တည်ထောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ဆရာကြီး၏ မြို့မသီချင်း၊ သင်္ကြန်သီချင်းများ၊ တိမ်ဦးလေပြည် မောင့်ကိုစေ စသည့် သီချင်းပေါင်း မြောက်မြားစွာ ယနေ့ထိ သက်ဝင်လှုပ်ရှားလျက် ရှိနေပေသည်။
ထိုခေတ်ထိုစဉ် အချိန်ကတည်းက မြို့မ၏ အငွေ့အသက်၊ မန္တလေးမြေ၊ မန္တလေးရနံ့၊ ပန်တျာနယ်မြေမှာ ကလေးဘဝ ကြီးပြင်းခဲ့သည်။ ဂီတဆိုတာ ဘာမှန်းမသိသေး။ ဘာတစ်ခုမှ သင်ယူခဲ့ခြင်းလည်း မရှိခဲ့။ သို့ပေမယ့် သီချင်းတွေများစွာ အလွတ်ရတာကော၊ မရတာကော သူငယ်ချင်းတွေနဲ့ မန္တလေး အရှေ့ပြင် ညတွေမှာ အော်ဆိုခဲ့ဖူးသည်။
တူးပို့တူးပို့ဆိုလျှင် ပိုးက ထလာသည်။ ကဗျာလွတ်အက၊ ယိမ်းအက၊ အငြိမ့်ပြဇာတ်ဆိုလျှင် မနေတတ် မထိုင်တတ်အောင် ရူးသွပ်ခဲ့ဖူးပါသည်။ ရွှေမန်းတင်မောင်ပြဇာတ် မိုးလင်းခဲ့ဖူးပြီး၊ ပန်တျာကျောင်းဝင်းထဲက တရုတ် - မြန်မာ ချစ်ကြည်ရေး ကဇာတ်အဖွဲ့တွင်လည်း နေ့တိုင်း သွားကြည့်သည်။ အငြိမ့်မှာ လူရွှင်တော် သောင်းဒန်အငြိမ့်ကို နှစ်ခြိုက်မိသည်။ သူ့အငြိမ့်ထဲမှ ခေါင်းဆောင်မင်းသမီးမှာ ယခု ရုပ်ရှင်မင်းသမီးကြီး နွဲ့နွဲ့စန်းဖြစ်သည်။ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်းအဖြစ် နာမည်ကြီးလာသူဖြစ်သည်။ ဤသို့ဖြင့် ငါးတန်းစာမေးပွဲကျပြီး ခြောက်တန်းအောင်တော့ တောင်ကြီး ပြန်ရောက်လာသည်။ သည်လိုနှင့် ဂီတအနုပညာပိုးလေး ဝင်ရောက်လာပုံ အစကို ပြန်လည်သတိရမိပြီး၊ ဒီရောဂါနှင့် ရှမ်းပြည်နယ် ပြန်ရောက်လာခြင်းဆိုက မှားအံ့မထင်။
အလယ်တန်းမှ အထက်တန်း ကျောင်းသားဘဝတွင် ဆရာမရှိဘဲ (ဘာဂျာ၊ မယ်ဒလင်) နည်းနည်းပါးပါး တီးမှုတ်တတ်လာသည်။ ပတ္တလား၊ တယော.(နားထဲက ကြားသည့်အတိုင်း) တီးစမ်းကြည့်သည်။ ရေဒီယို သီချင်းတစ်ပုဒ် ကိုယ်ကြိုက်ပြီးဆိုလျှင် မရရအောင် မယ်ဒလင်နှင့် လိုက်တီးသည်။ ဂစ်တာလည်း ထိုနည်းတူ ပြည့်စုံခြင်းတော့ မဟုတ်၊ Key D,A,F လောက် ခေါက်တတ်အောင် သင်ဖူးသည်။ မှတ်မှတ်ရရ အန်ကယ် ဦးမောင်အေးထံမှ ဖြစ်သည်။ ဤသို့ဖြင့် ကျောင်းသားပွဲတော်၊ တန်ဆောင်တိုင်ပွဲနှင့် လွတ်လပ်ရေးနေ့ ပွဲတော်များတွင် ကိုတင်ဦး (စိုင်းထီးဆိုင်) တို့ အဖွဲ့နှင့် ဆုံဖြစ်ကြသည်။ ထိုစဉ်ကပင် အသံအေးအေးနှင့် အတက်အကျ၊ အတိုင်အဖောက် မှန်မှန်ကန်ကန် သီဆိုနိုင်သော ကိုတင်ဦးကို သတိထားမိလာသည်။
သူလည်း ငယ်စဉ်က သီချင်းရွေးသူမဟုတ်။ လူငယ် ဘာသာဘာဝ အကုန်လိုက်ဆိုသည်။ သူကြားဖူးသည့် သီချင်းဆိုလျှင် လာဆိုပြသည်။ ရှမ်းသီချင်း၊ တရုတ်သီချင်း၊ အင်္ဂလိပ်သီချင်း ရသမျှ သီဆိုခဲ့ကြသည်။ မြန်မာ့ခေတ်ပေါ် သီချင်းများလည်း သူနှစ်ခြိုက်သည်။ တောင်ကြီးမြို့ကို အလည်တစ်ခေါက်၊ အမေ သီချင်းများမှသည် မြို့မငြိမ်း၏ ဝင်ဦးပြန်ဆိုသော သီချင်းများလည်း သူအကုန်ရသည်။ တဖက်မှလည်း Cliff ၏ Ever Green Tree, Summer Holiday, Elvis Presley ၏ Girls Girls, Giblue နှင့် Rock Songs များ၊ တောင်ကြီးပွဲတော် ရက်များတွင် သံကုန်ဟစ်ဆိုခဲ့ကြသည်။ တစ်ဖက်မှ ဘီးတဲလ်စ်၊ ဒေါ်ရစ်ဒေးတို့၏ သီချင်းများ၊ ဓာတ်ပြား၊ တိတ်ရီကော်ဒါမှတစ်ဆင့် နားထောင်ကျက်မှတ် သီဆိုခဲ့သည်။ Love You More Than I Can Say ဆိုလျှင် အားလုံး ကြိုက်နှစ်သက်ကြသည်။
သည်လိုနှင့် တောင်ကြီးမှာ ထင်းရူးမြိုင် ဂီတအဖွဲ့) ကို စတင်ဖွဲ့စည်းဖြစ်ခဲ့သည်။ ထိုအထဲတွင် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ့်၊ ရဲမောင်၊ ငတီး၊ ကုလားအေးမောင်၊ ထွန်းရွှေ၊ စောသိန်းဝင်း၊ မောရစ် (ယုလွင်)၊ အကော်ဒီယံ ဦးသန်းရွှေ၊ ဆရာဆင်ပေါက် (ကလဲနက်နှင့် ဆိုက်ဆိုဖုန်းအဖွဲ့)၊ စိုင်းမျိုးမြတ် (စန္တရားနှင့်ပန်းချီ)၊ အင်းလေး ကိုတင်အောင်၊ အယ်တော (ဒုံမင်း) နှင့် မြန်မာ့အသံ ရွှေတံဆိပ်ဆုရ တောတန်းဆရာကြန်တို့ ပါဝင်သည်။ တက်ညီလက်ညီရှိပြီး ဝိုင်းဝန်းဖြည့်ဆည်း ကူညီကြသည်။ ပွဲဖြစ်မြောက် အောင်မြင်ရန် အားကြိုးမန်တက် ရှိကြခြင်းမှာ အားရစရာ ကောင်းလှသည်။ ဤသည်မှာ တောင်ကြီးမြို့နှင့် စာရေးသူ၏ ဂုဏ်ရည်ဂုဏ်သွေးကို တင်ပြချင်လွန်း၍ မဟုတ်။ တွေ့ထိဖြတ်သန်းခဲ့သော မိမိတို့ လူငယ်သဘာဝ ဂီတ အကွေ့စီးကြောင်းလေးကို တင်ပြလိုရင်းဖြစ်ပြီး ၊ ထိုအထဲမှာမှ ကိုတင်ဦး (ခ) စိုင်းထီးဆိုင် တစ်ယောက်၏ လူငယ်ဘဝ၊ ဂီတဘဝ စတင်မွေးဖွား ရှင်သန်လာမှုကို အစစ်အမှန်အတိုင်း ပုံဖော်ပြခြင်း ဖြစ်ပါသည်။ ထိုအထဲမှ ၁၉၇၀ ခုနှစ် လွတ်လပ်ရေးပွဲတော်တွင် ရှမ်းအက၊ ပအို့ဝ်အက၊ လန်းမုံးအက၊ နှစ်ပါးသွား၊ ယိုးဒယား၊ ပြဇာတ်တွေ တင်ဆက်ခဲ့ကြစဉ်က အမှတ်ရရ စိုင်းထီးဆိုင်၊ မိမိစာရေးသူတို့အဖွဲ့ ပြဇာတ်တစ်ပုဒ် ကဖြစ်ခဲ့ပုံဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးနောက်ခံ သူ့ကျွန်မခံ လွတ်လပ်ရေး ရယူခဲ့ပုံကို သရုပ်ဖော် တင်ဆက်ခြင်းဖြစ်သည်။ ဒီနေရာတွင်လည်း စိုင်းထီးဆိုင်သည် ဂစ်တာနှင့် အဆိုအတီးသမားသာမက ပြဇာတ်ဖြစ်မြောက်အောင် သူတတ်နိုင်သည့် အပိုင်းက ပါဝင်သရုပ်ဆောင်ခဲ့ခြင်းပင်။ ဇာတ်လမ်းအရ ကျွန်တော်နှင့် ယုလွင်တို့က ဖက်ဆစ်တော်လှန်ရေး အဖွဲ့မှ၊ စိုင်းထီးဆိုင်က ဖက်ဆစ်ဂျပန် စစ်ဗိုလ်အဖြစ် ထိထိမိမိ သရုပ်ဆောင်ခဲ့သည်။ ``ဒီမှာ ဘီမာစစ်သား ရှိဒကား။ ခူးရကား'' ဆိုပြီး ဂျပန်စစ်ဗိုလ်ဝတ်စုံ၊ ဂျပန်ဆာမူရိုင်း ဓားကြီးနှင့် ကျရာနေရာမှ သရုပ်ဆောင်ခဲ့ပုံ၊ သူ့စိတ်ဓာတ်ကို လေးစားမိသည်။ ထိုစဉ်က လူဆိုးအခန်း၊ ဗီလိန်အခန်း၊ လူမိုက်နေရာတို့တွင် မည်သူမျှ သိပ်သရုပ်ဆောင် လိုကြသည်မဟုတ်။ အနုပညာ စွယ်စုံရ တစ်ဦးဟုဆိုလျှင် မှားမည်မထင်ပါ။ Show ပွဲပြီးတွင် ညဥ့်နက်သန်းခေါင်ကြီး ထင်းရူးမြိုင် ဝိုင်းတော်သားများ မီးပုံပွဲ တပျော်တပါး ကျင်းပခဲ့ကြသည်။ တောင်ပေါ်ခေါင်ရည်၊ ရှမ်းမီးဖြတ်အရက်၊ ကောက်ညှင်းပေါင်း၊ အကြော်၊ အမဲခြောက်ကင်တို့ဖြင့် ပျော်မဆုံးခဲ့ပုံများ၊ ယခုတော့ ၃၅ နှစ် ကျော်ခဲ့ပြီ။
သည်လိုနှင့် သူ မန္တလေးတက္ကသိုလ် ရောက်သွားသည်။ စိုင်းခမ်းလိတ်နှင့် ဆုံစည်းကြသည်။ ဆရာစိုင်းခမ်းလိတ်နှင့် Own Tune တွေ စနေပြီ။ သီချင်း မထွက်ဖြစ်သေး။ သူက သိန္ဒီဘက်မှ မန္တလေး ရောက်လာသူ။ သူ့မိဘ မျိုးရိုးများက ရှမ်းစာဆိုကြီးများ ဖြစ်သည်။ စိုင်းခမ်းလိတ်မှ ရှမ်းသီချင်းများစွာ ရေးစပ်သီကုံးခဲ့ပြီး တဖြည်းဖြည်း ကိုယ်ပိုင်သံစဉ်များကို စမ်းသပ်ရေးဖွဲ့လာသူ ဖြစ်သည်။ Own Tune ဦးဆောင်သူအဖြစ် ဂီတလောကတွင် လူသိများလာသည်မှာ ဒီဘက်အပိုင်းအထိ ဖြစ်သည်။ သူနှင့် စိုင်းထီးဆိုင်တို့ ဆုံဖြစ်ပြီး (သဘာဝ၏ ရင်သွေးငယ်များ) တေးဂီတအဖွဲ့ The Wild Ones ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ သူတို့ တက္ကသိုလ် ငါးနှစ်ခရီးတွင် ကျွန်တော်က စာပေလောကထဲ ရောက်နေပြီ။ တောင်ကြီးမှပင် စာတိုက်မှတစ်ဆင့် စာမူများ (ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ) ဆက်တိုက် ရေးပို့နေခဲ့သည်။ ထိုခေတ်က ဆယ်ပြားတန်ဖလင်စတား၊ ဘားမားစတားဂျာနယ်၊ ရှု့ဒေါင့်၊ မိုးဝေ မဂ္ဂဇင်း၊ လျှို့ဝှက်သည်းဖို၊ စုံထောက် မဂ္ဂဇင်း၊ ရုပ်ရှင်အောင်လံ၊ တိုင်းရင်းမေ၊ သင့်ဘဝတို့တွင် ကလောင်မျိုးစုံနှင့် ရေးသားခဲ့သည်။ ၁၉၆၈ ခုနှစ် သမိန်မိုးဆွေ ကလောင်ဖြင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတွင် စတင်ပုံနှိပ် ဖော်ပြခြင်း ခံခဲ့ရသည်။ ရုပ်ပြဇာတ်လမ်းများရေးပြီး ဝမ်းရေး ဖြေရှင်းခဲ့ဖူးသည်။ တဆက်တည်း တောင်ကြီးမှာ သီချင်းတွေ စမ်းရေးနေပြီး ကော်ပီလည်းပါသည်။ ကိုယ်ပိုင်သံစဉ်လည်းပါသည်။ တောင်ကြီး အဆိုတော် ဂျီပီ၊ ဘိုဘို၊ မောင်မောင်သန်းအောင် (ရပ်စောက်) တို့အတွက် သီချင်းများ ရေးခဲ့သည်။ စီးရီးနှစ်ခွေ ထွက်ဖူးသည်။
စိုင်းထီးဆိုင်က ကျောင်းပိတ်ရက် ရှမ်းပြည်နယ်ပြန်လာတိုင်း ယုလွင်အိမ်မှာ ဆုံဖြစ်ကြသည်။ အချစ်နှင့်ဘဝ ခံစားမှု သီချင်းစာသားများ ညှိုနှိုင်းဖူးသည်။ တဖက်က ဂျင်မီဟင်းဒရစ်၊ ဆာတားနား၊ လိုပိုဆောင်း၊ ဘီးတဲလ်စ် သီချင်းတွေ တော်တော်နားထောင် ဖြစ်ခဲ့သည်။ သူတို့ထဲမှာ ကောင်းတဲ့စာသား၊ တီးကွက်၊ သံစဉ် အတက်အကျများကို လေ့လာဖလှယ်မိသည်။
မကြာခင်မှာပင် သူ့ထံမှ သတင်းကောင်းဝမ်းမြောက်ဖွယ် ကြားသိရသည်။ ပထမစီးရီး ``နွေရာသီ'' ထုတ်ဖို့ သေချာသွားပြီဆိုသည့် သတင်း။ ဒီကိစ္စကလည်း လွယ်ကူချောမွေ့ခဲ့သည်မဟုတ်။ အကြမ်းသွင်းခွေကို တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ပြခဲ့ရသည်။ မကြိုက်သည်ကများသည်။ တချို့က ကိုယ်ပိုင်သံစဉ်အသစ်၊ အဆိုတော် အသစ်ဆိုပြီး လက်တွန့်နေကြသည်။ စိုင်းထီးဆိုင်တို့ ထမင်းနပ်မမှန်ခဲ့သည်က အကြိမ်ကြိမ်၊ မုန့်ဟင်းခါးနှင့် တစ်နေကုန်ပြီးရသည့် နေ့များကလည်း မနည်းတော့။ ထုတ်ဝေသူတွေက အနုပညာစိတ်ဓာတ် အင်အားချိနဲ့သဖြင့် ရှောင်နေကြသည်။ ဗိုလ်ထီးတို့က သည်ဒုက္ခတွေကို မမှု၊ စွန့်လွှတ်သူတိုင်း ထိုက်တန်သည့် ရင်းနှီးမှုတော့ ပေးရမည်။ ဇွဲမလျှော့ခဲ့၊ နောက်မဆုတ်ခဲ့၊ လာရာလမ်းကို ပြန်မလှည့်ခဲ့။
ဤသို့ဖြင့် ``နွေရာသီ'' အခွေ အောင်မြင်စွာ ထွက်ပေါ်လာတော့သည်။ တက္ကသိုလ် အဝန်းအဝိုင်း လူငယ်လောကထဲ စကားတွေ ပြောလာကြသည်။ ရပ်ကွက်တိုင်း၊ လက်ဘက်ရည်ဆိုင်တိုင်း၊ အအေးဆိုင်တိုင်း၊ သူတို့အခွေ ပျံ့သွားသည်။ တမဟုတ်ချင်း ဂီတသတင်းတွေ ဟိုမှသည်မှ ပျံ့လွင့်လို့လာသည်။ အံ့သြမှုများ၊ ချီးကျူးမှုများ၊ ဘဝနှင့်တထပ်တည်းကျသော ခံစားမှုများ၊ ဝေဖန်သံများ၊ ထိုမှတစ်ဆင့် အားပေးကြသည့် လက်ခုပ်သြဘာသံများ။ ဂီတ အဟောင်းအသစ် ပဋိပက္ခ။ ဂီတသစ်ကို အားလုံးက ကြိုဆိုခဲ့ကြသည်။ ဒါသည်ပင် ထိုခေတ်က မြန်မာပြည်ဂီတသစ် ပရိသတ် အလုံးအရင်းနှင့် ရှိနေကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ ချက်ချင်း မြန်မာပြည် တနံတလျား သူတို့သီချင်းသံများ ပျံ့နှံ့သွားသည်။ စိုင်းထီးဆိုင်ဆိုတာ ဘယ်သူလဲ၊ စိုင်းခမ်းလိတ်ဆိုတာ ဘယ်သူလဲ၊ ထုတ်ဝေသူတိုင်း ဝိုင်းအုံလာကြပြီ။ ဂီတချစ်သူ မိတ်ဆွေများစွာ (ပရိသတ် သုံးမျိုးစလုံး) သူတို့အကြောင်း မေးလာကြသည်။
ထိုစဉ်က ရန်ကုန်တွင် ပလေးဘွိုင်းသန်းနိုင်၊ နွဲ့ယဉ်ဝင်းတို့ သီချင်းတွေ ထွက်နေသည်။ တေးရေး ပုသိမ်မောင်စိမ်းသူ၊ ကိုလေးလွင်၊ မောင်ဆွေနွယ်တို့ ရေးနေပြီး။ သူတို့တွေ အတော်အတန် နာမည် ရနေကြပြီ။ စိုင်းထီးဆိုင်တို့ ကိုယ်ပိုင်သံစဉ် တေးသီချင်းများထဲတွင် အချစ်၊ အမုန်း၊ အလွမ်း၊ အဆွေး၊ လူနေမှုဘဝ ရုန်းကန်ရင်ဆိုင်ရမှုမှသည် ဘဝဒသနတွေ စီးဝင်နေသည်။ တောင်ပေါ်မြေချစ်စရာ ရိုးရာဓလေ့ ဘဝများလည်း မွှန်းထုံနေသည်။ ဂီတဖြင့် စာသားပြေပြေ နုနုလေးတွင် ရိုးသားမှု ဂုဏ်အပြည့် ပါရှိသည်။
ဤသို့ဖြင့် နွေရာသီ၊ မန္တလေးရောက် ရှမ်းတစ်ယောက်၊ ရန်ကုန်မှာ သာတဲ့လ၊ ရေဒီယို ကမာရွတ်တွေ ထပ်ထွက်လာသည်။ ၁၉၈၄ ခုနှစ် သူ တောင်ကြီး ရောက်လာသည်။ ယုလွင်နှင့် စာရေးသူတို့ ဆုံဖြစ်ကြပြီး၊ စိုင်းခမ်းသီ (စိုင်းခမ်းလိတ်၏ညီ) စောဂျက်ဆင်တို့နှင့် ရန်ကုန်ဆင်းပြီး အသစ်တစ်ခွေထုတ်ဖို့ ဆွေးနွေးကြသည်။ အမှန်က စိုင်းခမ်းလိတ်နှင့် စီစဉ်ပြီးဖြစ်သည်။ ယုလွင်အိမ်မှာ အကြမ်းထည်တွေ ပြန်ချောပြီး သီချင်းတိုက်ကြသည်။ စိုင်းခမ်းသီက မိမိနှင့် တစ်ခွေထုတ်ချင်ကြောင်း ပြောသည်။ ဗိုလ်ထီးကလည်း ယခုစီးရီးအတွက် သီချင်းသစ်တောင်းသည်။ ကျွန်တော် မပေးဖြစ်။ အကြောင်းမှာ ရေးပြီးစ သီချင်းများ ဂျီပီ၊ ဘိုဘို (တောင်ကြီး) တို့ကို ပေးပြီးပြီ။ စိုင်းထီးဆိုင်က သူတို့နှင့်လက်တွဲပြီး အကြောင်းအရာ ခံစားချက် စုံစုံလင်လင် ဖြစ်စေချင်၍ တောင်းခြင်းဖြစ်သည်။ မပေးဖြစ်။ သို့သော်...။
အပိုင်းနှစ် ဆက်လက်ဖတ်ရှုပေးပါ။
အပိုင်းနှစ် လင့်ခ်
https://m.facebook.com/story.php…

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။