Bamaw Thein Pe added 3 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၁၃)
# စဉ်ဆက်မပြတ်_လေ့လာပါ
အခု ၂၁ ရာစုခေတ်မှာ ခေတ်စားနေတဲ့ စကားလုံးတစ်ခု ရှိပါတယ်။ အဲဒါက Continual Learning ဆိုတဲ့ အင်္ဂလိပ်စာလုံးပါ။ စဉ်ဆက်မပြတ် လေ့လာခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမဲ့ ဒီစကားရဲ့ အဓိပ္ပါယ်က အဲဒီထက်မက ပိုပါတယ်။ မိမိကိုယ်ကို ပိုပြီးတိုးတက်အောင် အမြဲတမ်း ကြိုးစားလုပ်ဆောင်မနေတဲ့လူ သို့မဟုတ် ကုမ္ပဏီဟာ ၂၁ ရာစုခေတ်မှာ ကျဆုံးသွားလိမ့်မယ်လို့ ဆိုလိုတာပါ။
ကုမ္ပဏီအကြီးကြီးတွေမှာ R & D (Research & Development) သုတေသနနဲ့
ဖွံ့ဖြိုးရေးဋ္ဌါနဆိုတာ ရှိတယ်။ အဲဒီဋ္ဌာနတွေက ဘာလုပ်သလဲ။ သူတို့ကုမ္ပဏီက
နောက်ဆုံး ဖြစ်ပေါ်နေတဲ့ နည်းပညာတွေကို သုံးပြီး ထုတ်လုပ်တဲ့ ပစ္စည်းကို
ပိုကောင်းသထက် ကောင်းအောင်၊ ပိုဈေးသက်သာအောင်၊ လူကြိုက်ပိုများအောင်
သုတေသနလုပ် စမ်းသပ်ပြီး ပြုပြင်ထုတ်လုပ်ကြတယ်။
အဲဒီလို သုတေသနလုပ် ပြုပြင်တီထွင်မှုတွေကြောင့် ယနေ့ထုတ်လုပ်ရောင်းချနေတဲ့ ပစ္စည်းတွေဟာ အံ့သြစဖွယ် ကောင်းလောက်အောင်ကို ခေတ်မီဆန်းသစ်လာကြပြီး ဝယ်ချင့်စဖွယ် ဖြစ်လာကြတယ်။ ဥပမာ ယနေ့တယ်လီဖုန်းတွေကို ကြည့်ပါ။ အရင်ခေတ်က တယ်လီဖုန်းဆိုတာ ဖုန်းလိုင်းနဲ့ ဆက်ထားပြီး အိမ်တွေ၊ ရုံးတွေမှာပဲ တတ်ဆင်ထားတာပါ။ အပြင်ကို သယ်ယူသွားလို့ မရပါဘူး။ (ခြင်းဖုန်းကလွဲရင်ပေါ့)။ လွန်ခဲ့တဲ့ အနှစ် အစိပ်ကျော်ကာလမှာ မိုဘိုင်းဖုန်းဆိုတဲ့ လက်ကိုင်ဖုန်းတွေ ပေါ်လာတယ်။ စပေါ်ပေါ်ချင်း မိုဘိုင်းဖုန်းတွေဟာ အုတ်နီခဲလုံးလောက်ကို ကြီးတယ်။ လေးလည်း လေးတယ်။ နောက်ပိုင်းကျတော့ အင်္ကျီအိပ်ထောင်ထဲမှာတောင် ထည့်လို့ ရတဲ့ မိုဘိုင်းဖုန်းပြားပြားသေးသေးလေးတွေ ပေါ်လာတယ်။ သိတ်မကြာခင်မှာ ဖုန်းမှန်သားပြင်ဟာ အဖြူအမည်းပဲ ကြည့်လို့ ရနေရာက ရောင်စုံ ဖြစ်လာတယ်။ စာလုံးနဲ့ နံပါတ်ရေးထားတဲ့ key pad ကီးပက်အစား ဖုန်းမှန်သားပြင်ကို လက်နဲ့ ပွတ်ပြီး ဖုန်းဆက်လို့ ရတဲ့ touch pad ဆိုတာ ပေါ်လာပြန်တယ်။ အခု မိုဘိုင်းဖုန်းတွေကျတော့ ဖုန်းဆက်ရုံမကဘဲ ရုပ်ရှင်ကြည့်လို့ရတယ်။ သီချင်းနားထောင်လို့ရတယ်။ အင်တာနက် ကြည့်လို့ရတယ်။ အီးမေး ပို့လို့ရတယ်။ အီးဘုတ်စာအုပ် ဖတ်လို့ရတယ်။ ကွန်ပျူတာတစ်လုံး လုပ်နိုင်တာတွေ အားလုံးနီးနီး လုပ်နိုင်လာလို့ လက်ဖဝါးပေါ်တင်လို့ ရတဲ့ ကွန်ပျူတာလို့တောင် တင်စားခေါ်ဝေါ်နေကြပြီ။
အခုလို ရေးပြခဲ့ရခြင်းက တယ်လီဖုန်းကုမ္ပဏီတွေဟာ သူတို့ကုမ္ပဏီ ဆက်လက် ရပ်တည်ရေး အမြတ်ရရေးအတွက် လူတွေကြိုက်အောင် လူတွေစိတ်ဝင်စားအောင် တီထွင်ရင်းနဲ့ နေကြတာပါ။ အဲဒီလို ပစ္စည်းတွေကို လူတွေ ကြိုက်အောင် မလုပ်နိုင်တဲ့ ကုမ္ပဏီတွေ ဘာဖြစ်သွားကြသလဲ။ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်က အရမ်းရောင်းကောင်းပြီး လူကြိုက်အရမ်းများခဲ့ကြတဲ့ Nokia, Ericsson, Motorola မိုဘိုင်းဖုန်းတွေဟာ လူတွေလိုချင်တာကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Continual Learning စဉ်ဆက်မပြတ်လေ့လာခြင်းကို မလုပ်ခဲ့လို့ ကမ္ဘာ့ဈေးကွက်က ပျောက်ကွယ်သွားခဲ့ကြပါတယ်။
စဉ်ဆက်မပြတ် လေ့လာခြင်းမလုပ်တဲ့ ကုမ္ပဏီတွေ ဆက်လက်မရပ်တည်နိုင်ဘူးဆိုတာ ပြောပြပြီးသွားပြီ။ အခု အဲဒါမျိုး မလုပ်တဲ့ လူတွေရော ဘာဖြစ်သွားသလဲ ကြည့်ကြရအောင်ပါ။ ၁၉၈၀ ခုနှစ်လောက်က ရုံးတွေမှာ ကွန်ပျူတာတွေကို စတင်သုံးလာကြတယ်။ အဲဒီမတိုင်ခင်က စာတွေကို လက်နှိပ်စက်နဲ့ ရိုက်ရတယ်။ စာရိုက်တာ မှားသွားရင် စာကို အသစ်ပြန်ရိုက်ရလို့ အချိန်ကုန်တယ်။ စာရွက်ဆုံးရှုံးတယ်။ ကွန်ပျူတာမှာ အမှားရိုက်မိရင် လွယ်လွယ်ကူကူ ပြင်နိုင်လို့ အချိန်မကုန်ဘူး။ စာရွက်မရှုံးဘူး။ ကွန်ပျူတာမှာ လက်နှိပ်စက်လို မဟုတ်ဘဲ ကြိုက်တဲ့ စာလုံးဖေါင့်ကို လွယ်လွယ်ကူကူ ရွေးလို့ရတယ်။ ကွန်ပျူတာ သုံးရတာ ပိုအကျိုးရှိလို့ လက်နှိပ်စက် စာရေးမတွေကို ကွန်ပျူတာနဲ့ စာရိုက်နည်းသင်တန်း တက်ခိုင်းတယ်။ အသက်ကြီးကြီး အမျိုးသမီးတွေက ကွန်ပျူတာသင်တန်း မတက်ချင်ကြဘူး၊ လက်နှိပ်စက်ပဲ သုံးမယ်လို့ ပြောတယ်။ သူတို့ကို ဖြောင့်ဖြပြောပြပေမယ့် သူတို့ဟာ ခေါင်းမာကြတယ်။ ဒီတော့ သူတို့ ဘာဖြစ်သွားကြသလဲ။ အလုပ်ပြုတ်သွားတာပေါ့။ သူတို့နေရာမှာ အရွယ်ငယ်ငယ် လေ့လာသင်ယူချင်တဲ့ အမျိုးသမီးလေးတွေနဲ့ အစားထိုးလိုက်ကြတယ်။ ကျွန်တော်တို့ ဦးနှောက်ကို ဗဟုသုတအသစ်၊ နည်းပညာအသစ်တွေနဲ့ မဖြည့်ဆည်းပေးရင် နောက် ၁၀ နှစ်အကြာမှာ ဘာဖြစ်သွားမလဲ။
စင်္ကာပူက အတွေ့အကြုံလေးတစ်ခုကို ပြောပြချင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ဟာ စာရင်းကိုင်ပညာနဲ့ ဘွဲ့ရပြီး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ အလုပ်စဝင်တော့ လက်ထောက်စာရင်းကိုင်အရာရှိရာထူးနဲ့ အဆင့်နိမ့်နိမ့်ကနေ စလုပ်ခဲ့ရတယ်။ နောက်တော့ အတွေ့အကြုံရလာတာရယ်၊ ကြိုးစားမှုတွေကြောင့် တဖြည်းဖြည်း ရာထူးအဆင့်တွေ အတိုးခံရပြီး မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ မန်နေဂျာဖြစ်ပြီး မကြာခင်မှာပဲ ကုမ္ပဏီက ခေါ်တဲ့ လက်ထောက်မန်နေဂျာရာထူးအတွက် ဘွဲ့ရပြီး လူငယ်တွေ အတော်များများ လာလျှောက်ကြတယ်။ အဲဒီလူငယ်တွေ ကိုင်ထားတဲ့ ဘွဲ့လက်မှတ်၊ ဒီပလိုမာလက်မှတ်တွေဟာ သူငယ်ချင်းမန်နေဂျာရဲ့ တစ်ခုတည်းသော ဘွဲ့လက်မှတ်ထက် ပိုများနေတယ်။ ပြီးတော့ သူတို့တောင်းတဲ့ လစာကလည်း သိတ်မများဘူး။ ဒီတော့ ကုမ္ပဏီက ထိပ်ပိုင်းလူကြီးတွေက ခုလို စဉ်းစားလာကြတယ်။ အခု အလုပ်လာလျှောက်ကြတဲ့ လူငယ်တွေဟာ အသက်လည်း ငယ်ကြတယ်။ ဘွဲ့၊ ဒီပလိုမာတွေလည်း အများကြီး ရထားကြတယ်။ တောင်းတဲ့ လစာကလည်း နည်းတယ်။ ဒီတော့ လစာအများကြီး ပေးထားရတဲ့ မန်နေဂျာကို ဖြုတ်လိုက်ပြီး လူငယ်တစ်ယောက်နဲ့ အစားထိုးရင် ကောင်းမလားပေါ့။ အဲဒါဆိုရင် ကုမ္ပဏီအတွက် လစာပေးရတဲ့ ကုန်ကျစရိတ်အများကြီး သက်သာသွားမယ်။ တစ်ခုပဲ ရှိတယ်။ အဲဒီ လူငယ်ကို အတွေ့အကြုံရတဲ့အထိ ၁ နှစ် ၂ နှစ်လောက်တော့ အချိန်ပေး စောင့်ရမှာပေါ့။ ဒီတော့ သူငယ်ချင်း မန်နေဂျာ ဘာလုပ်ရသလဲ။ Continual Learning စဉ်ဆက်မပြတ် လေ့လာခြင်းကို လုပ်ရတော့တာပေါ့။ အဲဒါကို သူ မလုပ်ရင် သူအလုပ်ပြုတ်သွားမှာ သေချာတယ်လေ။
Knowledge is Power ဆိုတဲ့ စကား ကြားဖူးကြမှာပါ။ မြန်မာလို ပြောရရင်တော့ “ပညာဗဟုသုတဟာ စွမ်းအားတစ်ခုပါပဲ”တဲ့။ ပညာဗဟုသုတဆိုတာဟာ ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ မြို့တော်နာမည်တွေ၊ နိုင်ငံတကာက သမ္မတ၊ ဝန်ကြီးချုပ်၊ ခေါင်းဆောင်နာမည်တွေကို အလွတ်ပြောနိုင်တာမျိုး မဟုတ်ပါ။ အဲဒါတွေကို ဗဟုသုတလို့ ပြောကြပေမယ့် အသုံးချလို့ ရတဲ့ပညာ မဟုတ်ပါဘူး။ Knowledge ဆိုတာ အသုံးချလို့ ရ,ရပါမယ်။ ဘယ်မှာ အသုံးချရမှာလဲ။ အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ အသုံးချရပါမယ်။ Knowledge ဆိုတာ အဲဒါတွေကို ဖြေရှင်းနိုင်တဲ့ ပညာပါ။ အောင်မြင်ကြီးပွားသူတွေမှာ အဲဒီ knowledge ရှိနေလို့ သူတို့ဘဝတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့လို့လည်း နောက်ဆုံးမှာ အောင်မြင်မှု ရသွားခဲ့ကြတာပါ။
ဒါဆိုရင် knowledge ရအောင် ဘယ်လို လုပ်ရမလဲ။ ကျောင်းက သင်ပေးတဲ့ အတန်းပညာကနေ ရနိုင်ပေမယ့် အဲဒါနဲ့ မလုံလောက်ပါဘူး။ အခုခေတ်မှာ knowledge ရှာရတာ အရင်ခေတ်ကလို မခက်တော့ပါဘူး။ အရင်ကတော့ knowledge ကို လက်တွေ့လုပ်ကြည့်ခြင်းနဲ့ စာအုပ်တွေကို ဖတ်ခြင်းကနေ ရတယ်။ အတွေ့အကြုံရှိသူတွေဆီက မေးမြန်းသင်ယူရတယ်။
အခုအခါမှာ knowledge ကို နေရာတကာမှာ ရှာတွေ့နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ တနေ့တနေ့ သိန်းချီထွက်နေတဲ့ စာအုပ်တွေကနေ ဖတ်ကြည့်လို့ ရနိုင်ပါတယ်။ အင်တာနက်မှာ ရှာဖွေလို့ ရတယ်။ တီဗွီကနေ ထုတ်လွှင့်ပြသတဲ့ ပညာပေးအစီအစဉ်တွေကို ကြည့်ရင်း ရနိုင်ပါတယ်။ အောင်မြင်သူတွေရဲ့ ဟောပြောပွဲတွေ တက်ရောက်နားထောင်နိုင်တယ်။ သူတို့ ဟောပြောထားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုအခွေတွေ ကြည့်နိုင်တယ်။ သူတို့ ဟောပြောတာကို အသံသွင်းထားတဲ့ စီဒီအခွေတွေကို နားထောင်ကြည့်လို့ရတယ်။ နောက်ဆုံး ကွန်ပျူတာကနေ၊ မိုဘိုင်းဖုန်းကနေ၊ YouTube, Google တို့ကနေ knowledge ကို ရှာဖွေကြည့်နိုင်ပါတယ်။ ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို ရေးပြရမယ်ဆိုရင် အများကြီးပါ။ အခုခေတ်မှာ knowledge ဆိုတဲ့ ပညာဟာ လက်တစ်ကမ်းမှာ ရှိနေပါပြီ။ ဒါပေမဲ့ ယနေ့ သိန်းသန်းချီများပြားလှတဲ့ information ထဲကနေ ဘယ်ဟာက knowledge ဖြစ်ပြီး ဘယ်ဟာကတော့ အမှိုက်ဆိုတာကို ခွဲခြားရွေးထုတ်တတ်ဖို့ လိုပါတယ်။
အချုပ်အားဖြင့် ပြောရရင် Continual Learning မလုပ်တဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီဟာ မကြာခင် ပျောက်ကွယ်တိမ်မြုပ်သွားမယ်။ စဉ်ဆက်မပြတ် လေ့လာခြင်း မလုပ်တဲ့ ဝန်ထမ်းဟာလည်း အလုပ်ပြုတ်သွားမယ်။ မပြုတ်ရင်လည်း ရာထူးတိုးခံရမှာ မဟုတ်ဘူး။ သေချာတာကတော့ အဲဒီလူဟာ ၂၁ ရာစုခေတ်မှာ ဘယ်လိုမှ အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
ဗန်းမော်သိန်းဖေ
၂၃-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။