ကုလားအုတ် သားအမိ။
တနေ့မှာ ကုလားအုတ်သားလေးက သူ့ အမေကို ခုလို မေးခွန်းတွေ မေးလိုက်တယ်။
သား - "အမေ သားတို့ ကျောကုန်းပေါ်မှာ ဘာလို့ ဘုကြီးတွေရှိနေတာလဲ"
အမေ - "အဲဒီဘုကြီးတွေထဲမှာ ရေတွေ ရှိနေတယ်လေ။ အဲဒီ ရေတွေကြောင့် ငါတို့ဟာ သဲကန္တာရထဲမှာ ရေမသောက်ပဲ ရက်ပေါင်းများစွာ ကြာအောင် ခရီးသွားနိုင်တာပေါ့"
သား - "ဒါဆို ရင် နောက်တခု ထပ်မေးမယ် အမေ။ သားတို့ ခြေတံတွေဟာ အရမ်းရှည်ပြီး ခြေဖဝါးတွေဟာလဲ ဘာလို့ ဝိုင်းနေကြရတာလဲ"
အမေ - "အဲဒီလို ခြေတံရှည်ပြီး ခြေဖဝါးဝိုင်း နေတာကြောင့် သဲကန္တာရထဲမှာ ခရီးသွားတဲ့အခါ သဲထဲကနေ ခြေထောက်ကို မြန်မြန် အထုတ်အသွင်း လုပ်နိုင်လို့ ခရီးအဝေးကြီးကို မြန်မြန်ရောက်နိုင်တာပေါ့"
သား - "ထပ်မေးချင်သေးတယ် အမေ။ ကျနော်တို့ မျက်တောင်တွေဟာ ဘာလို့ အရှည်ကြီးတွေ ဖြစ်နေရတာလဲ။ မျက်တောင်ရှည်တော့ မျက်စိမှာ အနေရခက်တယ် အမေ"
အမေ - "မျက်တောင်ရှည်ကြီးတွေက သဲကန္တာရထဲမှာ သဲမုန်တိုင်း တိုက်ရင် မျက်စိထဲကို သဲတွေ မဝင်အောင် ကာကွယ်ပေးတယ်လေ"
သား - "သား သဘောပေါက်ပြီ။ ကျောကုန်းက ဘုကြီးတွေက ရေတွေ သိုလှောင်ထားတယ်။ ခြေတံရှည်နဲ့ ခြေဖဝါး ဝိုင်းတာက သဲကန္တာရမှာ ခရီးသွားရင် မြန်မြန်သွားနိုင်စေဖို့။ မျက်တောင် ရှည်တာက သဲမုန်တိုင်းတိုက်ရင် မျက်စိထဲ သဲတွေ မဝင်အောင်လို့။ ဒါဆိုရင် ကျနော်တို့ ဘာလို့ အခု တိရစ္ဆာန်ရုံထဲမှာ နေနေကြတာလဲ အမေ။
လူတွေမှာ အရည်အချင်းကောင်းတွေ ရှိကြပေမဲ့လဲ နေရာ လွဲမှားရောက်နေရင် အဲဒီအရည်အချင်းကောင်းတွေဟာ တန်ဖိုး မရှိကြတော့ဘူး။
ဝန်ခံချက်။ တိရစ္ဆာန်စကားတွေကို လူတွေကို သင်ခန်းစာ ယူဖို့ ရေးပြရတာ ရှက်လဲ ရှက်မိပါတယ်။ ခက်တာက အခုခေတ်မှာ မှတ်မှတ်သားသားစကားပြောတဲ့ လူတွေ ရှားသွားပြီလေ။
ဗန်းမော်သိန်းဖေ
၀၉-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။