Khin May Wynn
#လောင်းရိပ်မိနေတဲ့ကြယ်
--------------------------------------------------
မေမေ ... ကောင်းကင် ပြာပြာအောက်မှာငှက်တွေ အသည်းကွဲလားမေမေ ...။
ရနံ့တွေ အကြောင်း ပန်းတွေကို မပြောပြတော့အခါ ... သူတို့ဘယ်လိုသိမှာလဲ .. မေမေ ...။ ဆူးစူးထားတဲ့ စိတ်တစ်ခု လားရာအတိုင်းပြန်ဖို့ အိပ်တန်းကျန်သေးရဲ့လားမေမေ ...။ .. သစ်ပင်တွေအိပ်သွားတဲ့အခါ ... သစ်သီးတွေ ပျင်းရိလာတယ်တဲ့ ... သားမကြားဘူးတဲ့ ပုံပြင်တစ်ပုဒ်မှာ တိုင်းသူပြည်သားတွေကို ဘုရင်ကြီးက သိပ်ချစ်သတဲ့ ....။ ... မေမေ ... ဟိုးအဝေးမှာ သား အိပ်မပျော်ခဲ့တာ ကြာလုပါပြီ ....။
အိပ်မပျော်တဲ့သူကအိပ်မက်တွေပိုရှည်သတဲ့။ ကောင်းကင်ပြာအောက်မှာမှ ငှက်တွေမှ မဟုတ်ပါဘူးသားရယ်။ အခန့်မသင့်တဲ့အခါတိုင်း နှလုံးသားတွေကွဲကြေရတတ်တာပဲ။
ဆူးစူးနေတဲ့စိတ်တစ်ခု အတွက် အိပ်တန်းတက်စရာနေရာတစ်ခု ကောင်းကင်ဘုံမှာတော့ ရှိလိမ့်မယ်လို့ မေမေထင်တယ်။ ရနံ့တွေအကြောင်းမပြောပြဖြစ်ပေမယ့် ပန်းတွေကတော့ လောကကို အလှဆင်နေဥိးမှာပါပဲ။နှင်းဆီနီရဲ့ ရဲရင့်မှုက ချိုအီသင်းပျံ့တဲ့ ရနံ့တစ်ခုမှ မလိုပဲကွယ်။ အိပ်ရာဝင်ပုံပြင်တွေကို မပြောပြဖြစ်ခဲ့တဲ့နေ့ရက်တစ်ချို့အတွက် မေမေ့ကို ခွင့်မလွှတ်လိုက်ပါနဲ့။
သားကို အုပ်မိုးနေတဲ့ကောင်းကင်ကို အသစ်လဲပေးနိုင်မလား မေမေ ...၊ လူတွေရဲ့ အကြည့်တွေကို အရောင်ချွတ်ပေးပါ ....၊ မျက်နှာဖုံးတွေ နဲ့ ပြုံးမယ်ဆိုရင်တောင် တစ်ခါသုံးမျက်နှာဖုံးနဲ့ပဲပြုံးပြဖို့ တိုက်တွန်းပေးပါ .... စိတ်တွေနာဖျားနေတဲ့ သားအတွက် ... အကြည့်တစ်ချက်ကလည်း လေးပါတယ်မေမေ ...။ သားအိပ်မပျော်တဲ့ ညမှာ သိုးကျောင်းသား အိမ်မက်တစ်ခုကို ကောက်ရထားတယ် ....။ သိုးတွေမှာ သိုးစိတ်ရှိတဲ့ အတွက် သား သိုးမွှေးအင်္ကျီ ၀တ်တာပါမေမေ ....။ သူတို့အတွက် သားအနွေးထည်လေးပြန်ပေးခဲ့ပါတယ်...။ တစ်ခုသော ဆောင်းညမှာ သူတို့တွေ သိုးထိန်းရဲ့စိတ်ထဲက ဂီတကို ရှာတွေ့မှာပါမေမေ ....။
ကောင်းကင်ကို အသစ်လဲမပေးနိုင်ခဲ့သည့်တိုင် မေမေ့ချစ်ခြင်းတွေနဲ့ သားကို အုပ်မိုးပေး ထားမှာပေါ့။ လူတွေရဲ့ အကြည့်တစ်ချို့အတွက်တော့ ကိုယ့်စိတ်ကိုယ်ပဲ လျှော်ဖွတ်ပစ်ရ လိမ့်မယ်။ သိုးကလေးတွေနဲ့အတူ ဖြူဖြူစင်စင် လမ်းလျှောက်ထွက်ကြရအောင်သား။ သူတို့စွန့်ကျဲခဲ့တဲ့ ဖြူစင်မှုတွေကို ခြုံယူဝတ်ဆင်ပြီးမှတော့ သူတို့ရဲ့ဂီတကိုလည်း ပြန်လည် ဖွဲ့နွဲ့ပေးခဲ့ရလိမ့်မပေါ့ကွယ်။ အိပ်မရတဲ့ညတာရှည်တွေမှာ အိပ်မက်တွေကို သိုးတွေနဲ့အတူ လှည့်ကျောင်းထားလိုက်ကြရအောင်။ မျက်နှာဖုံးအတုတွေအကြောင်းသိဖို့တော့ သားသိပ်ငယ်နေပါသေးတယ်။ လောကရဲ့မာယာခပ်ကြီးကြီး တွေကို လေ့လာ တတ်မြောက် လာတဲ့ အခါ..နာဖျားနေတဲ့ စိတ်တွေအတွက် ဖြေသာရာ တစ်ခုခုကိုရလာပါလိမ့်မယ်။
မေမေ သားက အဖြောင့်အတိုင်းလျှောက်တဲ့ အခါ သင်္ချာပညာရှင်က ၃၆၀ ဒီဂရီကောက်နေတဲ့ ခြေလှမ်းလို့ပြောတယ်မေမေ ... သားက အလင်းဖြစ်ချင်တယ်ဆိုတော့ ရူပဗေဒပညာရှင်က အနည်ထနေတဲ့ တောက်ပမှုဖြစ်တော့ရော ဘာထူးမှာလဲတဲ့ ....။ မေမေ သားတို့စကားဝိုင်းမှာ ရင်ကွဲနာကျသူတွေအကြောင်းဆွေးနွေးတဲ့အခါ ဓာတုဗေဒ ပညာရှင်က ဓာတ်ပြောင်းလဲမှုတစ်ခုမျှသာတဲ့ ...မေမေ သားကန်ထုတ်လိုက်တဲ့ ကျောက်တုံးကရော ထောင့်ချုပ်ကျောက်တစ်လုံးပဲလား ...။ ဘုရားသခင်နဲ့တွေ့မှ မေးကြည့်တော့မယ်မေမေ ...။ ရိုးသားမှုတစ်ခုရဲ့တန်ရာတန်ကြေးကို ရှာဖွေတွေ့ရှိမှပဲ လူတွေလည်း ဒုတိယ မီးကို ရှာတွေ့တယ်လို့ ဂုဏ်ယူနိုင်တော့မယ်မေမေ ...။ အခုတော့ သား အိပ်မပျော်ခြင်းတွေကို ခင်မင်စွာပေါင်းဖော်ဖြစ်နေတယ်မေမေ ...၊ ဘုရားသခင်ကိုယ်တိုင်လည်း ညည အိပ်မပျော်တတ်တဲ့သူတစ်ယောက်များလားမေမေ .. ရွှေပုံသဏ္ဍာန်တော်နဲ့ အညီဖန်ဆင်းတော်မူတယ်လို့ ဆိုတယ်မဟုတ်လားမေမေ ...။
သံသရာရဲ့အရွေ့ကိုက ၃၆၀ ဒီဂရီရှိလေတော့ အဖြောင့်အတိုင်းခြေလှမ်းတွေရဲ့အရွေ့ဟာ ၃၆၀ ဒီဂရီကောက်နေခဲ့မှာပဲသား။ သံသရာတစ်ခုလုံးလျှောက်ခဲ့တဲ့ ခြေလှမ်းတွေက ဖြောင့် တန်းနေခဲ့ပါလျက် ကံတရားက ကွေ့ကောက်နေခဲ့တာကျ ဘယ်လိုပြောကြမလဲ။ မေတ္တာတရားရဲ့ အလင်းဓါတ်တွေအကြောင်းကို မေမေတို့ဘယ်သူနဲ့ဆွေးနွေးနိုင်ကြမှာလဲ။ စတီဖင်ဟောကင်းဟာ အနည်ထနေတဲ့ အလင်းတစ်မှုန်တော့ မဟုတ်နိုင်ဘူးထင်ပါတယ်။ ကောရိ န္တု သြ၀ါဒ ပထမစာစောင် အခန်း ၁၃ ကို ဘယ်လို ယူနစ်တွေနဲ့များ တိုင်းတာ တွက်ချက်လို့..အဖြေထုတ်နိုင်မှာမို့လဲ။ မဒမ်ကျူရီလည်း အသည်းကွဲခဲ့ဖူးမှာပါပဲ သား ရယ်။ ကျမ်းစာမှာတော့ပြောတယ်သား။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသော သူအား အမှန်ပေးတော်မူ၏ .. တဲ့။ ဘုရားသခင်ကတော့ သူ့ရဲ့ချစ်ခြင်းအားဖြင့် သူ အိပ်စက်ခွင့် မရှိသူဖြစ်တယ်။ သူတစ်ပါးကိုပိုချစ်တဲ့သူဟာပိုပြီးအနစ်နာခံရတတ်သတဲ့။
မေမေ ရှုံးနိမ့်မှုတွေက ထလာတဲ့သူတစ်ယောက်အတွက် စောင့်ကြိုနေတဲ့ နောက်ထပ်ရှုံးနိမ့်မှုတွေကရော စောစောထတဲ့ ငှက်တွေပဲလား ...။ သူတို့ကို ပျင်းရိခွင့်ပေးဖို့ အကြောင်းကြားပေးပါမေမေ ...။ ရေထဲမှာ ငါးတစ်ကောင်နစ်နိုင်တဲ့အကြောင်း ...၊ လေထဲမှာ ငှက်တစ်ကောင် အပျံမှားသွားနိုင်တဲ့အကြောင်း .... လမ်းလျှောက်နေတဲ့သူတစ်ယောက် ချော်လဲနိုင်တဲ့အကြောင်း ...။ စိတ်တစ်ခု အထားအသိုမှားပြီး Black Hole ဖြစ်လာနိုင်ကြောင်း သား တောင်စဉ်ရေမရပြောမိတဲ့အခါ ... မေမေနားလည်ပေးပါ။ အက်ရာတွေများတဲ့လောကထဲမှာ သား ... လောကနဲ့ အသားကျဖို့ စိတ်အက်အက်တစ်ခု တပ်ဆင်ထားလိုက်တယ်မေမေ ....။ လဲနေသူတစ်ယောက်ကို ထူမယ်ဆိုရင် အရင်ဆုံး ခါးကိုင်းပြီးမှ လက်ဆန့်ရသလိုပေါ့မေမေရယ် ....။ ..သား ... လဲနေတဲ့သူနဲ့ လှဲနေတဲ့သူမခွဲခြားတတ်ဘဲ ထူနေမိတယ်မေမေ ...။ သားမျက်လုံးတွေကို လှဲလှယ်ပေးပါမေမေ ... ဒါမှမဟုတ် သားရဲ့နှလုံးသားကို လဲလှယ်ပေးပါ ....။
ကိုယ့်ကိုယ်ကိုပဲပြင်ဆင်လို့ရတဲ့လောကကြီးထဲမှာ ကိုယ့်စိတ်ကိုယ်ပြင်ဆင်ဖို့ဆိုတာကလဲ အခက်ဆုံးတစ်ခုပဲသား။ ဒါပေမယ့် အဲဒါကိုက အောင်နိုင်မှုတစ်မျိုးပဲလေ။ ရှုံးနိမ့်မှုတွေကို ဆင့်ကဲလက်ခံရရှိလိုက်တယ်ဆိုတာကိုက ယှဉ်ပြိုင်ခွင့်ရှိနေသေးတယ်လို့ပဲ ကျေနပ်လိုက်ပါ တရားခြင်း မတရားခြင်းတွေကိုတော့ လောကပါလတရားက သူ့ဘာသာသူဆုံးဖြတ်ပါလိမ့် မယ်။ မမြင်ရတဲ့ ဝဋ်ကြွေးတွေအတွက် မေမေတို့မှာ တာဝန်မရှိပါဘူး။ သားရဲ့ တောင်စဉ်ရေမရ စကား လုံးတွေကို မေမေ့ မေတ္တာတရား နဲ့စဉ်ပေးလိုက်တဲ့အခါ အရာရာဟာ လင်းဝေနိုးထလာပါ လိမ့်မယ်။ အက်ကြောင်းတွေကို တော့ ခဏ မေ့ထားလိုက်ကြရအောင် သား ။ ကမ္ဘာမြေကြီးရဲ့ လှုပ်နိုးခံရမှုနဲ့အတူ လမ်းကြောင်းပြောင်းသွားတဲ့အခါ အရာရာဟာ ပကတိအတိုင်းဖြစ်ခွင့်ရသွားကြပါလိမ့်မယ်။ ဘုရားသခင်ပေးသနားတော်မူတဲ့ အဖြူရောင်နှလုံးသားကိုတော့ ဒီတိုင်းပဲထားကြရလိမ့် မယ်။ ထူခွင့်ရနေသေးတဲ့လက် ထူမချင်နေသေးတဲ့စိတ်တွေအတွက်ပဲ ကျေးဇူးတော် ချီးမွမ်းလိုက်ကြရအောင်။
တိတ်ဆိတ်နေတဲ့ တစ်ခြမ်းပဲ့လလေးကို သားလွမ်းတယ်မေမေ ....။ ကုမုဒြာကို ဖွင့်တဲ့သော့ကို လရောင်မှာ သားရှာနေမိတယ် ...။ လရောင်ဝါတွေညွတ်ကွေး နေတဲ့ ဂီတစာရွက်တစ်ရွက်ကို ငြိမ်းချမ်းတဲ့ တယောသမားတစ်ယောက် ကောက်ရပါစေလို့ သားဆုတောင်းပေးနေမိတယ် ...။ အရောင်ကန်းနေတဲ့သူအတွက်လည်း လရောင်ဟာ လင်းနေမှာပါမေမေ ...။ ခဲဖျက်မပါတဲ့အတွက် အမှားတွေမပြင်နိုင်တော့ဘူးပေါ့ ...။ ဘ၀ကို သိပ်နီမြန်းသွားမှာစိုးတယ်....။ ကြက်ခြေခတ်တွေက ပစ်မှတ်တစ်ခုလို ဘ၀ကို ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ သားရဲ့ ထိချက်အလွဲတွေပါမေမေ ...။ မေတ္တာဟာ အဖြူရောင်ဆိုတော့မေမေရယ် ... ဒီဘ၀မှာ သိပ်ရောင်းမကောင်းလှဘူးပေါ့ ....။ ဈေးခေါင်းကွဲတယ် မေမေရယ် ...။ အချစ်ဦးဆိုတာ မငြိမ်းသောမီးမဟုတ်လား ....။
တစ်ဘဝလုံးရေးခြစ်လာတဲ့စာမျက်နှာတွေအတွက် အားလုံးကို အမှန်ချည်းပဲလိုချင်လို့ တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အနီရောင်ကြက်ခြေခတ်တွေလည်း ခပ်ကျဲကျဲတော့ ပါနေလိမ့်မယ် ။အဲဒီအတွက် နောင်တရစရာမလိုဘူးသား။သင်ခန်းစာယူတတ်ဖို့ပဲလိုပါ တယ်။ သန့်စင်ကြည်လင်တဲ့ ချစ်ခြင်း တွေနဲ့ လွှမ်းခြုံထားတဲ့ ကမ္ဘာကိုတော့ လူတိုင်းတပ်မက်ကြလိမ့်မယ်လို့ထင်ရင် မှားသွားမှာ ပေါ့သား..။ တချို့လူတွေက မွေးဖွားလာကတည်းက အရောင်တစ်ရောင်တည်းနဲ့ မှောင်နေကြ သူတွေဖြစ်တယ်။ လရောင်ကတော့ အစဉ်အဆက်ဖြာကျနေမှာပါပဲ။ ဒါပေမယ့် ကုမုဒြာ တိုင်းကတော့ လရောင်နဲ့ပွင့်ချင်မှပွင့်ကြလိမ့်မယ်။ ဘယ်အရာမှပုံသေကားကျ တွက်ဆလို့ မရတဲ့ ကမ္ဘာမှာ မငြိမ်းဘူးထင်တဲ့ မီးတွေလည်း ငြိမ်းသွားကြလိမ့်ဦးမယ်။ ထိုက်တန်တဲ့ သူတွေအတွက် သားရဲ့ အဖြူရောင်မေတ္တာတွေကိုသိမ်းဆည်းထားလိုက်ပါ။
တကယ်လို့ သော့တစ်ခုပိတ်ခွင့်ရမယ်ဆိုရင် သားမနက်ဖြန်တွေကို ပိတ်ထားလိုက်ချင်တယ် ...။ ဒီနေ့အထိ နေထိုင်ခဲ့တဲ့လူတစ်ယောက်ဟာ ဒီနေ့မှာ ပြီးဆုံးပျောက်ကွယ်သွားသလိုပေါ့မေမေ ... မနက်ဖြန်မှာသူမပါတော့ဘူး .. ပန်းပွင့်ရဲ့ရနံ့ထဲမှာသူမပါတော့ဘူး ... လေညင်းရဲ့အေးမြမှုထဲမှာသူမပါတော့ဘူး။ သစ်ရွက်တစ်ရွက်ကြွေကျသံထဲမှာ သူမပါတော့ဘူး ..။ ဇာတ်နာအောင် ဗီလိန် တစ်ပြုံကြီးသုံးထားတဲ့ မြို့ပျက်ကြီးမှာ သူမပါတော့ဘူး ...။ သူ ... ခရမ်းရောင် အလံတစ်လက်ကို လွှင့်ထူရင်း ကျဆုံးသွားပါပြီမေမေ ....။
ခရမ်းရောင်တွေတဖျတ်ဖျတ်လွင့်ဝဲနေတယ်။ အလွမ်းဟာ အနည်းဆုံးတစ်ရာသီတော့ ခံလိမ့်မယ်သား..။ သူ့ရာသီကုန်ရင်တော့ သူလည်း သူ့အလံကိုသိမ်းရုတ် တပ်ဆုတ်သွားရပါလိမ့်မယ်။ ဒါဟာလည်း လောကရဲ့ဓမ္မတာပါပဲ သား။ ကံတရားရဲ့ စာမျက်နှာတွေကိုကျော်လွန်လို့ မနက်ဖြန်တွေကို ပြင်ဆင်ခွင့်မရှိသလို ကိုယ့်ကိုယ်ကို မှုတ်သိမ်းငြိမ်းသတ်ခွင့်လည်း မရှိပါဘူး။ နီစွေးစွာရဲရင့် တည်ငြိမ်စွာပြာလွင် လို့ ခရမ်းရောင်တွေကို ဖြိုခွဲပစ်ခဲ့လိုက်ရင်း နံနက်ခင်းအသစ်တွေနဲ့အတူ ကိုယ့်ကိုယ်ကို ထူမတ်ပစ်လိုက်စမ်းပါ။ မနက်ဖြန်ဟာ ရနံ့သစ် တွေနဲ့မွှေးမြကြည်လင်နေခဲ့ပါလိမ့်မယ်။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။