Bamaw Thein Pe added 2 new photos.
လူတိုင်းမှာ အရည်အချင်း ရှိပါတယ်။
လူတွေဟာ ဝတ်ကောင်းစားလှဝတ်လို့ ကားကောင်းကောင်းစီးနေသူ တွေ့ရင် အားကျကြတယ်။ သူ့ကို အားကျတဲ့ တချိန်ထဲမှာပဲ မိမိကိုယ်မိမိ သိမ်ငယ်စိတ်ဝင်လာတယ်။ သူ့ကို လူတော်တစ်ယောက်လို့ မြင်ပြီး ကိုယ်ကတော့ လူညံ့တစ်ယောက်လို့ ခံစားလိုက်ရတယ်။ ဒါဟာ မဖြစ်သင့်တဲ့အရာပါ။
ကျနော်ဟာ တက္ကသိုလ်ပါမောက္ခတစ်ယောက်ပါ။ တစ်နေ့မှာ မြို့တစ်မြို့ကို
တစ်ယောက်ထဲ ကားမောင်းသွားတယ်။ လမ်းမှာ ကားဟာ ရွံ့ဗွက်အိုင်တစ်ခုထဲ
ကျသွားပြီး ကားနောက်ဘီး ၂ ခုလုံးဟာ ဗွက်အိုင်ထဲမှာ နစ်နေတယ်။ ကားကို
ဗွက်အိုင်ထဲက ရုန်းထွက်နိုင်ဖို့ ကားကို စက်နိုးရုန်းတာ ၄၅ မိနစ်ကြာတဲ့အထိ
ရုန်းမထွက်နိုင်တာနဲ့ လက်လျှော့လိုက်ပြီး ကားပျက်ရင် ဆွဲပေးတဲ့ ကုမ္ပဏီကို
ဖုန်းလှမ်းဆက်တယ်။ တစ်ဖက်က ဖုန်းမကိုင်ပါဘူး။ ၁၅ မိနစ်လောက် ဆက်ပေမယ့်လည်း
ဖုန်းဆက်မရပါ။
ကျနော်လည်း စိတ်ပျက်လက်ပျက်နဲ့ နေပူကြဲကြဲအောက် ကားကို မှီရင်း ရပ်နေပါတယ်။ အနားကို ကားတစ်စီး ရောက်လာတယ်။ ကားက တိုယိုတာပစ်ကပ်ကားဟောင်းတစ်စီးပါ။ ကားပေါ်က ဆင်းလာသူဟာလည်း အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားပါတယ်။ ကျနော်သူ့ကို မြင်မြင်ချင်း အထင်သေးစိတ်ဝင်ပြီး စကားပြောချင်စိတ် မရှိတာနဲ့ တစ်ဖက်ကို မျက်နှာလွဲနေပါတယ်။
သူက အနားကပ်လာပြီး ဘာဖြစ်နေတာလဲလို့ မေးပါတယ်။ ကျနော်က စကားမပြောဘဲ ဗွက်အိုင်ထဲ နစ်နေတဲ့ ကားဘီးတွေကိုပဲ လက်ညိုးထိုးပြလိုက်တယ်။ သူက ကူညီပါရစေ။ သူ လုပ်ကြည့်ပေးမယ်လို့ ပြောတယ်။ ကျနော်က ကျနော့်မာစီဒီးကားကို တက်မမောင်းစေချင်လို့ မလိုပါဘူးလို့ပြောလိုက်တယ်။ ကျနော့်ကားကို မမောင်းစေချင်ဘူးဆိုတာကို သူရိပ်စားမိတော့ သူက ကားကို မမောင်းပါဘူး။ အပြင်ကနေပဲ လုပ်ပေးမှာပါလို့ ပြောလို့ ကျနော်လည်း မတတ်သာဘဲ သဘောတူလိုက်တယ်။
သူက ဗွက်ထဲ နစ်နေတဲ့ ကားဘီးကို လက်နဲ့ အားစိုက်ပြီး လှည့်လိုက်တယ်။ အနေအထားတစ်ခုရောက်တော့ သူက ကားကိုမောင်းကြည့်ဖို့ ပြောလို့ ကျနော် ကားထဲဝင်ပြီး စက်နိုးမောင်းထွက်လိုက်တယ်။ ၅ မိနစ်လောက် ကားကို ရုန်းထွက်ရင်းနဲ့ ဗွက်အိုင်ထဲက ထွက်လာနိုင်တယ်။ ကျနော်က ကျေးဇူးတင်လွန်းလို့ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ပြောတယ်။ သူက ပေးစရာ မလိုပါဘူး။ စေတနာနဲ့ ကူညီတာပါတဲ့။ ဒါနဲ့ ခုလို လုပ်နိုင်တဲ့ ပညာကို ဘယ်ကတတ်တာလဲလို့ မေးတော့ သူက ငယ်ငယ်ကတဲက ရွာမှာ ထွန်စက်တွေ၊ ကားတွေ ဗွက်ထဲနစ်ရင် အမြဲကူညီပေးလို့ ကျွမ်းကျင်နေတာပါတဲ့။
အဲဒီနေ့မှာပဲ ကျနော် ဘဝသင်ခန်းစာတစ်ခုကို ရလိုက်ပါတယ်။ လူတွေကို သူတို့ရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး အထင်မသေးဖို့ရယ်၊ လူတိုင်းမှာ ကိုယ့်ထက်သာတဲ့ အရည်အချင်း အနည်းဆုံးတစ်ခုတော့ ရှိကြတယ်ဆိုတာပါ။
သူများလို မကြီးပွားလို့၊ မအောင်မြင်လို့၊ ကားကောင်းမစီးနိုင်လို့ သူတို့နဲ့ နိုင်းယှဉ်ပြီး စိတ်ဓါတ်ကျမနေပါနဲ့။ သူတို့မှာ မရှိတဲ့ အရည်အချင်းတစ်ခု ကိုယ့်မှာ ရှိနေတယ်ဆိုတာ သိပြီး အဲဒီအရည်အချင်းကို ပိုပြီးတိုးတက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။
ဗန်းမော်သိန်းဖေ
၂၅-၀၉-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။