Nine Nine Sanay @ နိုင်းနိုင်းစနေ added 2 new photos.
မနက်ခင်းနဲ့ ညနေခင်းအချိန်တွေဆိုရင် ရပ်ကွက်ထဲက လမ်းကြီး၊ လမ်းသွယ်တွေမှာ ခွေးထွက်ကျောင်းတဲ့လူတွေကို အမြဲတစေတွေ့ရတတ်တယ်။
ကြိုးတစ်ချောင်းနဲ့အချည်ခံထားရတဲ့ ခွေးကြီးခွေးငယ် ခွေးအမျိုးပေါင်းစုံတို့ဟာ သခင်ရှေ့ပြေးသွားလိုက်၊ ဟိုအပင်ဒီအပင်ကို လိုက်နမ်းကြည့်လိုက်၊ တစ်နေရာရာရောက်ရင် ကျင်ကြီးကျင်ငယ်စွန့်လိုက် လုပ်တယ်။ သေသေချာချာ သတိထားမိရင် အဲဒီခွေးကျောင်းသူတွေရဲ့လက်ထဲမှာ ပလပ်စတစ်အိတ်တစ်လုံး ကိုင်ထားတာကို တွေ့ရလိမ့်မယ်။ အဲဒီအိတ်က ခွေးအလေးစွန့်ပြီးရင် အလေးကို အိတ်ထဲကောက်ထည့် ရှင်းလင်းပစ်ဖို့ဖြစ်တယ်။
.
ရပ်ကွက်တစ်ခုသန့်မသန့် အဲဒီရပ်ကွက်မှာနေတဲ့လူတွေနဲ့ ဆိုင်တယ်။ အဲဒီရပ်ကွက်ကလူတွေ စည်းကမ်းရှိမရှိ၊ အဆင့်အတန်းရှိမရှိဆိုတာကို လမ်းပေါ်မှာခွေးချေးရှိမရှိဆိုတာနဲ့ နှိုင်းကြည့်လို့ရတယ်လို့ ကျွန်မထင်တယ်။ ဒီကနေ့ခေတ်မှာ လူတော်တော်များများ ခွေးမွေးထားကြပြီ။ တချို့အိမ်ဆို ၃၊ ၄ကောင်တောင်ရှိတယ်။ မနက်နဲ့ ညနေခင်းတွေမှာဆိုရင် လမ်းလျှောက်သူတွေနဲ့အပြိုင် ခွေးတွေလည်း လမ်းထွက်လျှောက်ကြတယ်။ လမ်းပေါ်မှာ ဟိုနားဒီနား ခွေးမျိုးစုံကိုတွေ့နေရတယ်။
ခွေးထွက်ကျောင်းတယ်ဆိုတာ တကယ်တော့ အီးထွက်ပါခိုင်း၊ ရှူးထွက်ပေါက်ခိုင်းတာလို့ ကျွန်မထင်တယ်။ ကျွန်မနေတဲ့လမ်းမှာ ခွေးထွက်ကျောင်းသူတွေများပေမယ့် လမ်းပေါ်မှာ ခွေးချေးတွေ မတွေ့ရတတ်ဘူး။ တခြားအမှိုက်တွေသာရှိမယ် ခွေးချေးတော့ တွေ့ရဖို့ခဲတယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ ဘယ်သူမှမခိုင်းစေဘဲ ကိုယ့်အသိနဲ့ကိုယ် ကိုယ့်ခွေးမစင်တွေကို ပလတ်စတစ်အိတ်နဲ့ သိမ်းကျုံးယူပြီး အမှိုက်ပုံးရောက်မှ ပစ်လိုက်တာမို့ပါ။ ကိုယ်လုပ်သင့်တာကို ကိုယ်လုပ်တော့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုကို ရပါတယ်။
.
ခွေးထွက်ကျောင်းသူတိုင်း ကိုယ့်အသိနဲ့ကိုယ် ခွေးမစင်တွေ ယူသွားတတ်တာတော့ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ ဒီလို စည်းကမ်းမဲ့သူလည်း ရှိတတ်တာပေါ့။ ရထားဘူတာဘက်သွားတဲ့ လမ်းတစ်လမ်းဟာဆိုရင် ခွေးမစင်တွေကို မကြာခဏတွေ့ရတတ်တယ်။ တချို့နေရာဆိုရင် အနင်းခံထားရတဲ့ ခွေးမစင်တွေက ဖိနပ်ရာတွေနဲ့ ဟိုတစ်ကွက် ဒီတစ်ကွက်။ ဒီလို စည်းကမ်းမရှိတတ်တဲ့ လူတွေနေတဲ့လမ်းမှာတော့ "Please clean up after your dog" လို့ စာရွက်ကပ်ထားတတ်တယ်။ မင်းခွေးပြီးရင် ကျုံးသွားပါပေါ့။ ဒီလိုရေးကပ်ထားရက်နဲ့ ခွေးမစင်တွေ ကိုယ့်အိမ်ရှေ့မှာ ထပ်တွေ့နေရသေးတယ်ဆိုရင် "It's The Law!"ဆိုပြီး စာတစ်ကြောင်းထပ်ဖြည့်ထားတာမျိုး တွေ့ရတတ်တယ်။ ဒါဟာ ဥပဒေအရ၊ တချို့နေရာမှာဆိုရင် ဒဏ်ငွေရိုက်မယ်ဆိုတာမျိုးရေးထားတာလည်း တွေ့ရတယ်။ စည်းကမ်းကို စည်းကမ်းအတိုင်းမလိုက်နာရင် ထိုက်တန်တဲ့ပြစ်ဒဏ်တော့ခံရမှာပေါ့။
.
ဘာဖြစ်လို့ ကိုယ့်ခွေးမစင်စွန့်ပြီးရင် မစင်တွေကို တစ်ပါးတည်းကျူံးယူသွားရသလဲ၊ လမ်းဘေး မြက်တွေကြား၊ ပန်းပင်တွေကြား ပစ်ထည့်လိုက်ရင် မြေသြဇာရတာပဲမဟုတ်လားလို့ တောသားကျွန်မ တွေးခဲ့ဖူးတယ်။ တစ်ခါက ဆောင်းတွင်းကြီး ည ၁၂နာရီကျော်လောက် ကျွန်မအလုပ်ကပြန်လာတော့ အိမ်ရောက်ခါနီး လမ်းတစ်နေရာမှာ ခွေးထွက်ကျောင်းတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူ့ခွေးက တစ်နေရာရောက်တော့ နှင်းပုံကြားမှာ မစင်ထိုင်စွန့်တော့တယ်။ အဲဒီမစင်ကို သူက အိတ်လေးနဲ့ကောက်ထည့်သွားတယ်။ ညမှောင်ရီဝေဝါးမှာ အဲဒီမစင်ကို ခြံစည်းရိုးဘေးပစ်ထည့်လိုက်ရင် ဘယ်သူမြင်မှာမို့လဲလို့ ကျွန်မလေ အောက်တန်းကျကျတွေးခဲ့ဖူးတယ်။
.
တကယ်တော့ ခွေးတွေစွန့်ပစ်တဲ့ အညစ်အကြေးဟာ ကလေးတွေရဲ့ကျန်းမာရေးကို ဘေးဥပဒ်ဖြစ်စေလို့၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်ကို သိက္ခာကျစေလို့၊ ရောဂါဘယတွေကို ကူးစက်ပြန့်ပွားစေလို့လို့ ဆိုတယ်။ ဒါကြောင့် မင်းခွေးပြီးရင် ကျုံးသွားပါဆိုတဲ့ ဆောင်ပုဒ်ရှိလာခဲ့တယ်။ ဒီလိုဆောင်ပုဒ်ကို နေရာတိုင်းမှာတော့ မတွေ့ရတတ်ဘူး... အထက်မှာပြောခဲ့သလိုပဲ စည်းကမ်းမဲ့သူရှိတတ်တဲ့လမ်းတွေလောက်မှာပဲ တွေ့ရတတ်တယ်။ ကိုယ်နေတဲ့တိုက်၊ ကိုယ်နေတဲ့လမ်း၊ ကိုယ်နေတဲ့ရပ်ကွက်၊ ကိုယ်နေတဲ့မြို့မှာ သတိပေးဆောင်ပုဒ်တွေများလာပြီဆိုရင် စည်းကမ်းမဲ့သူတွေများလာပြီ၊ စည်းကမ်းမဲ့သူတွေထဲ ကိုယ်ပါနေပြီလားဆိုတာ ဆန်းစစ်စရာပေါ့။ "Please clean up after your dog" "မင်းခွေးပြီးရင် ကျုံးသွားပါ"ဆိုသလို ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံသန့်ရှင်းဖို့ မင်းအမှိုက် မင်းတာဝန်ယူခဲ့ရင် ကျွန်မတို့လည်း သန့်ရှင်းကျန်းမာတဲ့ပတ်ဝန်းကျင်တစ်ခုတော့ ရနိုင်တာပါပဲလေ... မဟုတ်ဘူးလား..
.
#NineNineSaNay (Spet. 28. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။