"အဆင့်မြင့်"ဆိုတဲ့
စကားလုံးက မြန်မာပြည်နဲ့တော်တော်လေး မစိမ်းတဲ့စကားလုံးပေါ့။
ဘယ်နေရာသွားသွား အဲဒီစကားလုံးကို တွေ့ရတတ်တယ်။ အဆင့်မြင့်ရုပ်ရှင်ရုံ၊
အဆင့်မြင့်စားသောက်ဆိုင်၊ အဆင့်မြင့်ဘတ်စ်ကား၊ အဆင့်မြင့်တည်းခိုခန်း၊
အဆင့်မြင့်ရေချိုးခန်း... စသည်ဖြစ်ပေါ့။ ဆေးရုံတွေမှာတောင် လူနာတွေကို
အဆင့်မြင့်စက်ကြီးများဖြင့် ကုသပေးသည်ဆိုတာက ရှိသေးတယ်။ အများပြည်သူသုံး
ပိုက်ဆံပေးရတဲ့အိမ်သာတောင် နံရံမှာရေးထားတယ် အဆင့်မြင့်အိမ်သာတဲ့။
အဆင့်မြင့်ဆိုတာ good standard၊ good quality၊ good service ... တွေကိုဆိုလိုတာလို့ ကျွန်မထင်တယ်။ ဝန်ဆောင်မှုကောင်းတယ်၊ အရည်အသွေးကောင်းတယ်၊ အဆင့်အတန်းရှိတယ်ပေါ့။ ဒါပေမယ့် မြန်မာပြည်မှာသုံးတဲ့စကားလုံး "အဆင့်မြင့်" က လူတိုင်းသုံးလို့ ကိုယ်လည်း ကြည့်ကောင်းအောင်သုံးတာလား၊ ဒီစကားလုံးက ရေပန်းစားလို့ပဲလား၊ လာဘ်ကောင်းလို့ပဲလား ဒါမှမဟုတ် အထပ်မြင့်ပေါ်မှာရှိလို့ အဆင့်မြင့်လို့သုံးတာလားတော့ ကျွန်မလည်း မပြောတတ်ဘူး။ စစချင်းတော့ ဝန်ဆောင်မှုကောင်းကောင်း၊ အရည်အသွေးကောင်းကောင်း၊ အဆင့်အတန်းရှိရှိနဲ့ ရည်ရွယ်ပြီးဖွင့်ခဲ့ဟန်တူတဲ့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေပါပဲ.. နောက်ဆုံး ဒုံရင်းဒုံရင်းနဲ့ အဆင့်မြင့်ဆိုတဲ့စကားလုံးသာကျန်ပြီး နဂိုရည်ရွယ်ချက်တွေကတော့ ပျောက်သွားတယ်။ နောက်တော့ ညံ့လိုက်တဲ့ဝန်ဆောင်မှု၊ နံလိုက်တဲ့အိမ်သာဆိုပြီး အဆင့်မြင့်ဟာ သာမန်တွေနဲ့တန်းတူဖြစ်သွားရတယ်။
ကျွန်မတို့က အဆင့်မြင့်တွေနဲ့ အမြဲဝန်းရံခံနေကြရသူတွေပါ။ အထူးသဖြင့် မြို့ပြမှာနေထိုင်ကြသူတွေပေါ့။ ကလေးတွေမှာလည်း အဆင့်မြင့်တွေနဲ့ ကင်းကြရတာ မဟုတ်ဘူး.. ဘာတဲ့.. အဆင့်မြင့် ကျူရှင်ဆိုလား။ တခြားလူတော့ မပြောတတ်ဘူး.. ကျွန်မတော့ အဲဒီလိုဆိုင်းဘုတ်မျိုးဆို မော့ကြည့်ပြီး တော်တော်လေးအတွေးဝင်တယ်။ အဆင့်မြင့်ကျူရှင်တဲ့.. ဘာတွေများ၊ ဘယ်လိုများသင်လို့ အဆင့်မြင့်တာပါလိမ့်ပေါ့။ အဆင့်မြင့်ကွမ်းယာဆိုလို့လည်း စားကြည့်ချင်စိတ်ပေါက်သွားဖူးသေးတယ်။
တစ်ခါက ခရီးတစ်ခုမှာ မြို့တစ်မြို့အရောက် လမ်းဘေးမှာစိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်တစ်ခုကြောင့် ကျွန်မအတွေးရပြန်တယ်။ အဲဒီအတွေးက သတိရရင်ရသလို၊ တိုက်ဆိုင်မှုရှိရင်ရှိသလို ခုချိန်ထိ ကျွန်မနောက်လိုက်ပါနေတုန်းပဲ။ ဆိုင်းဘုတ်မှာရေးထားတာက "အဆင့်မြင့်တရားပွဲတော်" တဲ့။ ကျွန်မအံ့သြသွားတယ်.. ဘယ်လိုတရားများဟောမှာမို့ တရားပွဲကိုတောင် အဆင့်မြင့်လို့ပြောတာပါလိမ့်ပေါ့။ အထူးခင်းကျင်းထားတဲ့နေရာမှာ ဟောမို့လား၊ ဒါမှမဟုတ် အားလုံးတရားနာကြားမြင်ရအောင် နောက်ဆုံးပေါ် ပရိုဂျက်တာနဲ့ပြပြီး ဟောမှာလား၊ အဲကွန်းခန်းထဲမှာလား.... တစ်ခုခုပေါ့။ ဘုရားတရားအရမ်းလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဒီ"အဆင့်မြင့်တရားပွဲ"နဲ့ပတ်သက်ပြီး မေးကြည့်တော့ သူလည်းမသိဘူးတဲ့။ ကျောင်းကြီးကျောင်းကောင်းမှာပဲ ဟောဟော၊ တဲကုတ်မှာပဲဟောဟော ဘယ်နားဟောဟော သံသယဝဋ်ဆင်းရဲကကင်းလွတ်ပြီး နိဗ္ဗာန်ရောက်ကြောင်းပဲ ဟောတာမဟုတ်လား။
အဆင့်မြင့်ဆိုတော့ နိဗ္ဗာန်ကိုဖြတ်လမ်းနဲ့ရောက်တဲ့နည်းလားပေါ့။ တကယ်မသိလို့ပါ။ တတ်သိနားလည်သူများရှိရင် ရှင်းပြပေးစေဖို့ ဒီစာကို အဆင့်မြင့်မြင့် (ငါးထပ်မှာမို့ပါ) အရဲစွန့်ရေးလိုက်မိပါတယ်။
ချစ်ခင်တဲ့
နိုင်းနိုင်းစနေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။