Red Hot Chili Peppers တို့ရဲ့ အနှစ်သက်ဆုံး အယ်လ်ဘန်များ
...................................................................................
Red Hot Chili Peppers (RHCP) တို့ရဲ့ ဂီတ သက်တမ်းဟာ
နှစ်ပေါင်း သုံးဆယ် ကျော်လာပြီပဲ ဖြစ်ပါတယ်။ ဒီလို ရှည်လျှား ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ သက်တမ်းတစ်လျှောက် အတွင်း
အယ်လ်ဘန် ၁၁ ချပ်အပါအဝင် Live အယ်လ်ဘန်တွေ
အကောင်းတွေစုစည်းထားတဲ့ အယ်လ်ဘန်တွေ
EP အယ်လ်ဘန်ပေါင်းများစွာလည်း ထွက်ရှိထားခဲ့ပြီပဲ ဖြစ်သလို အခုချိန်ထိ သူတို့ဟာ ပရိတ်သတ်တွေကို ဆန်းသစ်မှုတွေ ရသ အသစ်တွေနဲ့ ဆွဲဆောင်ထားနိုင်ဆဲပါ။ ကျွန်တော်တို့ SSFS က သူတို့ရဲ့ သက်တမ်းတစ်လျှောက် ထွက်ရှိထားခဲ့တဲ့ အဓိက အယ်လ်ဘန် ၁၁ ချပ်ထဲကနေ အနှစ်သက်ဆုံး အယ်လ်ဘန်ငါးချပ်ကို ရွေးချယ်ဖော်ပြ ပေးထားတာပဲဖြစ်ပြီး ခက်ခက်ခဲခဲ ရွေးချယ်ပေးထားခဲ့တာဖြစ်တဲ့အပြင် ဒါဟာ သူ့တို့ရဲ့
သမိုင်းကြောင်းလည်း မဟုတ်သလို သူတို့ရဲ့
ကိုယ်ရေးအတ္တုပတ္တိ လည်းမဟုတ်ပါဘူး။ သူတို့ရဲ့ သီချင်းတွေကို စွဲစွဲမြဲမြဲ နားထောင်လာတဲ့ ပရိတ်သတ် အနေနဲ့တင်ပြပေးထားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘော်ဒါတွေလည်း ကိုယ်ကြိုက်တဲ့ အယ်လ်ဘန်တွေနဲ့ သီချင်းတွေကို ရွေးချယ်ပြော ဆိုသွားနိုင်ပါတယ်။
Mother's Milk (၁၉၈၉)
................................
RHCP တို့ရဲ့ လေးချပ်မြောက် အယ်လ်ဘန်ပဲ ဖြစ်သလို တီးဝိုင်း စတည်လာထဲက ပါဝင်ထားခဲ့တဲ့ ဒရမ်မာ Jack Irons နဲ့ ၁၉၈၈ မှာကွယ်လွန်သွားခဲ့တဲ့ ဂစ်တာသမား Hillel Slovak တို့ရဲ့ နေရာမှာ RHCP တို့ရဲ့ သက်တမ်းတစ်လျှောက် အကောင်းဆုံး ဂစ်တာသမားအဖြစ် သတ်မှတ်ပြောဆိုလေ့ရှိတဲ့ အဲဒီ့အချိန် အသက် ၁၈ ကျော်သာရှိသေးတဲ့ John Frusciante နဲ့
လက်ရှိအချိန်ထိ သူတို့နဲ့ အတွဲညီလွန်းတဲ့ ဒရမ်မာ Chad Smith တို့စတင်ပါဝင်လာခဲ့တဲ့ အယ်လ်ဘန်ပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ဂီတပုံစံတွေ ပြောင်းလဲမှုတွေ အတွက်
တိုက်ရိုက်သက်ရောက်မှု ရှိခဲ့သလို RHCP တို့ရဲ့ ဂီတပုံစံ
အပြောင်းအလဲတွေရဲ့ မြေစမ်းခရမ်းပျိုး ခဲ့တဲ့ အချိန်အခါ
ဆိုရင်လည်း အမှန်ပဲဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်အခါရဲ့ အအောင်မြင်ဆုံးတီးဝိုင်းတွေများစွာထဲမှာ သူတို့ဟာ
တိုးတိတ်ညင်သာစွာနဲ့ နောက်ကွယ်ကပဲ ရှိနေခဲ့မယ် ဆိုရင်လည်း အမှန်ပါ။ ဒါပေမယ့် ယနေ့အခုအချိန်ထိလည်း သူတို့ဟာ အဲဒီအချိန်က အတိုင်းပဲ တိုးတိတ်ညင်သာစွာနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ထားနိုင်ဆဲပဲ ဖြစ်တာဟာလည်း အမှန်တရားပါပဲ။
ဒီအယ်လ်ဘန်ဟာ သူတို့ရဲ့ ဂန္တဝင် လူစာရင်းလို့ပဲ ပြောရမှာ
ဖြစ်သလို Anthony, Fela, Frusciante, Smith တို့ လေးယောက် စတင်စုစည်းဖြစ်ခဲ့တဲ့ အယ်လ်ဘန်ပဲ ဖြစ်ပါတယ်။ အဖွင့်သီချင်း Good Time Boys မှာထဲက ဂစ်တာသမား Frusciante ရဲ့
ဟဒ့်ရောခ့် ဂစ်တာ riffs ကြမ်းကြမ်းတွေရယ်
Fela ရဲ့ funk,jazz,soul ဂီတပုံစံတွေမှာ အသုံးများဆုံးဖြစ်တဲ့ Slapping စတိုင်လ် ဘေစ့် အလုံးတွေရဲ့ အတွဲအစပ်တွေ Anthony ရဲ့ rap ဆိုဟန်တွေနဲ့ အတူ သူတို့ရဲ့ ဆန်းသစ်မှုကို စတင်ခံစားရတာပါ။ ဒုတိယအပုဒ် ဖြစ်တဲ့ Higher Ground (Stevie Wonder ရဲ့ Innervisions (1971) အယ်လ်ဘန်ထဲက သီချင်းကိုပြန်ဆို) နဲ့အတူ funk နဲ့ rock ပေါင်းစပ်ဟန်တွေ Subways To Venus သီချင်းမှာ Jazz,soul,rap,jam rock
ပေါင်းစပ်ဟန်တွေ အပြင် Magic Johnson မှာတော့ Punk, funk, rap, rock ပေါင်းစပ်ပုံတွေဟာ စစခြင်းသီချင်း လေးပုဒ် ရသ လေးမျိုး ဖြစ်နေပါပြီ။ ဂစ်တာသမား Frucinate ဟာ သူ့ရဲ့ ဟီးရိုး ဂန္တဝင် ဂစ်တာသမား Jimi Herdirix ရဲ့ သီချင်း Fire ကိုလည်း ပြန်ဆိုထားစေခဲ့ပြီး Anthony နဲ့ Fela တိုလို့ လူဟောင်းကြီးတွေဟာ လည်းပြန်ဆိုပေးထားခဲ့ပါတယ်။ Punk Rock Classic သီချင်းကတော့ punk,funk ပေါင်းစပ်များနဲ့အတူ Fela နဲ့ Frucinate တို့ရဲ့ အတွဲအစပ် တွေကအံသြစရာတွေ ဖြစ်ခဲ့သလို ဒီသီချင်းရဲ့ အဆုံးမှာ Gn'R ရဲ့ Sweet Child O' Mine အင်တိုလ် လေးတောင် တီးပြသွားပါသေးတယ်။ ဒါဟာ သူတို့ရဲ့ ဆန်းသစ်မှုတွေနဲ့အတူ RHCP တို့ကို လူသိပိုများလာစေတဲ့ အယ်လ်ဘန် တစ်ချပ်လည်းဖြစ်ခဲ့တာပါ။
Blood Sugar Sex Magik (၁၉၉၁)
..............................................
RHCP တို့ရဲ့ ငါးချပ်မြောက်အယ်လ်ဘန်ပါ။ သူတို့ရဲ့
အကောင်းဆုံး လူစာရင်းနဲ့ပဲ ထွက်ရှိလာခဲ့သလို ၉၀' နောက်ပိုင်း သူတို့ရဲ့ ဂီတပုံစံ ပြောင်းလဲမှုတွေ စတင်မြင်တွေ့ရမယ့် အယ်လ်ဘန်တစ်ချပ်ပါပဲ။ သူတို့ဟာ Anthony ရဲ့ rap ရွတ်တဲ့ ပုံစံတွေကို စတင်လျှော့ချ လာခဲ့သလို Fela နဲ့ Frusciante တို့
အတွဲဟာလည်း အကောင်းဆုံးဖြစ်လာခဲ့ပြီး funk,jazz,classic rock,blues rock,soul funk,hard rock,hip hop ပေါင်းစပ်ပုံတွေ ကြောင့် သူတို့ကို အော်တာနေးတစ် လို့ တံဆိပ်စကပ်တော့မယ့် အစဦးပိုင်း အယ်လ်ဘန် တစ်ချပ်လည်း ဖြစ်ခဲ့မှာပါ။
ဒီအယ်လ်ဘန်ထဲက Give It Way သီချင်းနဲ့ အတူ မြူးစစ် ဂရမ်မီ ဆုစတင်ရရှိခဲ့သလို ကမ္ဘာတစ်ဝန်းက ပရိတ်သတ် တွေကို ပိုမိုဆွဲဆောင်နိုင်ခဲ့တဲ့ အယ်လ်ဘန်ပဲ ဖြစ်ပါတယ်။
ဂစ်တာသမား Frusciante ဟာ RHCP တို့အတွက် လာခြင်းကောင်းသူပါ သူပါဝင်ခဲ့တဲ့ အယ်လ်ဘန်တိုင်းမှာ အမြဲတမ်း
ဆန်းသစ်မှု တွေနဲ့အတူ အောင်မြင်မှုအရရော မြူးစစ် ဂရမ်မီ ဆုတွေပါ ရရှိခဲ့တာပဲဖြစ်ပါတယ်။ Jimi Hendrix, Frank Zappa တို့လို ဂန္တဝင် ဂစ်တာသမား တွေ Robert Johnson, Lead Belly တို့လို blues ဂီတရဲ့ ဂန္တဝင် တွေကို စွဲလန်းနားထောင်လာခဲ့သလို art rock, psychedelic rock ပုံစံသီချင်းတွေ
ကလက်စစ် ဟဲဗီးမက်တယ်လ် တီးဝိုင်းတွေနဲ့ ကြီးပြင်းလာခဲ့သူ Frusciante ဟာ RHCP တို့လို တီးဝိုင်းနဲ့ တွဲစပ်မိလာတဲ့ အချိန်မှာတော့ ပိုမိုအရောင်အသွေးစုံလင်လှတဲ့ မြူးစစ် ပုံစံတစ်ခုကို ဖန်တီး တည်ဆောက်ထားနိုင် ခဲ့ပါတော့တယ်။ Funky Monks,Give It Way,Naked In the Rain, The Power of Equality တို့လို
သီချင်းတွေ အကြိုက်ဆုံးသီချင်းဖြစ်တဲ့ ဂစ်တာသံ အမိုက်စားတွေနဲ့ Blood Sugar Sex Magik သီချင်းနဲ့အတူ ဘလူးစ် ဂီတရဲ့ ဂန္တဝင် ဖြစ်တဲ့ Robert Johnson ရဲ့ They're Red Hot သီချင်းတွေကိုနားထောင်ရတာနဲ့တင် သူတို့ရဲ့ အကောင်းဆုံး စာရင်းထဲ ထည့်သွင်းပေးရတော့မှာပဲ ဖြစ်ပါတယ်။
One Hot Minute (၁၉၉၅)
....................................
ဂစ်တာသမား အပြောင်းအလဲနဲ့အတူ Frusciante ပထမအကြိမ် ထွက်ခွာသွားခဲ့ပြီး Jane's Addiction ရဲ့ ဂစ်တာသမား
Dave Navarro ဝင်ရောက်ကူညီတီးခတ်ပေးခဲ့တဲ့ တစ်ချပ်တည်းသော အယ်လ်ဘန်ပါ။ အဲလိုပဲ RHCP တို့ရဲ့ အယ်လ်ဘန်တွေ ခဲမှာတော့ ပုံစံကွဲအထွက်ဆုံးနဲ့ အဆူညံဆုံး ဂစ်တာသံတွေ ကိုကြားရမယ့် အယ်လ်ဘန်လည်းဖြစ်ပါတယ်။ သူတို့လိုပဲ
အမြဲတမ်းထူးခြားတဲ့ ပုံစံတွေကို ဖန်တီးတတ်တဲ့ Jane's Addiction က Navarro ကိုတော့ ပြောနေစရာလိုမယ် မထင်ပါဘူး။ ကလက်စစ် ဆိုက်ခီဒဲလား ၊ ဟဒ့်ရောခ့် ၊
ဟဲဗီးမက်တယ်လ် ၊ အော်တာနေးတစ် စတဲ့ ပုံစံတွေကို
ပေါင်းစပ် ဖန်တီးလေ့ရှိတဲ့ သူ့ကြောင့် Funk Metal ပုံစံတွေကို ပိုမိုကြားရမှာပဲဖြစ်သလို အထူးသဖြစ် ဒီအယ်လ်ဘန်ထဲက Aeroplane သီချင်းမှာတင် အထင်သား မြင်တွေ့ရမှာ
ဖြစ်ပါတယ်။
Californication (၁၉၉၉)
.................................
ဂစ်တာသမား John frusciante ပြန်လည်ဝင်ရောက်လာခဲ့သလို RHCP တို့ရဲ့ ဂီတပုံစံပြောင်းလဲမှုတွေ သိသိသာသာ ခွဲထွက်လာခဲ့တဲ့ အယ်လ်ဘန် လို့ပဲပြောရမှာဖြစ်ပြီး Californication, Scar Tissue တို့လို မြူးစစ်ဂရမ်မီ ရွေးချယ်ခံရမယ့် သီချင်းတွေအပါအဝင် (Scar Tissue ကဆုရ) Other Side, Parallel Universe တို့လို အော်တာနေးတစ်ရောခ့် တံဆိပ်ကပ်ပေးခဲ့ကြတဲ့ သီချင်းကောင်းတွေ အများကြီးပါဝင်ခဲ့သလို
ရောခ့်ရေစီးကြောင်း အသစ်တွေထဲမှာ RHCP တို့ဟာ သူတို့ရဲ့ ပုံရိပ်ကို ပိုမိုဆွဲထားနိုင်ခဲ့ပြန်တာပဲဖြစ်ပါတယ်။
Stadium Arcadium (၂၀၀၆)
........................................
ဂစ်တာသမား Frusciante ဒုတိယ အကြိမ်မထွက်ခွာခင် ပါဝင်ပေးထားခဲ့တဲ့ အယ်လ်ဘန်ပဲ ဖြစ်ပါတယ်။ RHCP တို့ရဲ
သက်တမ်းတစ်လျှောက် ငြိမ့်ညောင်း လှပတဲ့ သံစဉ်ဖွဲ့စည်း တည်ဆောကိပုံတွေနဲ့အတူ ပြေပြစ်ညက်ညောတဲ့ သီချင်းတွေ အများဆုံးပါဝင်ခဲ့တဲ့ အယ်လ်ဘန်ပဲ ဖြစ်ခဲ့ပြီး သူတို့ရဲ့ အမာခံပရိတ်သတ်တွေကတော့ သူတို့ရဲ့ အနုပညာအဆန်ဆုံး အယ်လ်ဘန် အဖြစ် ပြောတတ်ကြပါတယ်။ အထူးသဖြစ် trombone,cello,clavinet(funk,jazz,soul ဂီတပုံစံတွေမှာ အသုံးများတဲ့ ပီယာနို), French horn စတဲ့ တူရိယာတွေကိုမျိုးစုံနဲ့အတူ ဂီတပေါင်းစပ်ပုံစံမျိုးစုံနဲ့ ရသမျိုးစုံ ခံစားရမှာပါ။ နှစ်ချပ်တွဲ စီဒီ အယ်လ်ဘန်ပဲ ဖြစ်သလို Jupiter နံမည်နဲ့ ပထမ စီဒီ မှာ သီချင်း ၁၄ ပုဒ် ၊ Mars နံမည်နဲ့ ဒုတိယ စီဒီမှာ ၁၄ ပုဒ် နဲ့အတူ ထပ်ဆောင်း အပိုပေးထားတဲ့
သီချင်းကိုးပုဒ် စုစုပေါင်း သီချင်း ၃၇ ပုဒ် ပါဝင်တဲ့ Boxed
အယ်လ်ဘန်ပဲဖြစ်ပြီး မြူးစစ်ဂရမ်မီ အတွက် Boxed or Special Limited Edition Package ဆုရရှိသွားပါတယ်။
အော်တာနေးတစ်ရော့ခ်၊ funk ရောခ့် နဲ့ ကလက်စစ် hip hop ပုံစံတွေကို ပေါင်းစပ်ထားခဲ့သလို သူတို့ရဲ့ ပရိတ်သတ်တွေကို ပုံမှန်ဈေးနူန်းအတိုင်း ရောင်းချပေးခဲ့ပြီး RHCP တိုဟာ သူတို့ရဲ့ ပရိတ်သတ်များအတွက် တုံပြန်ပေးခဲ့ပုံက ထင်သာမြင်သာ ဖြစ်ခဲ့တဲ့အပြင် Dani California လို သီချင်းတစ်ပုဒ်နဲ့တင်
ဒီအယ်လ်ဘန်ဟာ အကောင်းဆုံး စာရင်းထဲ ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ RHCP တို့ကို ဒီထက်ပိုပြောပေးခဲ့ချင် ပေမယ့် လိုင်းအခြေအနေကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပေး စေချင်ပါတယ်။ သူတို့ရဲ့ အယ်လ်ဘန် လင့်တွေကိုတော့
မန့်ဘောစ် ထဲမှာ ပေးထားခဲ့ပါမယ် အဆင်ပြေမယ့်
အယ်လ်ဘန် ကိုသာဒေါင်းပါ။
....ထွဋ်....
ခင်သောမင်သော
စကော်ပီယံများ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။