Bamaw Thein Pe added 3 new photos.
လက်ရှိကျင်းပနေတဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံက အီဆာကွီးယတ်စ် (Isaquias Queiroz dos Santos) ဟာ တယောက်စီး ကာနူးလှေလှော်ပြိုင်ပွဲ (Canoeing) တွေမှာ မကြာမီက မီတာ၂၀၀ ကာနူးပြိုင်ပွဲမှာ ကြေးတံဆိပ်၊ မီတာ ၁၀,၀၀၀ မှာ ငွေတံဆိပ်နဲ့ ဒီနေ့ မီတာ ၁,၀၀၀ ပြိုင်ပွဲမှာ ငွေတံဆပ် ထပ်မံဆွတ်ခူးလိုက်ပြန်လို့ ဘရာဇီနိုင်ငံသမိုင်းမှာ အိုလံပစ်ဆုတံဆိပ် ၃ ခု ရယူနိုင်ခဲ့တဲ့ ပထမဆုံး အားကစားသမား ဖြစ်လာခဲ့တယ်။
အိုလံပစ်ပြိုင်ပွဲတစ်ခုမှာဆုတံဆိပ် ၃ ခုရတာများ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ အမေရိကန် ရေကူးသမား မိုက်ကယ်ဖဲလ်စ်တို့များ အိုလံပစ်ပြိုင်ပွဲတိုင်းမှာ ရွှေတံဆိပ် ၄ ခုကနေ ၈ ခုထိတောင် ယူခဲ့သေးတာပဲ။
မိုက်ကယ်ဖဲလ်စ်ရဲ့ စွမ်းဆောင်ရည်ဟာ ချီးကျူးစရာဖြစ်သလို အခုပြောတဲ့ အီဆာဟာလည်း ချီးကျူးစရာ ကောင်းလှပါတယ်။ ဘာကြောင့် ခုလို ပြောရတယ်ဆိုတာ သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။
အီဆာဟာ အသက် ၁၀ နှစ် မတိုင်ခင်ထိ သေဘေးနဲ့ အနီးကပ် ၃ ကြိမ်တိတိ ကြုံတွေ့ခဲ့ပြီးမှ လွတ်မြောက်လာခဲ့သူပါ။
သူ အသက် ၃ နှစ်သားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုကြီးတစ်လုံးဟာ မီးဖိုပေါ်ကနေ သူ့ကိုယ်ပေါ် ပြုတ်ကျပြီး သူ့တကိုယ်လုံးကို ရေနွေးတွေ ပူလောင်ကုန်တယ်။ သူ့ကို ဆေးရုံပို့လိုက်တော့ ဆရာဝန်တွေက ကလေးရဲ့ ရေနွေးလောင်တဲ့ဒဏ်ရာဟာ ကြီးမားလွန်းလို့ အသက်ရှင်ဖို့ လမ်းမရှိဘူးလို့ သူ့အမေကို ပြောလိုက်တယ်။ သူ့အမေက အဲဒါကို လက်မခံဘူး။ အသက်ရှင်မယ်လို့ ယုံကြည်နေတယ်။ အမေရဲ့ ယုံကြည်ချက်အတိုင်း အီဆာဟာ ဒဏ်ရာအနာကျက်ပြီး ပြန်ကောင်းလာခဲ့တယ်။
အသက် ၅ နှစ်သားမှာ ပြန်ပေးဆွဲသမားတွေရဲ့ ပြန်ပေးအဆွဲခံရပြန်တယ်။ မကြခင်မှာ သူဟာ ဘေးမသီ ရန်မခပဲ လွတ်မြောက်ပြီး အိမ်ကို ပြန်ရောက်လာခဲ့တယ်။ အဲဒီနှစ်အတွင်းမှာပဲ သူ့အဖေ ဆုံးသွားတယ်။
သူ့ကံကြမ္မာဆိုးက ဒီမှာတင် မရပ်သေးဘူး။ နောက် ၅ နှစ်အကြာ အသက် ၁၀ နှစ်မှာ သူဟာ သစ်ပင်ပေါ်ကနေ အောက်က ကျောက်တုံးကြီးပေါ် ပြုတ်ကျသွားတယ်။ သစ်ကိုင်းတစ်ခုမှာ တွဲလောင်းချိတ်တွယ်နေတဲ့ မြွေတစ်ကောင်ကို အနီးကပ် ကြည့်ချင်လို့ သစ်ပင်ပေါ် တက်ကြည့်ရင်း ဖြစ်တာပါ။
ဆေးရုံကို ရောက်သွားတယ်။ ဆရာဝန်တွေက သူ့ဒဏ်ရာတွေကို စမ်းသပ်စစ်ကြည့်လိုက်တော့ သူ့ကျောက်ကပ်တစ်လုံးဟာ ကျောက်တုံးပေါ်ပြုတ်ကျတဲ့ ဒဏ်ကြောင့် ၂ ခြမ်းကွဲသွားတယ်။ ဆရာဝန်က အဲဒီကျောက်ကပ်ကို ပြန်ကောင်းအောင် ကြိုးစားကြပေမဲ့ မရလို့ လက်လျှော့ပြီး ခွဲပြီး ထုတ်လိုက်ရတယ်။ သူ့မှာ ကျောက်ကပ် တစ်လုံးပဲ ရှိတော့တယ်။
သူ နေကောင်းလို့ ကျောင်းပြန်တက်တော့ အတန်းဖေါ်တွေက သူ့ကို "Sem Rim" လို့ နောက်ပြောင်ခေါ်ကြတယ်။ အဓိပ္ပါယ်က ကျောက်ကပ်ပျောက်နေသူတဲ့။
ဆရာဝန်တွေက သူ့ကို အားကစား လုပ်ဖို့ မသင့်တော်ဘူးလို့ သတိပေးထားတယ်။ သူကတော့ ကျောက်ကပ်တစ်လုံး မရှိလို့ အားကစားမလုပ်ရဘူးဆိုတာကို လက်မခံဘူး။ သူ့မှာ ကျောက်ကပ်တစ်လုံး မရှိဘူးဆိုတဲ့ အတွေးကို ဖျောက်ပြီး သူ ဝါသနာပါတဲ ကာနူးလှေလှော်တာကို ကျင့်နေတတ်တယ်။ သူက "ကျနော့် ဘဝမှာ အခက်အခဲဒုက္ခတွေ အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဖြစ်ပြီးသွားတာကို တွေးပြီး စိတ်ဓါတ်ကျမနေပါဘူး။ ကျနော်ရဲ့ အိပ်မက်ဖြစ်တဲ့ အိုလံပစ်မှာ ဆုတံဆိပ် တစ်ခုရချင်စိတ်နဲ့ အပြင်းအထန် ကြိုးစားခဲ့တယ်။ အခု ဆုတံဆိပ် ၃ ခုကြီးများတောင် ရပြီဆိုတော့ ကျနော့်အိပ်မက်ဟာ အကောင်အထည်ပေါ်လာပြီပေါ့"တဲ့။
အောက်ကပုံမှာ အီဆာကို မီတာ ၂၀၀ ပြိုင်ပွဲမှာ (ပထမဆုံးရတဲ့ အိုလံပစ်ဆု) ကြေးတံဆိပ်ကို ကိုင်ရင်း သူ့အမေနဲ့ တွေ့ရစဉ်ပုံပါ။
အီဆာရဲ့ အဖြစ်အပျက်က လူငယ်တွေအတွက် ဘာသင်ခန်းစာ ပေးလိုက်သလဲ။ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရလို့ အတိတ်ကို သတိရပူဆွေးမနေပါနဲ့။ ပစ္စုပ္ပန်မှာ ကြိုးစားရင်း အနာဂါတ်အိပ်မက်ကို အကောင်အထည် ဖေါ်ဖို့ပါ။
မှတ်ချက်။ ယနေ့ စင်္ကာပူကထုတ်ဝေတဲ့ The Straits Times သတင်းစာနဲ့ အင်တာနက်က သတင်းကို မှီးရေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၂၀-၀၈-၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။