သားအဖနှစ်ယောက် ကမ်းခြေပေါ်လမ်းလျှောက်စဉ် စတာလင်ပေါင် ခြောက်သောင်းခွဲ တန်ကြေးရှိ ဝေလငါးအန်ဖတ်ကို တွေ့ရှိ
------ ------ ------ ------ -----
အသက် ၆၇ နှစ်အရွယ် အယ်လန်ဒဲရစ်ခ်နှင့် သားဖြစ်သူ ၃၉ နှစ်အရွယ် တွမ်တို့နှစ်ဦးသည် အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Sand Point ကမ်းခြေတွင် လမ်းလျှောက်နေစဉ် ရှားပါးဝေလငါး အန်ဖတ်ကို ကောက် ရခဲ့သည်။ အနံ့ရှိ၍ ဖယောင်ကဲ့သို့သော အစိုင်အခဲတခုကို တွမ်ကတွေ့ရှိခဲ့ပြီး ငါးဖမ်းဝါသနာရှင် အယ်လန်က သတင်းစာတွင်မြင်ဖူးသော ဝေလငါးချေးဟု ထင်မှတ်ခဲ့သည်။ ထို့နောက် အဆိုပါအစိုင်အခဲကို တွမ်၏နေအိမ်၌ စမ်းသပ်ခဲ့ရာ ရေမွှေးထုတ်လုပ်ရာတွင် အသုံးပြုသော ဝေလငါးအန်ဖတ်ဖြစ်နိုင်ကြောင်း တွေ့ရှိရ၍ ဆက်လက် စမ်းသပ်မှုများပြုလုပ်ရန် အီတလီ၊ နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံများသို့ အပိုင်းအစငယ်များကို ပေးပို့ခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါ အစိုင်အခဲအား eBay ဈေးဝယ်ဝက်ဘ်ဆိုင်ပေါ်တွင် စတာလင်ပေါင် ခြောက်သောင်းခွဲဖြင့် လေလံတင်ထားသည်။

၂၀၁၃ ခုနှစ်က လန်ကက်ရှိုင်းယားတွင် တွေ့ရှိခဲ့သည် ဝေလငါးအန်ဖတ်သည်
၎င်းတို့တွေ့ရှိသောအစိုင်အခဲ၏ ထက်ဝက်ခန့်သာရှိသော်လည်း စတာလင်ပေါင်
တသိန်းနှစ်သောင်းဈေးခေါ်ခဲ့ကြောင်း ဖခင်ဖြစ်သူ အယ်လန်က ပြောသည်။
“ရာသီဥတုက သိပ်မကောင်းတော့ ငါးဖမ်းမထွက်ဘဲ လမ်းလျှောက်ထွက်ခဲ့တယ်။ အဲဒီမှာ ဒီအနံ့ရှိပြီး စိုထိုင်းထိုင်းအစိုင်အခဲကို တွမ်က တွေ့တယ်။ အဖေ ဒါဘာလို့ထင်သလဲလို့ မေးတော့ အေးငါထင်ထားတဲ့ ဟာဆိုရင်တော့ အသက်နဲ့လဲပြီးကာကွယ်ပေတော့လို့ ပြောလိုက်တယ်။ အနံ့ကတော့ ပြင်းပဲ”ဟု အယ်လန်က ပြောသည်။
ရေမွှေးထုတ်လုပ်ရာတွင် အသုံးပြုသောရှားပါး ဝေလငါးအန်ဖတ်သည် ယင်းသို့ အစိုင်အခဲအဆင့်ရောက်ရှိရန် နှစ်များစွာ အချိန်ယူသည်ဟု ဆိုသည်။ ဝေလငါးအန်ဖတ်သည် ကမ်းခြေပေါ်မရောက်မီ ပင်လယ်ထဲတွင် နှစ်များစွာမျောနေလေ့ရှိပြီး ပင်လယ်ဆားငံရည်နှင့် နေရောင်ခြည်တို့နှင့် ထိတွေ့ခြင်းကြောင့် ယင်းသို့ ဖယောင်းဆန်ဆန် အစိုင်အခဲအဖြစ်သို့ ရောက်ရှိခြင်းဖြစ်သည်။
“ရောင်းလို့ရတဲ့ပိုက်ဆံကို အလဟဿတော့ အဖြစ်မခံပါဘူး”ဟု အယ်လန်က ပြောသည်။
Ref;The Mirror

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။