ချုံကြားမှ ဘုံဖျားသို့ တက်လှမ်းလာခဲ့သည့် ဘီလျံနာများ
ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုဟ်တွေထဲက တစ်ချို့ဟာ ဆင်းရဲနွမ်းပါးတဲ့ ဘ၀တွေကနေမှ အောင်မြင် ကြွယ်ဝ လာသူတွေ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုဟ်(၁၇)ဦးဟာလည်း စိတ်ဓာတ်ကြံ့ခိုင်မှု၊ သတ္တိကောင်းမှုနဲ့ ကံကြမ္မာမျက်နှာသာပေးမှုအနည်းငယ်နဲ့အတူ သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀အခြေအနေကနေ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။
၁။ Roman Abramovich
ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ Roman Abramovich ကိုတော့ ချဲလ်ဆီးဘောလုံး အသင်းရဲ့ပိုင်ရှင်အဖြစ်နဲ့ အားလုံးကသိထားပြီးသားဖြစ်မှာပါ။ သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ (၈.၂)ဘီလီယံရှိပါတယ်။ Abramovich ကို ရုရှားနိုင်ငံတောင်ပိုင်းမှာ ဆင်းရဲသားမိသားစုက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အသက်နှစ်နှစ်အရွယ်မှာ မိဘမဲ့ဖြစ်ခဲ့ရပြီး ရုရှားနိုင်ငံမြောက်ပိုင်းမှာနေထိုင်တဲ့ သူ့ရဲ့ဦးလေးဖြစ်သူ ကမွေးစားခံခဲ့ရပါတယ်။ (၁၉၈၇)ခုနှစ်အတွင်း Abramovich ကျောင်းသားအရွယ်မှာ ပလတ်စတစ်အရုပ်တွေ ထုတ်လုပ်တဲ့အသေးစားလုပ်ငန်းလေးတစ်ခုကို စတင်ခဲ့ပြီး နောက်ပိုင်းမှာမှ လောင်စာဆီလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သူဟာ Sibneft လောင်စာဆီလုပ်ငန်းရဲ့ အဓိကဦးဆောင်သူဖြစ်လာပြီး ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး လောင်စာဆီကုမ္ပဏီကြီးအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူရဲ့ကုမ္ပဏီကို (၂၀၀၅)ခုနှစ်မှာ အစိုးရပိုင် Gazprom ကုမ္ပဏီသို့ ဒေါ်လာ (၁၃)ဘီလီယံနဲ့ ရောင်းချလိုက်ပါတယ်။ (၂၀၀၃)ခုနှစ်မှာ ချဲလ်ဆီးဘောလုံးအသင်းကို ၀ယ်ယူခဲ့ပြီး ကမ္ဘာအကြီးဆုံးဇိမ်ခံရွက်လှေကိုလည်း ဒေါ်လာသန်း(၄၀၀)လောက်အကုန်အကျခံပြီး ၀ယ်ယူနိုင်ခဲ့ပါတယ်။
၂။ Mohed Altrad
Montpellier rugby အသင်းဥက္ကဌဖြစ်သူ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် Mohed Altrad ဟာဆိုရင် ပြင်သစ်နိုင်ငံ ကို စတင်ပြောင်းရွှေ့လာခါစက တစ်နေ့ကို အစားတစ်နပ်သာစားပြီး ရုန်းကန်းခဲ့ရသူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၁)ဘီလီယံအထိရှိနေပြီ ဖြစ်ပါတယ်။ Altrad ကို ဆီရီးယားနိုင်ငံ သဲကန္တာရထဲမှာ ဆင်းဆင်းရဲရဲမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အမေဟာ အနိုင်ကျင့်ခံရပြီး သူ့ကိုမွေးဖွားခဲ့တာ ဖြစ်ပြီး ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Atrad ကို သူ့ရဲ့အဖွားဖြစ်သူက ကျွေးမွေး စောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ Altrad ဟာ တားဆီးပိတ်ပင်ခံခဲ့ရတဲ့ကြားက ကျောင်းကိုဖြစ်အောင်တက်ခဲ့ပြီး တက္ကသိုလ်တက်ဖို့အတွက် ပြင်သစ်နိုင်ငံကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူဟာ ကွန်ပျူတာသိပ္ပံပညာရပ်ကို PhD ဘွဲ့ရရှိသည်အထိ တစ်နေ့ကို အစားတစ်နပ်သာစားသုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်ကုမ္ပဏီတွေမှာ ၀န်ထမ်းအဖြစ်လုပ်ကိုင်ရင် အရှုံးပေါ်နေတဲ့ ငြမ်းစင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ၀ယ်ယူခဲ့ပါတယ်။ သူဟာ ဒီကုမ္ပဏီကို ကမ္ဘာ့ဦးဆောင် ငြမ်းစင်နဲ့ ဘိလပ်မြေဖျော်စက်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Altrad Group အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီး အောင်မြင်ချမ်းသာလာခဲ့ပြီဖြစ်ပါတယ်။
၃။ Kenny Troutt
Excel Communications ရဲ့တည်ထောင်သူ Kenny Troutt ဟာ အသက်အာမခံရောင်းစားပြီး ကျောင်းပြီး အောင် တက်ခဲ့ရသူဖြစ်ပါတယ်။ အခုဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ (၁.၅)ဘီလီယံရှိနေပါပြီ။ Troutt ဟာ အရက်ဖျော်စပ်သမားဖခင်လက်ထဲမှာ ကြီးပြင်းလာခဲ့တာဖြစ်ပြီး သူရဲ့ကျောင်းစရိတ်ကို သူကိုယ်တိုင် အသက်အာမခံလိုက်ရောင်းပြီး ရှာဖွေခဲ့ရပါတယ်။ (၁၉၈၈)ခုနှစ်မှာ Excell Communications ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပြီး (၁၉၉၆)ခုနှစ်မှာ အများပိုင်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။
၎။ Howard Schultz
ှStarbucks ကော်ဖီဆိုင်လုပ်ငန်းရဲ့ပိုင်ရှင်ဖြစ်သူ Howard Schultz ဟာ ဆင်းရဲသားတွေအတွက် အိမ်ရာထဲမှာ ကြီးပြင်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုကတော့ ဒေါ်လာ (၂.၉)ဘီလီယံဖြစ်ပါတယ်။ Schultz က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ သူဟာ ဆင်းရဲသားရပ်ကွက်အပြင်ဖက်က လူတွေရဲ့ချမ်းသာပျော်ရွှင်နေ တဲ့ ဘ၀ကိုကြည့်ပြီး ဘာကြောင့်သူတို့ဒီလိုနေနိုင်တာလဲဆိုတာကို အမြဲစဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။ Schultz ဟာ တက္ကသိုလ်ကို ဘောလုံးထူးချွန်ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရခဲ့ပြီး ဘွဲ့ရပြီးတဲ့နောက်မှာ ၀န်ထမ်း လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုင်ခွဲ(၆၀)လောက်သာရှိသေးတဲ့ Starbucks ကော်ဖီဆိုင်တစ်ခုကို ကြီးကြပ်ခွင့်ရ ခဲ့ရာကနေ ၁၉၈၇ ခုနှစ်မှာ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။ သူ့လက်ထဲမှာ Staubucks ကော်ဖီဆိုင်ဟာ ကမ္ဘာတစ်ဝှမ်းဆိုင်ခွဲပေါင်း (၁၆၀၀၀)ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၅။ Ken Langone
ဒေါ်လာ (၂.၈)ဘီလီယံ ချမ်းသာနေပြီဖြစ်တဲ့ ရင်းနှီးမြုပ်နှံသူ Ken Langone ဟာ ပိုက်ဆက်သမားဖခင်နဲ့ ကော်ဖီဆိုင်ဝန်ထမ်းမိခင်တို့က မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ Langone တက္ကသိုလ်တက်ရောက်နိုင်ဖို့အတွက် သူဟာ တောက်တိုမယ်ရအလုပ်မျိုးစုံလုပ်ခဲ့ရသလို မိဘတွေကလည်း အိမ်ကိုပေါင်ထားခဲ့ရပါတယ်။ (၁၉၆၈)ခုနှစ်မှာ Langone ဟာ Electronic Data Systems ကုမ္ပဏီကို Ross Perot နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး နောက်နှစ်နှစ်အကြာမှာတော့ Home Depot ကုမ္ပဏီကို Bernard Marcus နဲ့ ပူးပေါင်း တည်ထောင်ခဲ့နိုင်ခဲ့ပါတယ်။
၆။ Oprah Winfrey
ဆင်းဆင်းရဲရဲမွေးဖွားလာခဲ့ပေမယ့် ပထမဆုံးအာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ရုပ်သံတင်ဆက်သူ ဖြစ်လာခဲ့တဲ့ Oprah Winfrey ဟာ အခုဆိုရင် ပိုင်ဆိုင်မှုပမာဏ (၃)ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။ Winfrey ကို ဆင်းရဲသားမိသားစုက မွေးဖွားခဲ့တာဖြစ်ပေမယ့် တန်နက်စီတက္ကသိုလ်က ပညာသင်ဆုရရှိအောင် ကြိုးစားခဲ့ပါတယ်။ သူမအသက်(၁၉)နှစ်မှာ ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ရုပ်သံတင်ဆက်သူ ဖြစ်လာခဲ့တာပါ။ (၁၉၈၃)ခုနှစ်မှာ Winfrey ဟာ Chicago မြို့ကိုပြောင်းရွှေ့လာခဲ့ပြီး The Oprah Winfrey Show လို့နာမည်ကြီးတဲ့ Talk Show တစ်ခုရဲ့ ပင်တိုင်တင်ဆက်သူ ဖြစ်လာခဲ့ပါတယ်။
၇။ John Paul DeJoria
ဆံပင်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေရဲ့နောက်ကွယ်က ပုဂ္ဂိုဟ်တစ်ဦးဖြစ်သလို Patron Tequila ကုမ္ပဏီရဲ့ တည်ထောင်သူ John Paul DeJoria ဟာ လူငယ်လေ့ကျင့်ရေးစခန်းမှာကြီးပြင်းခဲ့ရပြီး ကားပေါ်မှာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူ့အသက် (၁၀)နှစ်မတိုင်ခင်မှာ မိသားစုကိုထောက်ပံ့ဖို့အတွက် ခရစ်စမတ်ကဒ်နဲ့ သတင်းစာလိုက်ရောင်းခဲ့ရပါတယ်။ ဒါပေမယ့် သူ့မိသားစုက မကျွေးမွေးနိုင်တော့တဲ့အတွက် လူငယ်စောင့်ရောက်ရေး ဂေဟာကိုပို့ခံခဲ့ရပြီး နောက်ပိုင်းမှာ စစ်တပ်အတွင်းအမှုထမ်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒေါ်လာ (၇၀၀)ချေးငွေရယူပြီး John Paul Mitchel လုပ်ငန်းကို စတင်ထူထောင်ကာ ခေါင်းလျှော်ရည်ကို အိမ်အရောက်လိုက်ရောင်းခဲ့ပါတယ်။ ဒီအချိန်တွေမှာ ကားပေါ်မှာပဲ နေထိုင်ခဲ့ရပြီး နောက်ပိုင်းမှာမှ Patron Tequila ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အခုလက်ရှိ ကြွယ်ဝမှုကို ဒေါ်လာ (၂.၉)ဘီလီယံ ခန့်ရှိပါတယ်။
၈။ Shahid Khan
အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုဟ်တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်နေပြီဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသား Shahid Khan ဟာ တစ်နာရီကို (၁.၂)ဒေါ်လာနှုန်းနဲ့ ပန်းကန်ဆေးတဲ့အလုပ်လုပ်ခဲ့ရဖူးပါတယ်။ သူဟာ ပါကစ္စတန်ကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာကာစမှာ အီးလိနွိုက်တက္ကသိုလ်တက်ဖို့အတွက် ပန်းကန်ဆေးတဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။ အခုဆိုရင်တော့ အမေရိကန်မှာ အကြီးဆုံးပုဂ္ဂလိကပိုင် ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Flex-N-Gate ကုမ္ပဏီကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သလို Jacksonville Jaguars ဘက်စကက်ဘောအသင်းနဲ့ ဖူဟမ် ဘောလုံးအသင်းတို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ကြွယ်ဝမှုကို ဒေါ်လာ (၄.၄)ဘီလီယံရှိပါတယ်။
၉။ Do Won Chang
Forever 21 ရဲ့တည်ထောင်သူ Do Won Chang ဟာ အမေရိကန်ပြည်ထောင်စုကို စတင်ပြောင်းရွှေ့လာချိန်မှာ တံခါးစောင့်၊ ဓာတ်ဆီဆိုင်အရောင်းသမားနဲ့ ကော်ဖီဆိုင်ဝန်ထမ်းတို့ လုပ်ခဲ့ဖူးပါတယ်။ ကိုရီးယားနိုင်ငံကနေပြောင်းရွှေ့လာခါစမှ တစ်လနဲ့တစ်လအလျှင်မှီဖို့အတွက် အလုပ်သုံးခုလုပ်ခဲ့ရပြီး ကိုယ်ပိုင်အ၀တ်အထည်ဆိုင်ကို (၁၉၈၄)ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် Forever 21 စတိုးဆိုင်ဟာ နိုင်ငံတကာမှာ ဆိုင်ခွဲပေါင်း (၄၈၀)အထိဖွင့်လှစ်နိုင်ခဲ့ပြီး တစ်နှစ်ကို ရောင်းအား (၃)ဘီလီယံအထိရှိနေပြီဖြစ်ပါတယ်။ Do Won Chang ရဲ့ပိုင်ဆိုင်မှုကလည်း ဒေါ်လာ (၆.၅)ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။
၁၀။ Ralph Lauren
ဒေါ်လာ (၆.၈)ဘီလီယံ ချမ်းသာတဲ့ Ralph Lauren ဟာ Brooks Brothers ကုမ္ပဏီမှာ စာရေးလုပ်ခဲ့ရသူ ဖြစ်ပါတယ်။ Lauren ဟာ နယူးယောက်မြို့မှာ အထက်တန်းကျောင်းပြီးခဲ့ပြီး ကောလိပ်ကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ Brooks Brothers မှာ အလုပ်လုပ်ရင်း အမျိုးသားလည်စီးတွေနဲ့ပတ်သက်ပြီး ဒီဇိုင်းအသစ်တွေထုတ်လုပ်ရင် အောင်မြင်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး (၁၉၆၇)ခုနှစ်မှာ ဒေါ်လာငါးသိန်းဖိုးတန်ကြေးရှိတဲ့ လည်စီးတွေ ရောင်းချနိုင်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ သူဟာ Polo အမှတ်တံဆိပ်အ၀တ်အထည်ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။
၁၁။ Lakshmi Mittal
အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ပြည်နယ်က ဆင်းရဲသားမိသားစုမှာ မွေးဖွားလာခဲ့တဲ့ Lakshmi Mittal ဟာ သံမဏိလုပ်ငန်းနယ်ပယ်ထဲမှာ ဆယ်စုနှစ် (၂)ခုလောက်ကြာအောင် အလုပ်မျိုးစုံလုပ်ခဲ့ရပါတယ်။ အခုဆိုရင်တော့ Mittal ဟာ ကမ္ဘာ့အကြီးဆုံးသံမဏိလုပ်ငန်းကြီးတစ်ခုကို လုပ်ကိုင်နေနိုင်ပြီဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ (၁၂.၃)ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။
၁၂။ Francois Pinault
အ၀တ်အထည်နဲ့ ဖက်ရှင်လုပ်ငန်းစုကြီးဖြစ်တဲ့ Kering ရဲ့ဦးဆောင်သူဖြစ်တဲ့ Pinault ဟာ အရမ်းဆင်းရဲလွန်းတဲ့အတွက် တခြားကျောင်းသားတွေက စနောက်ကြတာကြောင့် ကျောင်းထွက်ခဲ့ရသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်တွေဖြစ်တဲ့ Gucci, Stella McCartney, Alexander McQueen စတဲ့ ဖက်ရှင်လုပ်ငန်းတွေ လုပ်ငန်းစုပိုင်ရှင် ဖြစ်နေပါပြီ။ ပိုင်ဆိုင်မှု (၁၄.၂)ဘီလီယံနဲ့ ဘီလျံနာစာရင်းဝင်ခဲ့ပါပြီ။
၁၃။ Leonardo Del Vecchio
Leonardo Del Vecchio ဟာ မိဘမဲ့တစ်ဦးဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ရသူဖြစ်ပါတယ်။ Del Vecchio ဟာ မုဆိုးမမိခင်က မကျွေးမွေးနိုင်တော့တဲ့အတွက် မိဘမဲ့ဂေဟာကို အပို့ခံခဲ့ရတာဖြစ်ပြီး ကားပစ္စည်း အစိတ်အပိုင်းတွေနဲ့ မျက်မှန်ကိုင်းတွေထုတ်လုပ်ဖို့ ပုံစံခွက်တွေလုပ်ဆောင်ပေးတဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ အသက်(၂၃)နှစ်မှာတော့ Del Vecchio ဟာ ကိုယ်ပိုင်ပုံလောင်းလုပ်ငန်းကို တည်ထောင် နိုင်ခဲ့ပြီး နောက်ပိုင်းမှာ Ray-Ban နဲ့ Oakley တို့လို့ နာမည်ကြီး မျက်မှန်အမှတ်တံဆိပ်တွေထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး မျက်မှန်ထုတ်လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နိုင်နေပြီဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ ပိုင်ဆိုင်မှုက (၂၄.၁)ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။
၁၄။ George Soros
ကုန်သည်တစ်ဦးဖြစ်တဲ့ George Soros ဟာ ဟန်ဂေရီနိုင်ငံကို နာဇီတပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်မှုမှာ အသက်ရှင်ကျန်နေခဲ့သူဖြစ်ပြီး လန်ဒန်မြို့ကို ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားတစ်ဦးအဖြစ်နဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ (၁၉၄၇)ခုနှစ်မှာ Soros ဟာ သူ့ရဲ့အမျိုးတွေရှိတဲ့ လန်ဒန်မြို့ကို ထွက်ပြေးလာခဲ့ပြီး စားပွဲထိုးနဲ့ ရထားဘူတာမှာ အထုပ်အပိုးပို့ပေးသူအဖြစ်နဲ့ အလုပ်လုပ်ရင်း လန်ဒန်စီးပွားရေးကျောင်းကို တက်ခဲ့ရပါတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ နယူးယောက်မြို့မှာ လောင်းကစားဒိုင်တစ်ဦးအဖြစ်အလုပ်ရရှိခဲ့ပြီး အောင်မြင်ချမ်းသာလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကတော့ ဒေါ်လာ (၂၄.၂)သန်းရှိပါတယ်။
၁၅။ Li Ka-shing
ပလတ်စတစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းနဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေနဲ့ အောင်မြင်ချမ်းသာ လာခဲ့တဲ့ Li Ka-shing ဟာလည်း မိသားစုကိုထောက်ပံ့ဖို့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရသူဖြစ်ပါတယ်။ (၁၉၄၀) ခုနှစ်တွေမှာ တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သူ့အသက်(၁၅)နှစ်မှာ ဖခင်ကွယ်လွန်သွားခဲ့တဲ့အတွက် မိသားစုကို ထောက်ပံ့ဖို့ ပညာရေးကို စွန့်လွှတ်ခဲ့ရပါတယ်။ (၁၉၅၀)ခုမှာ သူ့ရဲ့ကိုယ်ပိုင် Cheung Kong စက်မှုလုပ်ငန်းကို စတင်ထူးထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှုက (၂၇.၁)ဘီလီယံအထိရှိနေပြီ ဖြစ်ပါတယ်။
၁၆။ Sheldon Adelson
Adelson ဟာ အငှားယာဉ်မောင်းတစ်ဦးရဲ့ သားဖြစ်ပြီး အသက်(၁၂)နှစ်မှာ သတင်းစာရောင်းတဲ့အလုပ်ကို စတင်လုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ Adelson ဟာ စီးပွားရေးလုပ်ငန်းအသေးစားတွေကို အများသိစေကူညီပေးတာ၊ သတင်းစာကြော်ငြာရောင်းတာနဲ့ ကုန်စည်ပြပွဲတွေ ကျင်းပတာတို့တွေကို လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာမှာအကြီးဆုံး ကာစီနိုကုမ္ပဏီဖြစ်တဲ့ Las Vegas Sands ကိုတည်ထောင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ (၂၉.၅)ဘီလီယံရှိနေပြီ ဖြစ်ပါတယ်။
၁၇။ Larry Ellison
Software ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Oracle ရဲ့ တည်ထောင်သူ Larry Ellison ဟာ ဖခင်ဘယ်သူမှန်းမသိပဲ မွေးဖွားလာခဲ့တာဖြစ်ပြီး မိခင်သေဆုံးချိန်မှာ ကြုံရာကျပန်းအလုပ်တွေကို (၈)နှစ်ကြာအောင်လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ (၁၉၇၇)ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံးနည်းပညာလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Oracle ကို တည်ထောင်နိုင်ခဲ့ပြီး ပိုင်ဆိုင်မှု ဒေါ်လာ (၄၉.၈)ဘီလီယံအထိ ကြွယ်ဝလာခဲ့ပြီဖြစ်ပါတယ်။
GM ရဲ့ တခြား ထင်ပေါ်ကြော်ကြားသော သူများနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/people/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================https://mmgentleman.com/2015/11/12/9-4/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။