ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ရာထူး အပြောင်းအလဲ နှင့် အဖွားအိုရဲ့ ကျိန်စာ
=========================================
ယမန်နေ့ က နေပြည်တော်ရှိ ခမ်းနားထယ်ဝါလှသော ပါတီ အဆောက်အအုံကြီးအတွင်း ကျင်းပခဲ့သော ပါတီညီလာခံ ကြီးတွင် လက်ရှိ ဥက္ကဌ ဖြစ်သူ ဦးသိန်းစိန် နှင့် ဦးဌေးဦးတို့မှ ပါတီ ဥက္ကဌ ရာထူးမှ နှုတ်ထွက်ပြီး ခေါင်းဆောင်မှု ကို ယခင် စွမ်းအင် ၀န်ကြီး နဲ့ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်မှုးချုပ်ဟောင်း သန်းဌေးကို လွှဲပြောင်းပေးအပ် လိုက်ပါတယ်။ ၎င်းတို့ နှစ်ဦးကတော့ ပါတီ အကြံပေး နာယက များ အဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့ သိရပါတယ်။
ဦးသိန်းစိန် က နောက်ဆုံး ပါတီ ဥက္ကဌ အဖြစ် ပြောကြားခဲ့သော နောက်ဆုံး မိန့်ခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ကို ပြန်လည် သုံးသပ်ခြင်း၊ ပါတီ တွင်း အဆင့်ဆင့် တွင် ပြုပြင် ပြောင်းလဲမှုများ ဖေါ်ဆောင်ရေး၊ မျိုးဆက်သစ် များ နဲ့ အတူ လုပ်ကိုင်ပြီး ပါတီ တွင်း စည်းလုံးညီညွတ်မှု ခိုင်မာ တောင့်တင်းအောင် ပြုလုပ်ရေး တို့ ကို ပြောကြားသွားကြောင်း ဒီမိုကရေစီ စနစ်တွင် အမြဲရှုံးသော ပါတီ မရှိ။ အမြဲ နိုင်သော ပါတီ မရှိဟု စိတ်အား တက်ကြွဖွယ် ပြောသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများတွင် ဟာသ တခု သဖွယ် ဖြစ်သွားစေခဲ့ရပါတယ်။
သို့သော်လည်း ရွေးကောက်ပွဲ တခုတွင် မိမိတို့ ပါတီ အား မရှုမလှ ရှုံးနိမ့်အောင် ဖြစ်စေခဲ့ရသည့် အတွက် ပါတီ ခေါင်းဆောင်မှု ကို စွန့်လွှတ် ပေးခဲ့သည့် စိတ်ဓါတ်ကား နိုင်ငံတကာ ရှိ နိုင်ငံရေး ပါတီ များရဲ့ လုပ်ရပ်အတိုင်း ဖြစ်တာမို့ ချီးကျူးဖို့ ကောင်းတယ်လို့ ဆိုရပါမယ်။
သို့သော်လည်း ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်ရေးသည် ရုပ်ပိုင်းဆိုင်ရာ များကိုသာ မက စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ပါ ပြောင်းလဲရန် လိုနေသည်ကို ပြည်ခိုင်ဖြိုး ပါတီ မှ အကောင်းဆုံး သက်သေ ခံလျက် ရှိပါတယ်။
အဘယ်ကြောင့်ဆိုသော် ပါတီ ဥက္ကဌ အသစ် ဖြစ်သူ ဦးသန်းဌေး ဆိုသူသည် ဆိုရှယ် မီဒီယာ များနှင့် စိမ်းနေသူ မဟုတ် ထင်ရှားခဲ့ဖူးသူ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ခွင့် ပေးလိုက်သည့် ဒုတိယ မြောက်နေ့တွင်ပင် ၎င်း၏ လက်ရှိ မဲဆန္ဒနယ်မြေ ဖြစ်သော မြန်အောင်တွင် မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း အောက်ပါအတိုင်း ပြောကြား သွားခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ စကားသည် ပြည်ခိုင်ဖြိုး ပါတီ အတွက် ဗွေဆော်ဦး ကျဆုံးခန်း ဖြစ်အောင် ဖန်တီး လိုက်သလို ဖြစ်သွားခဲ့ရပါတယ်။
‘ကျွန်တော် တစ်လ သိန်း ၃၀ ရတယ်၊ နိုင်ငံခြားကို တလ ၁၀ ခေါက်လောက် အပျော်ခရီး ထွက်လို့ရတယ်၊ ခုချိန် အိမ်မှာ အေးအေးနေလို့ရတယ်၊ ခု ခင်ဗျားတို့ အတွက်လာတာ၊ ခင်ဗျားတို့ ကျွန်တော်ကို ယုံကြည်ရင် မဲထည့်၊ မယုံရင် မထည့်နဲ့၊ ထည့်မယ်ဆိုရင် လမ်းတွေ ခင်းပေးမယ်’
ဒီလို အပြောအဆိုတွေ မဲရမယ်လို့ ယုံကြည်နေတဲ့ သူ ဖြစ်တာကိုက ပြည်သူတွေရဲ့ အသိညဏ် ကို လူသား တယောက်တွင် ရှိသင့်ရှိထိုက်သော အသိညဏ် မရှိဖူးဆိုတာ ယုံကြည်နေသူ ဖြစ်ကြောင်း ညွှန်းဆို ပြသနေပါတယ်လို့သာ ဝေဖန်ချက် ပေးလိုပါတယ်။ သို့သော် ပါတီ ညီလာခံ အတွင်း ထိုကဲ့သို့သော ဆိုးဝါးခဲ့သည် ပါတီ ပုံရိပ်ကို ပြုပြင်ပြောင်းလဲရေး အဓိက လိုအပ်နေသည့် အတွေး အခေါ် ခံယူချက်များ ပြောင်းလဲရေး ကိုကား မည်သူမျှ အရေးတယူ ဆွေးနွေးရန် လိုသည့် ကိစ္စဟု သတ်မှတ် ခဲ့ကြပုံမရပေ၊
ဒီနေရာမှာ အလျင်းသင့်လို့ ကျွန်တော် ရွေးကောက်ပွဲ ကာလ အတွင်း ရေးခဲ့ဖူးတဲ့ 'ကျိန်စာ" ဆိုတဲ့ စာစု ကို ပြန်လည် ဝေငှ ပေးလိုက်ပါတယ်။
ကျိန်စာ
=====
"နင်တို့လို မင်းဆိုး မင်းညစ်တွေနဲ့ ရောက်လေရာ ဘ၀မှာ မဆုံပါရစေနဲ့"
အဆိုပါ အဖွားအို၏ ကြောက်မက်ဖွယ်ရာ ငိုကြည်းချက်မနှင့် မြည်ကြွေးသံကြီးကား မြန်မာတမျိုးသားလုံး၏ ရင်တွင်း ဆန္ဒကို အတိအကျ ထင်ဟတ် ပြသ လိုက်ခြင်းပင် ဖြစ်ပေသည်။
ဟုတ်တော့လည်း ဟုတ်ပေသည်။ နိုင်ငံရေး ဆို၍ နကန်းတလုံးမျ မသိသော၊ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အမျိုးသမီးသည် တခါက ၎င်းတို့ လွန်စွာ အားကိုးအားထားပြုခဲ့ရသည့် ဗိုလ်ချူပ်အောင်ဆန်းဆိုသူ၏ သမီး ဖြစ်သည်က လွဲ၍ ဖြူ သလား မဲသလားပင် မမြင်ဘူးရှာကြသော လွန်စွာ ရိုးသားသော တောင်သူ များ ဖြစ်ကြပေသည်။
သို့သော် တတိုင်းပြည်လုံး.ရွှေရည်စိမ် ဒီမိုကရေစီ ကြီး ပေးကာ တိုင်းပြည် ဖြူကာပြာကာ ကျသည့်အထိ ဝေခြမ်း ရောင်းချ စားသောက်ယုံဖြင့် အားမရသော လောဘသား စစ်ဘီလူးများက အဖွားအို အပါအ၀င် ရိုးသားသော တောင်သူများ ကို ပင် ချမ်းသာ မပေးခဲ့ကြပေ။ ၎င်းတို့ ဓါးမ ဦးချ လုပ်ကိုင်လာကြသည့် လယ်ယာမြေ များ ကို သိမ်းပိုက်ရန် လက်နက်ကိုင်များ စေလွှတ်ခဲ့သည့် အဖြစ်ကို အဆိုပါ အဖွားအိုတယောက် အဘယ်သို့များ တွန်းလှန်နိုင်သော ခွန်အား ရှိပေမည်နည်း။
အဖွားအိုတွင် သာမက ပေ။ တနိုင်ငံလုံးက
ရန်သူမျိုးငါးပါးတွင် မီးဘေး၊ လေဘေး၊ ရေဘေး အပြင် အဆိုပါ လူမနိုင်မသားများနှင့် ဖွဲ့စည်းထားသော အစိုးရ ဆိုသည်ချည်းကိုလည်း ကြုံတွေနေရသဖြင့် ဗျာများနေရရှာသော လူထုကြီးမှာ ယင်း အစိုးရ ဆိုသူများက စိတ်လိုလက်ရရှိတိုင်း အကျဉ်းထောင်မှ ထုတ်လွှတ်ပေးတတ်သည့် လူဆိုးဒမြ ရန်ကိုပါ နောက်ထပ်ကြုံတွေနေရကား ရန်သူမျိုး ငါးပါး ဆိုသည်မှာ ပြည့်ယုံတင်မက လျံပင်ကျနေရသည့်
ဒဏ်ကို တတိုင်းပြည်လုံး ကျောကော့အောင် အလူးအလဲ ခံစားနေရချိန်လည်း ဖြစ်နေရပေသည်။
ထိုမတရားမှုများကို ရှေ့တန်းမှ ရွတ်ရွတ်ခ္ဈံခ္ဈံ ခုခံပြောဆိုခဲ့ကြသည့် များပြားလှစွာသော ဗမာ့သားကောင်း၊ သမီးကောင်း များစွာတို့သည်လည်း အကျဉ်းထောင် အသီးသီးတွင် စံမြန်းနေကြရပြန်သည်။
ထိုသို့သော အခါသမယ တွင် ၎င်းတို့အား နောက်ထပ် ဆက်လက် အုပ်ချူပ်ခွင့် ပေးကြပါရန် အဆိုပါ လူမနိုင်မသားများက အရှက်ကင်းမဲ့လှစွာ တစာစာ အော်ဟစ် တောင်းဆိုနေကြပေတော့သည်။
အေးချမ်းစွာ တောင်းဆို၍ မရက လူဆိုး လူမိုက်များ ဖြစ်သည့် အားလျော်စွာ အမျိုးမျိုးသော ညစ်နည်းပေါင်းစုံ သုံး၍ ညစ်ကြရန်လည်း အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်နေပေသည်။ ထိုမျနှင့် မလုံလောက်က ၎င်းတို့ ၏ ရိက္ခာတော် ဖွတ်မွဲဖြင့် မသဒ္ဒါ ရေစာ ကြွေးထားပြီး ထားရာနေ စေရာသွား ဖြစ်နေရသည့် တပ်မတော် ကို ယခင် အတိုင်း အသုံးချကြရန်လည်း မိုက်မဲလှစွာ ညှိနှိုင်း တိုင်ပင်ထားကြပြီးလည်း ဖြစ်သည်။
အဆိုပါ အန္တရယ် အမျိုး မျိုး နှင့် ကြောက်ခမန်းလိလိ ကြုံတွေ့နေရသည့် အချိန်တွင် ဗမာလူမျိုး များတွင် ဖြစ်တတ်သော မညီညွတ်မှုများနှင့် ခေါင်းဆောင် တဦးတယောက်၏ ဦးဆောင်မှုကို မခံယူလိုခြင်းဟူသော ငါမြင်းငါဆိုင်း စိတ်ဓါတ်များဖြင့် ပါတီ အသီးသီး ဖွဲ့ကာ တစင်ထောင်လာကြပြန်ပေသည်။ အသားထဲက လောက်ထွက်ကာ ညီညွတ်မှု စတင် ပျက်ပြားလာနေကြပြီး ဘုံရန်သူကို အပြီးအပိုင် ဖယ်ရှားနိုင်မှသာ ဗြမ္မာစိုတရား လောကပါလ တရားများ ထွန်းကားသော တိုင်းပြည် ဖြစ်လာမည့် အရေးကို မစောင့်ဆိုင်းနိုင်ဖြစ် ကြပြန်သည်ကို ၀မ်းနည်းဘွယ် တွေ့မြင်နေရပေတော့သည်။ ထိုအရေးတော်ပုံကြီး ပျက်ယွင်းသွားပါက မြန်မာ့သမိုင်းသည် ဆက်လက် သွေးစွန်းနေဦးမည်သာ။
သို့အတွက် တိုင်းပြည်ကြီး ပျက်စီးခြင်းငါးပါး ဆိုက်ကာ ၎င်းတို့၏ ခြေဖ၀ါး အောက်တွင် ဆက်လက်ဒူးထောက်ဝပ်ဆင်းကြရမည့် အရေးကို ကောင်းစွာ သိမြင် သဘောပေါက်ကာ ထိတ်လန့်လာကြသော လူအများစုကြီးကား ခွပ်ဒေါင်း ကြယ်ဖြူ အလံတော်အောက်ဝယ် တညီတညွတ်တည်း ခိုဝင်လာကာ တော်လှန်ရေးကို အရိုးကြေကြေ အရေ ခမ်းခမ်း ပြီးဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်ရန် သံဓိဌာန် ချထားပြီး ဖြစ်သည်ဆိုသည့် အချက်က အနာဂါတ် မြန်မာနိုင်ငံတော်ကြီး နှင့် အဖွားအိုအတွက် မျော်လင့်ချက် ရောင်ခြည်ပင် ဖြစ်ပေတော့သည်။
HSW

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။